Tuesday, June 16, 2009

မြန်မာ နိုင်ငံသားများ ပြည်ပ ရွှေ့ပြောင်းခြင်းဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်

NEJ / ၁၆ ဇွန် ၂၀၀၉

အိမ်နီးချင်း နိုင်ငံများ သို့ သန်း နှင့်ချီ ရောက်ရှိ နေသည့် မြန် မာ နိုင်ငံ သားများ၏ လူမှု စောင့်ရှောက်ရေး အခွင့် အရေးများ ကို နိုင်ငံ တကာက အာရုံစိုက်မှု ရရှိနိုင်ရန် ရည်ရွယ်၍ ကရင် လူ့အခွင့် အ ရေးအဖွဲ့ (KHRG) က မတော် မတရား ပြုခြင်း၊ ဆင်း ရဲခြင်း နှင့် ရွှေ့ပြောင်း ခြင်း ဆိုင်ရာ (Abuse, Poverty and Migration) အစီရင် ခံစာ တစောင်ကို ယနေ့ စတင်ဖြန့် ဝေသည်။

စာမျက်နှာ (၅၈) မျက်နှာပါ ယင်း အစီရင် ခံစာနှင့် ပတ်သက်၍ (KHRG) အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ နော်စက်တင် ဘာ ဖော က “မြန်မာ နိုင်ငံ သားတွေ ဘာဖြစ်လို့ သူများ နိုင်ငံမှာ အလုပ်သွား လုပ်ရတာ လဲ။ မြန်မာ ပြည်က ထွက်လာ ရတဲ့ အကြောင်းရင်း ကို သုတေ သန လုပ်ထားပြီး ဒီအစီ ရင်ခံစာ ကို ထုတ်ဝေ ရတာဖြစ် တယ်။ ဒီစာအုပ်ရဲ့ သုတေသန ပြုချက်အရ ဘန်ကောက် တခုတည်း မှာပဲ မြန်မာ ရွှေ့ ပြောင်း အလုပ် သမား (၁) သန်းကနေ (၃) သန်း အထိ ရှိတယ်။ သူတို့ ထွက်လာ ရတဲ့ အဓိက အကြောင်းရင်း ကတော့ မြန်မာ ပြည်မှာ မတရား ခေါင်းပုံဖြတ်ခံ ရတယ်။

ဥပမာ ပေါ်တာထမ်းရတယ်၊ မထမ်းနိုင်ရင် ပိုက်ဆံ ဘယ်လောက်ပေးရမယ်ဆိုပြီး ခြောက်လှန့်ငွေညှစ်တာတွေ၊ ပစ္စည်းတွေ အဓမ္မသိမ်းယူတာတွေ၊ မတော်မတရားပြုတာ ခံရတာတွေကြောင့် မြန်မာပြည်က ထွက်ပြေးလာရတဲ့ အကြောင်းတွေကို ဖော်ပြထားတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ အစီရင်ခံစာတွင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ တရုတ်နှင့် စင်ကာပူ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား (၃) သန်းခွဲခန့်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ (၇) ရာခိုင်နူန်း ရှိသည်ဟု ဖော်ပြထားကြောင်း ၎င်းက ပြောသည်။

မိမိအိုးအိမ်ကို စွန့်ခွာပြီး တိုင်းတပါးသို့ ထွက်ခွာလာသည့် အကြောင်းရင်းများအနက် ဆင်းရဲနွမ်းပါးခြင်း၊ အသက်မွေး ၀မ်းကြောင်းမှု လုံခြုံစိတ်ချရမှုမရှိခြင်းနှင့် ငွေကြေးပြဿနာများကြောင့် ဖြစ်သည်ဟုလည်း အစီရင်ခံစာ အချက်အလက်များနှင့်ပတ်သက်၍ နော်စက်တင်ဘာဖောက ပြောသည်။

၎င်းက “ဒီအစီရင်ခံစာပါတဲ့ အချက်အလက်တွေက လူ (၁၅၀) ကို တွေ့ဆုံမေးမြန်းထားတာဖြစ်တယ်။ အဲ့ဒီထဲက (၇၅) ရာခိုင်နှုန်းကနေပြီးတော့ သူတို့ရဲ့ မတော်မတရား အပြုခံရတဲ့ ဘ၀အတွေ့အကြုံတွေကို ပြောပြတာဖြစ်တယ်။ ဒါကြောင့် အတိအကျ ပြောနိုင်တာပါ။ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးစေခိုင်းမှုဟာ အခုဆိုရင် ပိုပြီးတော့တောင် များလာတယ်။ ဒီလဆန်းမှာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်က လူတွေ ထိုင်းဘက် ထွက်ပြေးလာတာကို ဆက်စပ် ကြည့်လို့ရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှပြည်ပသို့ရောက်နေကြသည့် မြန်မာနိုင်ငံသားများသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများထံမှ တစုံတရာ အကူအညီပေးမှု မရရှိသည့်အတွက် ဖြစ်ကြောင်း၊ ၎င်းတို့ကို မည်သည့်လူမှုစောင့်ရှောက်ရေးအဖွဲ့များကမှ အကာအကွယ် စောင့်ရှောက်မှု ပေးနိုင်သည့် အသိုင်းအ၀ိုင်းထဲသို့ ထည့်သွင်းပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

မတရားပြုမှုများနှင့် ပြည်နှင်ဒဏ်ပေးမှုများကို ကြုံတွေ့ရသဖြင့် အဆိုပါ လူများကို အကူအညီနှင့် အကာအကွယ်များ ပေးနိုင်မည့် လူမှုစောင့်ရှောက်ရေး အခွင့်အရေးတရပ် ပေါ်ပေါက်လာရေးနှင့် ၎င်းတို့ကို အာရုံစိုက်ခံရမှု ရရှိလာစေရေး အတွက် ယခုအစီရင်ခံစာကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း နော်စက်တင်ဘာဖောက ပြောသည်။

နိုင်ငံတကာက သိရှိနိုင်ရန်အတွက် အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာကို အလိုရှိသူများအနေဖြင့် KHRG အဖွဲ့၏ အီးမေးလ်လိပ်စာ khrg@khrg.org ဖြင့် ဆက်သွယ်တောင်းယူနိုင်သည်။

အစီရင်ခံစာ ဖြန့်ချိသည့် သတင်းစာရှင်းလင်းပွဲကို KHRG အဖွဲ့က ယနေ့နံနက် (၁၀) နာရီတွင် ဘန်ကောက်မြို့ရှိ နိုင်ငံတကာ သတင်းထောက်များအသင်းတွင် ကျင်းပပြုလုပ်သည်။

No comments: