Tuesday, June 9, 2009

ဒေါ်အောင်ဆန်းစုကြည် ဘက်မှ သက်သေတဦး တင်သွင်းခွင့်ရ

NEJ / ၉ ဇွန် ၂၀၀၉

ယနေ့ တရား ခွင်တွင် ဒေါ်အောင်ဆန်း စုကြည် ဘက်မှ သက် သေ တဦး ကို ရန်ကုန်တိုင်း တရား ရုံးက ထပ်မံ တင်သွင်း ခွင့် ပြုလိုက် သည်။

အဆိုပါ သက်သေ ခံခွင့် ပြင်ဆင် မှုတွင် ပါဝင်သော သက်သေ (၃) ဦး အနက် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နှင့် ဗဟို အလုပ် အမှု ဆောင် အတွင်း ရေးမှူး ဦးဝင်းတင် တို့ကို ရန်ကုန်တိုင်း တရား ရုံးက ပယ်ချ လိုက်ကာ ဒေါ်ခင်မိုးမိုး ကို သက်သေ ထွက်ဆို ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်း တရား ရုံးက ဦးတင်ဦး၊ ဦးဝင်းတင် တို့ကို ဘာကြောင့် လက်မခံ ရသလဲ ဆိုတာကို သီးခြား ပြောတာ မရှိဘူး။ ဒီနှစ်ဦး နဲ့ ပတ်သက်ပြီး တော့ အောက်ရုံးရဲ့ ဆုံးဖြတ် ချက်ကို ပြင်ရန် အကြောင်း မရှိဘူး လို့ပဲ ပြောတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့်ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထား ခဲ့ရာ ယနေ့ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦး ထွက်ဆိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အခုလို ဦးဝင်းတင်တို့ကို ပယ်ချလိုက်တဲ့အတွက် ကျနော်
တို့ ထပ်မံ အယူခံတင်သွင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေရေးရာအရ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ခွင့်ပြုချက်ရထားပြီးသားပါ” ဟု ပြောသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေလိုက်ခွင့်မရသည့်အကြောင်းမှာ လုံခြုံရေးအကြောင်းပြချက်များနှင့် ပြင်ပတွင် လှုပ်ရှားနေသည့် လှုပ်ရှားမှု များအရ ဖြစ်နိုင်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

“ကျနော်ကျတော့ အန်အယ်လ်ဒီမှာ အကြောင်းအခြေအနေအရ တတ်နိုင်သလောက် ပြောဆိုနေရတာရှိတယ်။ ကျနော်လှုပ်ရှားနေတယ်။ လူတွေကြားထဲမှာ ထွက်နေတယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က ရှိခဲ့တဲ့ အာဏာဖီဆန်ရေးဆိုတဲ့ လိုင်းတွေအတိုင်းပဲ ကျနော်က အဲဒါတွေရဲ့ ပဲ့တင်သံလိုဖြစ်နေတယ်လို့ သူတို့က စွပ်စွဲတယ်ပေါ့ဗျာ။ ဦးဝင်းတင်ဟာ အာဏာဖီဆန်ရေးလိုင်းတို့၊ မတရားတဲ့အမိန့်အာဏာဟူသမျှ ဖီဆန်ကြလိုင်းတို့၊ နောက်တခါ ရှစ်လေးလုံးကာလတုန်းက ဆန္ဒတွေဖော်ထုတ်ကြဆိုတဲ့ ဆန္ဒဖော်သံဆိုတဲ့စာစောင် ကျနော်က ထုတ်ဖူးတာကိုး။ ဆိုတော့ ဒီအသံတွေအတိုင်း ဒီနေ့ပြောနေတဲ့စကားဟာ ဆန္ဒပြတာမဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တယ် ဆိုတဲ့ဟာတွေ ကျနော်သုံးတယ် ဘာညာ ဆိုပြီးတော့ ဖြစ်နေတဲ့အခါကျ ကျနော်က အဲလို ငြိနေတယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှာလည်း ထိန်းသိမ်းခံနေရသည့်အတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ခြင်းဖြစ်နိုင်သည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “သူတို့ရဲ့အကြောင်းပြချက်က ဖမ်းဆီးထားတဲ့ပုဂ္ဂိုလ်တွေကို အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ပယ်တယ်ပေါ့ဗျာ။ တရား ဥပ ဒေ အရ တော့ တရားခံပြသက်သေကို ဘယ်သူ့ဖြစ်ဖြစ် ခေါ်ပေးရမယ့်ဝတ္တရားရှိတယ်။အခုကျ တော့ တရား မျှတစွာ စီရင်ရေးကို ပျက် ပြား စေနိုင် တယ်ဆိုပြီး တော့ တရား မျှတမှုကို ပျက်ပြားစေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ကို တင်နေတယ် ကျနော်ထင်တယ်ဗျ” ဟု ပြောသည်။

“အန်အယ်လ်ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုနဲ့ ကျနော်တို့ ချိတ်မိမှာစိုးတယ်ပေါ့ဗျာ ဆိုတဲ့အသံတွေ ထွက်နေတာဟာ အစိုးရ အသံ မဟုတ်တောင် အစိုးရတပိုင်းအသံတွေ ထွက်နေတဲ့အခါကျတော့ ဒါလည်း ဂယက်ရိုက်မှု ဖြစ်လာလိမ့်မယ် ထင်ပါတယ်” ဟု ဦးဝင်းတင်က ရှင်းပြသည်။

No comments: