Wednesday, June 10, 2009

နယ်မြေအေးချမ်းပါက စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းဘက်မှပြော


NEJ / ၁၀ ဇွန် ၂၀၀၉

ယခု လဆန်း (၂) ရက် နေ့က စတင် သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဒေသ တိုက်ပွဲများ ကြောင့် ထိုင်း ဘက်သို့ ထွက်ပြေး တိမ်းရှောင် လာသည့် ကရင် စစ်ပြေး ဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်း အာဏာပိုင်များ က ဒုက္ခသည် အဖြစ် အသိအ မှတ်ပြု လက်ခံ မည်မဟုတ်ဘဲ နယ်မြေ အေးချမ်း သွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့ မည်ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာသည့်အနေဖြင့် ထိုင်းအာဏာပိုင်များက ယာယီလက်ခံထားကာ ၎င်းတို့ကို ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့်စခန်းများဖွင့်လှစ်ကာ စားဝတ် နေရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ထိုင်းဘက်က ဒီလူတွေကို ဒုက္ခသည်စခန်းမှာ လက်ခံဖို့ လုံးဝ အစီအစဉ်မရှိဘူးလို့ သိရတယ်။ အဓိကကတော့ ထိုင်းအာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်။ ဒီလူတွေလက်ခံဖို့ ကိစ္စနဲ့ပတ်သက်ပြီး အထက်ကလည်း ကျနော်တို့ကို ဘာမှ ပြောထားတာမရှိဘူး” ဟု ပြောသည်။

ယခုလ (၆) ရက်၌ စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ ထာ့ဆောင်ရန်းမြို့နယ် နောင်ဘိုး ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် ထိုင်း အမှတ် (၃) စစ်တိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က စစ်ပြေးဒုက္ခသည်များ အား ဒုက္ခသည်စခန်းသို့ ပို့ဆောင်မည် မ ဟုတ်ဘဲ တိုက်ပွဲများပြီးဆုံးသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု သတင်းထောက်များအား ပြောကြားသည်။

စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ နော်ပလဲ့က “နေရေးထိုင်ရေး အားလုံးအဆင်ပြေပါတယ်။ ကျမ ကလေး (၄) ယောက် လည်း နေ့တိုင်း မုန့်စားရတယ်။ အ၀တ်အထည်တွေ၊ စောင်ခြင်ထောင် အားလုံးပေးပါတယ်။ ကိုယ့်ရွာမဟုတ်လို့လား မသိဘူး။ ရွာကိုပဲပြန်ချင်တယ်။ ကလေးတွေလည်း ဒီမှမပျော်ဘူး” ဟု ပြောသည်။

ထိုင်းဘက်သို့ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်သည် လှိုင်းဘွဲ့မြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ ရွာသားများဖြစ်ကြပြီး ၎င်းတို့ကို UNHCR-TBBC-KRC နှင့် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ထိုင်းကျန်းမာရေးဌာနများက လိုအပ်သည့် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးပို့ကူညီ လျက်ရှိ သည်။

တပ်မဟာ (၇) ဘားအံခရိုင်ဒေသအတွင်း နောက်ဆုံးရရှိသည့် သတင်းအရ နအဖ-ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်တို့ တဖက်နှင့်တဖက် ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ခြင်း မရှိသေး သော်လည်း ယနေ့မွန်းလွဲပိုင်းတွင် တပ် မဟာ (၇) လက်အောက်ခံ တပ်ရင်း (၂၁) တည်ရှိရာ မဲစလေဒေသ အတွင်းသို့ (၈၁) မမ၊ (၆၀) မမ၊ မော်တာများဖြင့် အဝေးမှ လှမ်း ပစ်မှုများ ရှိသည်ဟု တပ်မဟာ (၇) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီးစဂျွန်က ခေတ်ပြိုင်သို့ ပြောသည်။

No comments: