Friday, June 5, 2009

ထိုင်း - မြန်မာ လက်ဝှေ့ပွဲ ဖျက်သိမ်း

NEJ / ၅ ဇွန် ၂၀၀၉

ယခုလ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြုလုပ်မည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မြန်မာအာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်းရန် စေခိုင်းခဲ့ကြောင်း အဆိုပါပွဲစီစဉ်သူ ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဒီနေ့ပဲ အားကစားဝန်ကြီးဌာန၊ အိုလံပစ်ကော်မတီ တာဝန်ရှိသူတွေ က ပွဲစီစဉ်ထားတာ ဖျက်သိမ်းဖို့ ကျနော်တို့ကို အကြောင်း ကြားတယ်။ နိုင်ငံရေး အခြေအနေကြောင့်လို့ ပြောတယ်။ အပြီးအပိုင် ဖျက်သိမ်းရမလား၊ အချိန်ကိုပဲ ရွှေ့ရမလား ဘာမှမသိရဘူး။ ကျ နော် တို့က ဒီလို ပွဲတပွဲကျင်းပဖို့ နှစ်နဲ့ချီ စီစဉ်ရတာ။ ငွေကြေး သိန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံထားရတာ။ ခုလို ပွဲကို ဖျက်လိုက်ရတော့ ကုမ္ပဏီ လည်း နာမည်ပျက်မယ်။ ငွေကြေးလည်း သိန်းပေါင်းများ စွာ ဆုံးရှုံးတော့မယ်” ဟု ပြောသည်။

အဆိုပါ ပွဲကျင်းပရန်အတွက် T&T Group ကုမ္ပဏီသည် ကြော်ငြာများကို ရန်ကုန်မြို့အနှံ့တွင် ပိုစတာများ စိုက်ထူထားပြီး အပတ်စဉ်ထုတ် ဂျာနယ်စာမျက်နှာများ၌လည်း ယင်းလက်ဝှေ့ပွဲနှင့်ပတ်သတ်ပြီး သတင်းများ ဝေဝေဆာဆာ ဖော်ပြထားကြသည်။ ကြိုတင်လက်မှတ်များလည်း ရောင်းချနေခဲ့ပြီး ပွဲကျင်းပရန် တပတ်ကျော်အလို တွင်မှ ယခုကဲ့သို့ ဖျက်သိမ်းခံလိုက်ရ ခြင်းဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ထိုင်း-မြန်မာလက်ဝှေ့ပွဲ ဖျက်သိမ်းလိုက်သည်ကို မသိရသော်လည်း ထိုင်းဝန်ကြီးချုပ်က အာဆီယံဥက္ကဋ္ဌအနေဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်နှင့် ပတ်သက်နိုင်ကြောင်း ပြည်တွင်းတွင် ဝေဖန်ပြောဆို နေကြသည်။


အာဆီယံဥက္ကဋ္ဌ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးစေလိုကြောင်း တောင်းဆိုထားပြီး မြန်မာအစိုးရ၏ ဂုဏ်သိက္ခာသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟုလည်း ဖော်ပြခဲ့သည်။

ထိုသို့ ထိုင်းဝန်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်ကို လက်မခံကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက တုံ့ပြန် ကြေညာခဲ့သည်။ ထို့အပြင် အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ဆွန်သီ၏ ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံအပေါ်ထား သည့် သဘောထား မှားယွင်းနေကြောင်း ဝေဖန်ချက်ပါ ထိုင်းသတင်းစာမှ ကောက်နုတ်ချက်ကိုလည်း နိုင်ငံခြားသတင်းတွင် ဖော်ပြခဲ့သည်။

ဖျက်သိမ်းလိုက်သည့် ထိုင်း-မြန်မာ ဒုတိယအကြိမ် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် လုံးချောနှင့် လက်မွန်ခမ်း၊ တွေ့မရှောင်နှင့် ပါဝိ၊ ကြယ်လင်းအောင်နှင့် လာချီလိတ်၊ စောငမန်းနှင့် ထန်ဝါလစ်တို့ ထိုးသတ်ကြရန် ကြေညာထားသည်။

No comments: