Dr. တင့်ဆွေ
ကလေး မီးဖွား ရတာ ဘယ့်လောက် အန္တရာယ် များလဲ ဆိုတာကို တင်စား ပြောလိုက်တဲ့ စကားပါ။ အတော်ကို မှန်ပါတယ်။ တကမ္ဘာ လုံး နှစ်စဉ် သန်း တဝက်မက ကလေး မီးဖွားရင်း ကိုယ်ဝန် ဆောင်တွေ သေနေ ရဆဲပါ။ ဟိုအရင် ခေတ်ဟောင်း သမိုင်းမှာ ၁ဝဝ မှာ ၁ ယောက် သေနိုင် ခဲ့နိုင် တယ်လို့ ထင်ကြတယ်။ ၁၈ဝဝ ခုနှစ် တွေမှာတော့ အဆိုး ဆုံးမို့ ၄ဝ ရာခိုင်နှုန်း တောင် သေဆုံး ရသတဲ့။ ၁၉ဝဝ ပြည့်နှစ် တွေမှာတော့ ၁ ရာခိုင်နှုန်း ရှိခဲ့တယ်။
ကလေးဖွားရင်း မိခင်တွေ ဘာ့လို့သေဆုံးရသလဲဆိုတဲ့ အကြောင်းတွေထဲမှာ သွေးသွန် (သွေးလွန်) တာက ထိပ်ဆုံးကပါ။ ရောဂါပိုးဝင်တာက ဒုတိယ၊ ကိုယ်ဝန်ပျက်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ် မှားလို့ သေရတာကလည်း ဒုတိယအဆင့်နဲ့ အတူတူပဲ။ ကိုယ်ဝန်ဆောင်တုန်း ကိုယ်တွေရောင်၊ သွေးဖိအားတွေတက်တဲ့ ကိုယ်ဝန်သွေးဆိပ်တက်ရောဂါ ဆိုတာက တတိယလိုက်တယ်။ မွေးလမ်းကနေ မမွေးနိုင်လို့က စတုတ္ထနေရာမှာ ရှိတယ်။
“ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ” ဆိုတဲ့ ဒီစကားက ပေါ်တာ ကြာပြီနဲ့ တူပါတယ်။ ကနေ့ခေတ်မှာ ကလေးမီးဖွားရတာက အဲဒီလောက် အဖိတ်အစင် မများတော့ပါ။ ပိုးသတ်ဆေးတွေ ပေါ်လာတာရယ်၊ သွေးသွင်းပေးနိုင်လာတာရယ်၊ ကိုယ်ဝန်ဆောင်တွေကို ပိုပြီး ကောင်းကောင်းစောင့်ရှောက် ပေးနိုင်လာတာတွေကြောင့် မိခင်တွေ အသေနည်းလာရတာပါ။ အရင်လောက် သိပ်မဆိုးတော့ဘူး။
ဆိုးတယ်၊ မဆိုးဘူးဆိုတာကို တိတိကျကျပြောရင် ဆေးပညာမှာ maternal mortality ratio (MMR) လို့ ခေါ်တာနဲ့ စာရင်းကောက် တွက်ချက်ရတယ်။ ကလေး ၁ သိန်းမွေးတိုင်း မွေးရင်းသေဆုံးရတဲ့ မိခင် ဘယ်လောက်ရှိလဲဆိုတာကို ပြောတာပါ။
ကလေးမီးဖွားပြီး သေတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ သိဒ္ဓတ္ထမွေးပြီး၊ မယ်တော် မဟာမာယာဒေဝီလည်း လုမ္ဗိနီသာမော အင်ကြင်းတောထဲမှာ သေဆုံးခဲ့ရတာ နှစ်ပေါင်း ၂၅ဝဝ ကျော်က တကယ့်အဖြစ်အပျက်ပါ။ ပုံပြင်တွေ၊ ဝတ္ထုတွေထဲမှာလည်း တကူးတက ထည့်ရေးကြတာ တွေ့ရပါမယ်။ မင်းသမီးလေး (စနိုးဝှိုက်) အမေက ဆုံးသွားလို့ ဘုရင်က နောက်မိန်းမ ယူရတာက ချောတော့ ချောပေမယ့် စိတ်က အကျည်းတန်၊ ကဝေပညာလည်း တတ်သတဲ့။ စစ်နဲ့ ငြိမ်းချမ်းရေးထဲမှာ မင်းသား (အင်ဒရူး) ဇနီးဟာ သားလေး (နီကိုလိုင်) ကို မွေးပြီး သေဆုံးသွားရတယ်။ (အိုလီဗာ တွစ်) ကလည်း မိတဆိုးပဲ မဟုတ်လား။
ရုပ်ရှင်တွေမှာလည်း ပါတာပဲ။ (ဇောရိုး မျက်နှာဖုံး) ထဲမှာ လူဆိုးကြီး (ရဖယ်လ် မွန်တဲရိုး) ကနေ (အလီနာ) အမေကို ပစ်သတ်၊ ကလေးမွေးရင်း သေရတာလို့ လိမ်ပြောပြီး၊ မွေးစားခဲ့တယ်။ (ဟယ်ရီပေါ်တာ) ထဲမှာလည်း (လော့ဒ် ဗိုလ်ဒမ်မော့တ်) ရဲ့ မိခင် (မာရုပ် ဂေါက်-ရစ်ဒယ်လ်) ကလည်း ကလေးမွေးပြီး သေသွားရတယ်။
ထင်ကြမယ့်အတိုင်း အဆိုးမှန်သမျှ အာရှ၊ အာဖရိကမှာပဲပေါ့။ အကောင်းဆုံးက အအေးဆုံးဒေသ အိုက်စလန်မှာ ၁ သိန်းမွေးလို့ ၁ ယောက်တောင်မှ မသေဘူးတဲ့။ အမေရိကားမှာတော့ ၁၁ ယောက်သေတယ်။ သေရတဲ့ မိခင် ၉ဝ-၉၉ ရာခိုင်နှုန်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ မြန်မာပြည်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စာရင်းဝင်ခဲ့ရပြီး၊ ကနေ့အထိ ပြန်မထွက်နိုင်သေးတဲ့ အဆင်းရဲဆုံးတိုင်းပြည် LDC ဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေထက် LDC တွေက အဆ ၃ဝဝ ပိုဆိုးပါသတဲ့။ ဒါ့ကြောင့်လည်း “မိန်းမ မီးနေ” ဆိုတာကို ဗမာစကားနဲ့ တိတိကျကျ ရှိနေသေးတာ ဖြစ်မှာပေါ့။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNICEF, UNFPA နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုထားတဲ့ ၂ဝဝ၅ ခုနှစ် စာရင်းအရဆိုရင် ကလေး ၁ သိန်း အရှင်မွေးရင် မီးတွင်း သေဆုံးရတဲ့ မိခင်ပေါင်း ၅ဝဝ ကျော်တာ ၆၅ နိုင်ငံ ရှိတဲ့အထဲမှာ မြန်မာနိုင်ငံက ၅၁ဝ နဲ့ ပါတယ်။ ပိုဆိုးတာက ၁ဝဝဝ ကျော်ရှိတာ ၃၃ နိုင်ငံ၊ ၂ဝဝဝ ကျော် ၆ နိုင်ငံနဲ့ နောက်ဆုံးဟာ ၃၇ဝဝ နဲ့ (ဆာရာလီအွန်) ဖြစ်တယ်။
ကျနော်တို့ တိုင်းပြည်မှာက သုတေသနဆိုတာ အတော်ကြီး နည်း၊ အတော်ကြီး ခက်ခဲနေသေးတယ်။ တာဝန်ရှိသူတွေကနေသာ ကိုင်တွယ်ထုတ်ပြန်လေ့ရှိတဲ့အပြင် မကောင်းတဲ့ စာရင်းဆို မပြတတ်တဲ့အကျင့် ပါနေတယ်။ တာဝန်ရှိသူတွေလို့ ပြောတာကိုက မှားနေတယ်။ ကျန်းမာရေး ပြဿနာကို ကောင်းမွန် တိုးတက်အောင် ဖြေရှင်းရာမှာ အုပ်ချုပ်သူတွေနဲ့ ကျန်းမာရေးနယ်မှာ လုပ်နေကြသူတွေချည်းနဲ့ မလုံလောက်ပါ။
မိခင်တွေ အသေနည်းလာရတဲ့ တခြား အရေးကြီးတဲ့ အကြောင်းတခုကတော့ နိုင်ငံရေးပါ။ အမျိုးသမီးတွေကို ပိုဂရုစိုက်ပေးဖို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအမြင်၊ လူမှုရေးအသိ ကောင်းလာလို့ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအပင်းတွေ၊ အမျိုးသမီး အစုအစည်းတွေဟာ နေရာတိုင်းမှာ အရေးပါလှပါတယ်။ သူ့အသိစိတ်နဲ့သူ ဖွဲ့ကြရတာဖြစ်ဖို့လည်း လိုပါမယ်။
CEDAW လို့ခေါ်တဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုမျိုးစုံ ပပျောက်ရေး ကော်မတီဆိုတာ ရှိတယ်။ ကုလသမဂ္ဂ အောက်ကပါ။ ၂ဝဝဝ ခုနှစ်က မြန်မာကိုယ်စားလှယ်ကနေ ၁ဝဝဝ မှာ ၁ ယောက် သေနေတာက ၂ဝဝဝ မှာ ၁ ယောက်သာ သေအောင်လုပ်မယ်လို့ နယူးယောက်မှာ ကတိပေးခဲ့တယ်။ ဘယ်လောက် ကောင်းသလဲ။
လက်လှမ်းမီသလောက် စာရင်းလိုက်ရှာတော့ ၁၉၉၅ မှာ MMR ၁၇ဝ ယောက်လို့ UNDP စာရင်းတခုမှာ တွေ့တယ်။ ၁၉၉၉ တုန်းက (ဆာဗေး) လုပ်တော့ ၂၅၅ ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် တွေ့ရတာက ၁၉၉ဝ မှာ ၅၈ဝ၊ ၂ဝဝဝ မှာ ၃၆ဝ၊ ၂ဝဝ၇ မှာ ၃၂ဝ ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ၁၉၉၅ နဲ့ ၁၉၉၉ က စာရင်းတွေကို ထည့်မရေးတာ သတိထားမိမှာပါ။ နောက်နှစ်တွေမှာ ပိုဆိုးသွားတဲ့ သဘောဖြစ်နေလို့ စာရင်း မသွင်းတော့တာနဲ့ တူတယ်။ မီးတွင်းမှာ သေသွားရတဲ့ အမျိုးသမီးတွေ စာရင်းတောင် အသွင်းမခံရပါလား။
သတင်းတို့၊ စာရင်းတို့ ထုတ်ပြန်တော့ အရင်စာရင်းနဲ့ နောက်စာရင်း နှိုင်းယှဉ်ရင် “တိုးတက်၊ ကောင်းမွန်၊ အောင်မြင်တယ်” ဆိုတာကို သိပ်ပြောချင်ကြတယ်။ အကောင်းတွေ တိုးလာစေ၊ အဆိုးတွေ နည်းလာစေဆိုမှ မျက်နှာပန်းက လှမှာကိုး၊ သတိကြီးကြီး ထားတတ်ကြတယ်။ သတိကြီးတယ်ဆိုတာ ကောင်းတာပေါ့။ သတင်းရေးသူတွေ အမျိုးမျိုးရှိသလို ကိုးကားတာကလဲ တမျိုးတမျိုးကြီး ဖြစ်နေမှာပါဘဲ။ မြန်မာပြည်မှာ စာရင်းဇယား၊ ကိန်းဂဏန်းဆိုတာ ကိုးကားချင်ရင် လေဖမ်း ဒန်းစီးရသလိုမျိုးကိုး။
ကျနော်တို့ တိုင်းပြည်မှာ ၁ နှစ်မှာ မွေးလူနာပေါင်း ၁ ဒဿမ ၃ သန်း ရှိပါတယ်။ ၂ဝဝ၅ မေလ ၂ ရက်နေ့က (ဆင်ဟွာ) သတင်းဌာနကနေ ကျန်းမာရေးဌာနကို ကိုးကားပြီး မြို့နယ်ပေါင်း ၁၂ဝ က၊ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကို UNICEF နဲ့ ပေါင်းပြီး၊ ဆန်းစစ်မယ်လို့ ပါတယ်။ ၂ဝဝဝ ခုနှစ်တုန်းက မွေးလူနာ ၁ သိန်းမှာ သေရတဲ့ မိခင်ပေါင်းက ၄၃ဝဝ ရှိတယ်လို့ပါတယ်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ သတင်းတခုမှာ UN Population Fund (UNFPA) အဆိုအရ နှစ်တိုင်း မိခင်ပေါင်း ၃၈ဝဝ သေဆုံးနေရတယ်လို့ ဆိုတယ်။
၂ဝဝ၈ ခုနှစ်အတွင်း ကလေးဖွားရာမှာ ၅၇ ရာခိုင်နှုန်းကပဲ ကျွမ်းကျင်တဲ့သူတွေနဲ့ မွေးကြတယ်။ သေဆုံးရသူတွေထဲက ၈၇ ရာခိုင်နှုန်းက တောပိုင်းမှာ ဖြစ်တယ်။ သေသူတွေဟာ ဆေးရုံ ဆေးခန်းမှာ ၁ဝ ရာခိုင်နှုန်း၊ လမ်းမှာ ၂ ရာခိုင်နှုန်းနဲ့ အိမ်မှာက ၈၈ ရာခိုင်နှုန်း ရှိတယ်လို့ တိတိကျကျ တွေ့တယ်။ သားဖွားဆရာမ တယောက်ဟာ ရွာ ၁၆ ရွာကို ကြည့်ပေးနေရတယ်လို့ပါ ထောက်ပြတာ တွေ့ရတယ်။ ပြည်နယ်တခုမှာ အရန်သားဖွားဆရာမ ဖြစ်အောင် သင်တန်းပေးတာ ၃ လစာကို တပတ်ထဲ ပေးလိုက်သတဲ့။ ဒီသတင်းအမှန်မျိုးက စာရင်းဇယား၊ သတင်းများမှာ ပါတာမဟုတ်ဘူး။
၂ဝဝ၉ ခုနှစ် ဇွန်လ တတိယပတ်ထုတ် (မြန်မာ တိုင်းမ်) မှာ မိခင်နဲ့ ကလေး ကျန်းမာရေး တိုးတက်လာတယ်လို့ ဖတ်ရတယ်။ သာဓုခေါ်ရမှာပေါ့။ တပါတည်း မှတ်ချက်ပြုထားတာက တိုးတက်လာတယ်ဆိုတာကို ကိန်းဂဏန်းတွေနဲ့ ပြမရဘူးတဲ့။ ဘာ့လိုလဲဆိုတော့ ခိုင်လုံတဲ့ သတင်းအချက်အလက်ရဖို့ ခက်ခဲလို့ပါတဲ့။ အားရှိစရာလို့ ပြောရမလားတော့ မသိဘူး။ မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အဆိုးဆုံးဖြစ်ပေမယ့် ၂ဝဝ၅ ခုနှစ်မှာ ၁၉၉ဝ ကထက် ၄၅ ဒဿမ ၅ ရာခိုင်နှုန်းတောင်မှ လျော့ကျခဲ့တယ်။ ၂ဝ၁၅ ခုနှစ်ရောက်ရင် မီးတွင်းသေနှုန်းကို ၄ ပုံ ၃ ပုံ လျော့ကျစေရမယ်တဲ့။ ဒုတိယအကြိမ် သာဓုခေါ်ပါတယ်။
No comments:
Post a Comment