Friday, December 11, 2009

ရေကျော်

ရွှေအိမ်စည်

(က)
ကျနော်က ရေကျော်သားမဟုတ်….။ သို့သော် …. ရေကျော်တွင် ဧည့်သည်သွား၊ ဧည့်သည်လာနှင့် ၄ နှစ်ခန့် နေခဲ့ဖူး၏။ ၁၉၈၄ မှ ၁၉၈၈ ခုနှစ်အထိ။ ၁၉၈၈ နောက်ပိုင်း ….. အရှေ့အရပ်ဆီသို့ ခရီးရှည် ထွက်ခဲ့ပြီးသည့်နောက်တွင်မူ ရေကျော်သို့ ပြန်၍မရောက်ဖြစ်တော့….။ နှစ်ပေါင်း ၂၀ ပင် ကျော်ခဲ့လေပြီ။ ရေကျော်က … ကျနော့်၏ ဇာတိမြေမဟုတ်သော်လည်း လွမ်းစိတ်က နင့်နင့်ပိုးပိုးနှင့် ဝင်တတ်မြဲ…..။


ရေကျော်က …. ရန်ကုန်၏ အရှေ့ပိုင်းတွင် ရှိသည်။ ပုဇွန်တောင်မြို့နယ်အတွင်းမှ ဗမာရပ်ကွက်ကြီးတခု…။ ၄၅ လမ်းနှင့် ၅၁ လမ်းတဝိုက်က ရေကျော်၏ အင်ပါယာအတွင်း ပါဝင်သည်ဟု ဆိုရမည်။ ရေကျော်လမ်းမကြီးက … ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယခင် မောင်ဂိုမာရီလမ်း) တွင် ဗိုလ်မြတ်ထွန်းလမ်း (ယခင် ခရစ်လမ်း) နှင့် ခေါင်းချင်းဆိုင် ဦးတိုက်ပြီး ပုဇွန်တောင်ဘက်ဆီသို့ ဖျာဆင်းသွား၏။ ပြီးလျှင် ….ပုဇွန်တောင်လမ်းမအတွင်းသို့ ယှက်ဝင်၍ ပေါင်းစီးသွား၏။ ရေကျော်လမ်း၏အဆုံး ပုဇွန်တောင် လမ်းဘက်အခြမ်းတွင်မူ … ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အဆောက်အဦးက ထီးထီးကြီးတည်ရှိ၏။ ရေကျော်လမ်းနှင့် ရေကျော်ရပ်ကွက်က …. သမိုင်း၏ အရိပ်အငွေ့များနှင့် ထုံလွှမ်း၍ မွှေးပျံရီဝေ၏။

(ခ)
ရေကျော်လမ်းနှင့် ထိပ်ချင်းဆိုင်ထားသည့် ဗိုလ်မြတ်ထွန်းလမ်း (ယခင်ခရစ်လမ်း) ၏ အထက်ဘလောက်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း ၂ ကျောင်း ရှိ၏။ ဗိုလ်မြတ်ထွန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင်က …. အထက ၃ ဗိုလ်တထောင် ရှိပြီး၊ အနော်ရထာ လမ်းမဘက်နှင့် နီးသည့် အခြမ်းတွင်မူ …. အထက ၄ ပုဇွန်တောင် ရှိသည်။ အထက်တန်းကျောင်း ၂ ကျောင်း၏ ကြားတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတခုက ကြားအဖြစ် ခြားထား၏။ ခရစ်လမ်းက …. ပိတောက်ပင် ညိုညိုမှိုင်းမှိုင်းများနှင့် အုပ်အုပ်ဆိုင်းဆိုင်း…။

အထက ၃ ဗိုလ်တထောင်တွင် ထိုစဉ်က … ကျနော့်သူငယ်ချင်းတယောက် ရှိ၏။ ထိုစဉ်က ဟူ၍ ညွှန်းရသည်က လွန်ခဲ့သည့် နှစ်အစိတ် (၂၅ နှစ်) ၁၉၈၄ ခုနှစ်က ဖြစ်၍ဖြစ်၏။ သူငယ်ချင်းရှိ၍ အထက ၃ ဗိုလ်တထောင်သို့ တခေါက်နှစ်ခေါက် ရောက်ဖူး၏။ ကျောင်းက …. ပျဉ်နှင့်ဆောက်ထားသည့် အဆောက်အဦးတခုနှင့် ဗြိတိသျှ ဗိသုကာလက်ရာ အုပ်ရိုးနီနီကြီးများဖြင့် ဆောက်ထားသည့် အဆောက်အဦးတခုနှင့် ယှဉ်၍ရှိနေသည်။

ထိုကျောင်းတော်က ကိုလိုနီခေတ်တွင် အင်္ဂလိပ် မက်သဒစ်အထက်တန်းကျောင်း ဖြစ်သည်။ ၁၉၃၇ ခုနှစ်က ဆရာ ဒဂုန်တာရာသည် ထိုကျောင်း၌ အထက်တန်းပညာ သင်ယူခဲ့၏။ ထိုကျောင်းမှပင် ဆရာဒဂုန်တာရာ ၁၀ တန်း အောင်မြင်ခဲ့၏။ ဆရာဒဂုန်တာရာက ….. ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေတို့နှင့်အတူ …. ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်လက်တွဲလှုပ်ရှားခဲ့သူ….။ ပြီးလျှင် ….အောင်ဆန်း (သို့မဟုတ်) အရိုင်း၊ ဗဟိန်း (သို့မဟုတ်) ကဗျာ … စသည်ဖြင့် ….. ရုပ်ပုံလွှာအဖွဲ့ကို ရေးဖွဲ့ခဲ့သည့် စာရေးဆရာကြီး …..။

ထိုကျောင်းတော်ရှိ အခန်းငယ်တခုအတွင်း၌ ၁၉၃၉ ခုနှစ်က ပထမဦးစွာ မြန်မာပြည် စာရေးဆရာ အစည်းအရုံးကို ဖွဲ့စည်းခဲ့ကြ၏။ သခင်စိုး (ယခုကွယ်လွန်၊ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင်) က အမှုဆောင်အဖွဲ့အတွင်း မပါဝင်သော်လည်း ဖွဲ့စည်းမည့် အစည်းအဝေးသို့မူ တက်ရောက်ခဲ့၏။ ဦးသိန်းဖေမြင့် (ယခု ကွယ်လွန်) က ဖွဲ့စည်းပုံစည်းမျဉ်းရေး၍ အစည်းအဝေးတွင် တင်ပြ၏။ မြန်မာပြည် စာရေးဆရာအစည်းအရုံး၏ ပထမဦးစွာ ဥက္ကဋ္ဌက …. ဒီးဒုတ်ဦးဘချို (အာဇာနည်) ဖြစ်သည်။ အမှုဆောင်အဖွဲ့တွင်မူ …. ဦးသိန်းဖေမြင့်၊ ဒဂုန်တာရာတို့ ပါဝင်ကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ က မြန်မာစာပေသမိုင်း၏ မှန်ကူကွက် ….။

(ဂ)
ရေကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် “မောင်အေး ကဖီး” ရှိသည်။ စစ်မဖြစ်မီနှင့် စစ်ပြီးခေတ်များကတည်းက ရှိခဲ့သည့် လက်ဖက်ရည်ဆိုင် ဖြစ်သည်။ မောင်အေးကဖီးတွင် …… ရေကျော်သား စာရေးဆရာကြီးများနှင့် ဧည့်ရေကျော်သား စာရေးဆရာကြီးများ ထိုင်ကြ၏။ ကြီးပွားရေး ဦးသိန်း၊ ဆရာမဟာဆွေ၊ မြို့မအုန်း၊ ဆရာမင်းဆွေ၊ ဆရာဒဂုန်တာရာနှင့် ဆရာဗန်းမော်တင်အောင်တို့…..။ နောက်ပိုင်းတွင် မောင်အေးလက်ဖက်ရည်ဆိုင်က မောင်အေး မုန့်တိုက်ကိုပါ တွဲ၍ဖွင့်လာ၏။ မောင်အေး ကဖီးက လက်ဖက်ရည် ကောင်းသကဲ့သို့ စမူဆာလည်း ကောင်း၏။ မောင်အေး စမူဆာက နာမည်ကြီး၏။ ၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း လဖက်ရည်တခွက် ပြား ၅၀ ၊ စမူဆာတခု ပြား ၅၀ ….။ ဆိုင်ရှေ့ ရေကျော်လမ်းမ ပလက်ဖောင်း အထက်၌ ခုံများခင်း၍ ထိုင်ရသဖြင့် ဆိုင်တွင်းမှာကဲ့သို့ မမွန်းကြပ်၊ လွတ်လပ်မှု အပွေ့အတွေ့ ပိုမို၍ ခံစားရ၏။

ဆိုင်၏တဖက် မျက်နှာချင်းဆိုင် ရေကျော်လမ်း၏ တဖက်တွင်မူ ကြံရည်ဆိုင်ရှိ၏။ ထိုကြံရည်ဆိုင်နေရာက … စစ်ကြိုခေတ်တွင် ရေကျော်သမဝါယမဆိုင် ဖြစ်သည်။ ထိုဆိုင်တွင် ဆရာချစ်က ဆိုင်တာဝန်ခံ ….။ ဆရာဒဂုန်တာရာ၏ “မေ” ဝတ္ထုအတွက် အမှာစာရေးပေးရန် ကိုဗဟိန်းကို ထိုရေကျော်သမဝါယမဆိုင်မှပင် ဆရာချစ်၏ အဆက်အစပ်နှင့် ဆရာဒဂုန်တာရာ ဆက်သွယ်ခဲ့ရ၏။ ထိုစဉ်က …. ကိုဗဟိန်းသည် မြေအောက်သို့ ဆင်း၍ တော်လှန်ရေးကို လုပ်ကိုင်နေသည့် အချိန်….။ သခင်အောင်ဆန်းသည်လည်း ….. မြေအောက်သို့ဆင်း၍ “ဟမွိုင်း” သို့သွားပြီး “ဟမွိုင်း” မှတဆင့် တိုကျိုသို့ရောက်ကာ …. ဂျပန်မှ စစ်ရေးအကူအညီရရန် ကြိုးပမ်းဆောင်ရွက်နေသည့် ကာလ …..။

ဆရာချစ်က ….. ဆရာဒဂုန်တာရာကို ကိုဗဟိန်းနှင့်ဆက်သွယ်ရန် အချိပ်အဆက် စီစဉ်ပေး၏။ ရေကျော်ရှိ လိပ်ကန်ပန်းခြံအနီးတွင် လျှပ်စစ်ရုံ (RET) ရှိသည်။ လျှပ်စစ်ရုံဘေးတွင်က …. မီးရထားသံလမ်းတခုရှိ၏။ ပုဇွန်တောင် ကြက်တန်းဘက်မှ ကုန်တွဲများ သွားလာသည့် မီးရထားလမ်း။ ထိုသံလမ်းတွင် သခင်တင်ထွန်းနှင့် ဆရာဒဂုန်တာရာ သွားတွေ့ရမည်။ ပြီးလျှင် သခင်တင်ထွန်းက ဒဂုန်တာရာကို ကိုဗဟိန်းရှိသည့် နေရာသို့ ခေါ်သွားမည်ဖြစ်သည်။ မြေအောက်ကွန်ယက်ဖြစ်၍ လုပ်ဆောင်မှုအားလုံးက လျှို့ဝှက်သိုသိပ်စွာ ပြုမူလုပ်ဆောင်နေကြရ၏။

ကိုဗဟိန်းက … ရေကျော်၊ ရွှေဘုန်းပွင့် စေတီတော်အနီး အိမ်တအိမ်တွင် ရှိနေ၏။ ထိုအိမ်က ….. ဂျပန်သို့ ထွက်ခွာကြမည့် ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်အချို့ကို လျှို့ဝှက်ထားရှိသည့် စခန်းထောက်….။

ပြီးလျှင် …. ရေကျော်လမ်း၏ တနေရာ၌ …. တို့ဗမာအစည်းအရုံးဌာနချုပ် ရှိ၏။ သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ အစည်းအရုံး၏ အပေါ်ထပ်တွင် သခင်အောင်ဆန်းအိပ်ယာ ရှိ၏။ ဖျာတချပ်နှင့် စာအုပ်ပုံတပုံ ….။ ဆင်းဆင်းရဲရဲ ဒုက္ခခံ၍ အမျိုးသားလွတ်မြောက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြခြင်း…။ တို့ဗမာအစည်းအရုံးအနီး ရေကျော်လမ်း၏ အခြားတဖက်တွင်မူ ….. မြန်မာထမင်းဆိုင်တဆိုင် ရှိ၏။ “မမြိုင်” ထမင်းဆိုင် …။ ထိုဆိုင်မှာပင် သခင်အောင်ဆန်း ထမင်းစား၏။ ပေးနိုင်သည့်အခါ လက်ငင်းပေး၍ မပေးနိုင်သည့်အခါ အကြွေးစားကြ၏။ မင်းဘူးမှ သခင်ဗဂျမ်း (ရဲဘော်သုံးကျိပ်ဝင် - ဗိုလ်လရောင်) တို့ဗမာအစည်းအရုံးသို့ ရောက်လျှင်မူ …. သခင်အောင်ဆန်းတို့ ထမင်းဟင်းကောင်းကောင်း စားကြရ၏။ သခင်ဗဂျမ်းက ငွေကြေးပြည့်စုံသည်ဖြစ်၍ ရန်ကုန်သို့ရောက်တိုင်း သခင်အောင်ဆန်းတို့ကို ကျွေးမွေးပြုစုတတ်၏။

ရေကျော်၊ လိပ်ကန်ပန်းခြံနှင့် ရွှေဘုန်းပွင့်စေတီတို့ကား ….. သမိုင်းရနံ့များနှင့် ထုံရီ၍မွှေးပျံ့လျက် …..။ ရနံ့မပျယ် …..။ ရေကျော်အလွမ်းစိတ်ကား … မက်မပြေနိုင် …။

စာညွှန်း …. ဒဂုန်တာရာ၏ နေ့စဉ်မှတ်တမ်း (မဟေသီ ၁၆ နှစ်မြောက် အမှတ်တရ။ အမှတ် ၁၈၈၊ ၂ဝဝဝ ခုနှစ်၊ သြဂုတ်လ)

No comments: