Monday, December 14, 2009
စာပန်းချီ
လဆုတ်ရဲ့ လမင်းက မနက် အရုဏ်မှာ ပြည့်ပြည့် ဝဝ သာနေ ပါတယ်။ မြောက်လေရဲ့ အေးစိမ့်တဲ့လေက မနက်ခင်း လမ်းလျှောက်သူ၊ ပြေးနေသူ တွေကို နှုတ်ဆက် ကျီစယ် လိုက်တယ်။ လရောင်နဲ့ အရုဏ် အလင်းအောက်မှာ တောင်တွေက နှင်းမှုန် တွေနဲ့ သစ်လွင်လန်း ဆန်းလို့ စိုပြေနေ ပါတယ်။
အနိမ့်အမြင့်မတူညီတဲ့ တောင်တွေကြားက တောင်ကျရေစီးသံက ဂီတသံတခုလို သာယာကြည်နှုးမှုကို ပေးတတ်ပါတယ်။ စခန်းဘေးက တခုတည်းသော ကတ္တရာလမ်းမည်းမည်းလေးဟာ ကွေ့ကွေ့ကောက်ကောက်နဲ့။ အပျိုမတယောက် ဆံပင်ဖားလျားချပြီး လှဲအိပ်နေသလိုမျိုး။ သူ့ကျောပေါ်ကနေ ဖြတ်သန်းသွားမှ ရင်ထဲကမွန်းကြပ်မှုတွေ ခေတ္တခဏပြေပျောက်မယ်ဆိုတာ သူသိနေလို့ပါပဲ။
နို့ဖိုးစခန်းရဲ့ အရုဏ်ဦးဟာ အမြဲလိုလို လှနေတတ်ပါတယ်။ တောင်တွေရဲ့နောက်က နေမင်းကြီးက သူ့ရှေ့တော်ပြေးရောက်နီကို အရင်ကြိုလွှတ်လိုက်တယ်။ ပန်းနုရောင်အရုဏ်ဦးက မှိုင်းပြာနေတဲ့ တောင်တန်းကြီးများထိပ်ကနေ ယက်တောင်တချောင်း ပွင့်လာသလို တဖြည်းဖြည်းပွင့်လာပြီး၊ တောတောင်ရှုခင်းအားလုံးကို နေခြည်နုနုနဲ့ ပတ်ဖျန်းပေးလိုက်ပါတယ်။
သစ်ပင်တွေ၊ တောတောင်တွေကို ဖြတ်သန်းလာတဲ့ လေညှင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်မရှိဘူး။ သစ်ပင်တွေကို ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး၊ အောက်ဆီဂျင်ကို ပြန်လွှတ်ပေးလိုက်တယ်။ ဝါးကြမ်းခင်းမှာ ဒုက္ခသည်စောင်နဲ့ အိပ်ရသူတွေကို ဆောင်းလေက ကလူကျီစယ်လွန်းလို့ မနက်စောစောထပြီး ပြေးနေကြရတာ။ လမ်းလျှောက်နေကြရတာ။ ဒီလို ဆောင်းမနက်ခင်းဟာ တခြားရာသီထက် ပိုလို့ ကတ္တရာလမ်းပေါ်မှာ စည်ကားနေတတ်ပါတယ်။
UN ကထုတ်ပေးတဲ့ ပလပ်စတစ်ပုံးပြာပြာကို ထမ်းပိုးနဲ့ထမ်းပြီး အပြေးလျှောက်နေသူတွေကိုလည်း တွေ့ရမယ်။ စခန်းထဲကရေက ထုံးများတဲ့အတွက် သဲခြေမှာ ကျောက်တည်တာ၊ ဆီးကျောက်တည်တာ အဖြစ်များတဲ့အတွက် သောက်ရေအတွက် တောင်ကျစမ်းရေကို အားပြုရတယ်။ ထမင်းချက်ဖို့၊ ရေချက်အေးလုပ်ဖို့၊ ခေါင်းလျှော်ဖို့၊ အင်္ကျီအဖြူလျှော်နိုင်ဖို့၊ လမ်းလျှောက်ကအပြန် တနိုင်တပိုင် သယ်ပိုးပြီး ပြန်လာကြတယ်။ ကျန်းမာရေးအတွက် အညောင်းပြေလမ်းလျှောက်ရင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်း၊ ရေခပ်ရင်းဆိုတော့ တချက်ခုတ် နှစ်ချက်ပြတ် အလုပ်ဖြစ်နေကြတာ။
တောင်ခြေမှာရှိတဲ့ သက်ကယ်ကွင်းကို သွားနေတဲ့ လူတွေလည်း ပုဆိုးကို ကွင်းသိုင်း၊ အစာနဲ့ ရေဗူးထည့်ပြီး နေမပူခင် အိမ်ပြန်နိုင်အောင် အသော့နှင်နေကြပါတယ်။ သက်ကယ်ကိုရိတ်၊ နေလှမ်း၊ ဝါးတံနဲ့ သက်ကယ်ခြောက်ကို အမိုးဖြစ်အောင် လက်နဲ့ပစ်ရပါတယ်။ မိုးမကျခင် သက်ကယ်နဲ့ အိမ်မိုးနိုင်ဖို့ ကြိုးစားကြရတာ။
သဘာဝတရားက ဒုက္ခသည်တွေအတွက် လောကလက်ဆောင် ပေးတယ်လို့ ပြောရမှာပါ။ တောတွေတောင်တွေမှ ရေတွက်လို့ မရနိုင်အောင် များပြားလှပါတယ်။ တောင်တွေရဲ့ တခုချင်းအလှကလည်း စာဖွဲ့လို့ မရနိုင်အောင်ပါပဲ။ အဲဒီ တောတောင်တွေထဲကပဲ ရာသီအလိုက် ပွင့်တတ်၊ ဖူးတတ်၊ သီးတတ်၊ ဥတတ်တဲ့ ရာသီစာတွေကိုလည်း အားပြုစားသောက်ရတယ်။
တိမ်တွေ ပုခက်စီးရတဲ့ တောင်တွေ၊ တိမ်တွေ ငုံ့နမ်းရတဲ့ တောင်တွေဟာ မြင်ရတဲ့သူတွေကို လွမ်းမောကြည်နူးမှုကို ဖြစ်စေပါတယ်။ တောတောင်ရဲ့ အစိမ်း၊ အစိမ်းရင့်၊ အစိမ်းနု၊ ဖက်ဖူးရောင်၊ ကောင်းကင်က တိမ်ပြာပြာတွေ ရွေ့လျားနေတဲ့ တိမ်စိုင်၊ တိမ်ခဲတွေကို ကင်းဘတ်တချပ်ပေါ်တင်ပြီး ရှုခင်းပန်းချီရေးဖို့ ကောင်းတယ်။
ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေကြတဲ့ပုံကို ပန်းချီထဲမှာ ထည့်ရေးမယ်။ အဲဒီလို ပျော်ပျော်ရွှင်ရွှင် ကစားနေကြတဲ့ ကလေးတွေကို ကြည်ကြည်နူးနူး ကြည့်နေတဲ့ မိခင်တွေပုံလည်း ပါချင်တယ်။ ရယ်မောပျော်ရွှင်နေကြတဲ့ သူတို့နဲ့အတူ တိမ်ရောင်စုံနဲ့ တောတောင်ရှုခင်းတွေကို ပြည့်စုံအောင် ဖော်ပြနိုင်ခဲ့ရင် သိပ်ကိုလှမယ့် ပန်းချီကားတချပ် ဖြစ်သွားမှာပါ။ ဒါပေမဲ့ ကျမက ပန်းချီမရေးတတ်တော့ ဒီပန်းချီကားကို ဆေးနဲ့မရေးဘဲ အက္ခရာစာလုံးတွေနဲ့ ရေးရတော့တယ်။
ကလေးတွေပျော်ရွှင်ဖို့က လောကအတွက် အရေးကြီးပါတယ်။ လောကရဲ့ ရတနာလို့ ကလေးတွေကို တင်စားကြရတာ မဟုတ်လား။ ကလေးတွေ အများကြီးနဲ့အတူ မိဘတွေရော ဒုက္ခသည်စခန်းတခုလုံးပါ ပျော်ရွှင်ကြည်နူးရတဲ့ နေ့လေးကတော့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒတ်ရဲ့ မွေးနေ့ပါပဲ။
စခန်းအုပ်ချုပ်ရေး ပလပ်က ထိုင်းဘုရင်မင်းမြတ်ရဲ့ ပုံကြီးကို ဘောလုံးကွင်းရဲ့ စင်မြင့်ပေါ်မှာ ချိတ်ဆွဲထားပါတယ်။ နှင်းဆီအဝါ၊ ပန်းရောင်၊ သစ်ခက်စိမ်းစိမ်းတွေက စင်မြင့်ပေါ်မှာ ပန်းပွဲတော်ကြီးဖြစ်နေတယ်။ လှလိုက်တဲ့ပန်း။ ပန်းပွင့်တွေကို လှသထက်လှအောင် ထိုးထားတာက အနုပညာရော၊ အတတ်ပညာပါ ပေါင်းစပ်ထားတာမို့ မြင်ရသူအပေါင်း တသသပြောရတဲ့ ပန်းတွေပါပဲ။
ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့မို့ စခန်းထဲက NGO အဖွဲ့၊ VTC က ဖွင့်တဲ့ သင်တန်းသူ၊ သင်တန်းသား၊ ကျောင်းသူ၊ ကျောင်းသား စခန်းတွင်းနေထိုင်သူအားလုံး ဘောလုံးကွင်းမှာ ကျင်းပမယ့် မွေးနေ့ဆုတောင်းပွဲကို ချီတက်ရတယ်။ ဒီတော့ စခန်းထဲမှာ မနက်အစောကြီးကတည်းက “ဘယ်သူရေ” ၊ “ဘယ်ဝါရေ” ဆိုတဲ့ အသံတွေက အိပ်ပျော်နေသူတွေကိုပါ နှိုးလိုက်ပါတယ်။
ရိုးရာဝတ်စုံတွေ၊ အဝါရောင်ပါတဲ့ အင်္ကျီတွေနဲ့ ချီတက်သွားကြတာဖြင့် ဘောလုံးကွင်းကြီး ပြည့်သွားမလောက်ပါပဲ။ စင်မြင့်ပေါ်က ဓာတ်ပုံထဲမှာ ထိုင်းဘုရင်မင်းမြတ်ကြီးက ခန့်ခန့်ညားညား ချစ်ခင်လေးစားဖွယ်ရာအဆင်းနဲ့ ပြည့်စုံနေပါတယ်။ အကြောက်တရားနဲ့ လုပ်ရတဲ့ မွေးနေ့မဟုတ်ဘဲ ချစ်ခင်မှုနဲ့ လုပ်ရတဲ့ မွေးနေ့မို့ ကျမတို့လို ခေတ္တခိုလှုံနေသူတွေပါ ရင်ထဲမှာ လှိုက်လှဲလာပါတယ်။
ထိုင်းဘုရင်ရဲ့ ပြည်သူလူထုပေါ်ထားတဲ့ မေတ္တာစေတနာတွေကို ပြည်သူလူထုက မေတ္တာနဲ့ တုံ့ပြန်တဲ့ပွဲကို ပြပါဆိုရင် ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့လို့ ဆိုရပါမယ်။ ထိုင်းဘုရင်ရဲ့ မွေးနေ့ကို ကျမ ကြုံဖူးတယ်။ အဝါရောင်အင်္ကျီ ဝတ်ထားတဲ့သူတွေ အားလုံး ဘုရင့်မွေးနေ့အတွက် ဆုတောင်းပေးကြတယ်။
ညဘက်မှာတော့ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ဘုရင်ကြီး သက်တော်ရာကျော်ရှည်ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတယ်။ မီးမရှိတဲ့ တောင်ယာစိုက်ခင်းတွေမှာတောင် ဖရောင်းတိုင်ထွန်းပြီး ဆုတောင်းကြတာ။ ပျော်ရွှင်နေကြတဲ့ ထိုင်းပြည်သူပြည်သားတွေကို ကြည့်ပြီး သူတို့နိုင်ငံရဲ့ ဘုရင်မင်းမြတ်အပေါ် ထားရှိတဲ့ မေတ္တာကို ခန့်မှန်းနိုင်ပါတယ်။
ကျမတို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခွင့်သာ ရှိခဲ့ရင်လည်း အခုလိုမျိုး ဖြစ်မယ်ဆိုတာ ကျမ ရဲရဲကြီး ယုံကြည်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်ဖိုးက မြန်မာပြည်သူလူထု ရင်ထဲမှာ စိမ့်ဝင်နေပါတယ်။ ကျမတို့နိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဘယ်တော့လောက်မှ လွတ်လပ်စွာ ကျင်းပနိုင်ခွင့် ရပါမလဲ။
လောလောဆယ်တော့ ကျမတို့ကို ခေတ္တခိုလှုံခွင့်ပေးတဲ့ ထိုင်းဘုရင်မင်းမြတ်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။ ထိုင်းဘုရင်မင်းမြတ် မွေးနေ့ဆို စခန်းထဲမှာ ထူးခြားတတ်တယ်လို့ ကျမတို့ထက် အရင်ရောက်နေသူတွေက ပြောပါတယ်။ ကျမတို့ကလည်း သတင်းငတ်နေသူတွေမို့ ဘားများထူးမလဲပေါ့။
မွေးနေ့ပွဲမှာ အရင်ဆုံး စခန်းအုပ်ချုပ်ရေး ပလပ်က ဆုတောင်းပြီး ဂါဝရပြုပါတယ်။ ထိုင်းနိုင်ငံတော် သီချင်းနဲ့ အလေးပြုကြတယ်။ ပြီးတော့မှ ထိုင်းဘုရင်မင်းမြတ် ဓာတ်ပုံရှေ့က ကြာဖူးပုံသဏ္ဍာန် ရွှေပန်းခိုင်၊ ငွေပန်းခိုင်ကို လက်ကကိုင်ပြီး ဦးညွှတ်ကန်တော့ကြတယ်။
ဒီနောက်မှတော့ OPE လို့ ခေါ်တဲ့ (OVERSEAS-PROCESSING ENTITY) က တာဝန်ရှိသူတွေပါ ပါဝင်ဆင်နွှဲကြပါတယ်။ ထိုင်းလို၊ ကရင်လို၊ အင်္ဂလိပ်လိုတတ်တဲ့ တာဝန်ရှိသူတွေက စင်မြင့်ပေါ်ကနေ OPE ရဲ့ အဓိပ္ပာယ်ကို ရှင်းပြခိုင်းပါတယ်။ သိတဲ့သူကို စင်ပေါ်တက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဖြေနိုင်တဲ့ သူတွေကို အင်္ကျီဆုချပါတယ်။
OPE ဆိုတာ အမေရိကန်မှာ အခြေချနေထိုင်ဖို့ ဒုက္ခသည်တွေကို အရင်ဆုံး တွေ့ဆုံမေးမြန်းတဲ့ အဖွဲ့ပါ။ ပြည်ပနိုင်ငံတွေနဲ့ ပတ်သက်တဲ့ စာရွက်၊ စာတမ်းကိစ္စတွေကို ဘာသာစကား အခက်အခဲရှိတဲ့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးရတဲ့ အဖွဲ့အစည်းတခုပါ။ ဒီအဖွဲ့အစည်းကို တတိယနိုင်ငံကို သွားချင်ရင် ပိုက်ဆံပေးစရာလိုလားလို့ မေးပါတယ်။ အောက်ကသူတွေက မပေးရပါဘူးလို့ ဖြေပါတယ်။ ပေးခဲ့ရရင် လာရောက်တိုင်ကြားနိုင်ပါတယ်တဲ့။ ကျမတို့အားလုံးကို OPE က အင်္ဂလိပ်လို၊ ကရင်လိုပါတဲ့ တီရှပ်အင်္ကျီတွေကို ဝေပေးပါတယ်။
“အမေရိကန် ပြည်ထောင်စု အစီအစဉ်အတွက် လျှောက်ထားခြင်းသည် အခမဲ့ ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု အစီအစဉ်အတွက် လျှောက်ထားရန် ငွေကြေးပေးဆောင်ရခြင်းများကို တွေ့ရှိ (သို့) ကြားသိပါက ကျေးဇူးပြု၍ IRC ၊ OPE ၊ IOM (သို့) UNHCR သို့ တိုင်ကြားပါ” တဲ့။
ကျမတို့အားလုံး အဲဒီစာတမ်းပါတဲ့ အင်္ကျီကို အလုအယက် တိုးဝှေ့ယူနေကြတဲ့ အချိန်မှာ ဓာတ်ပုံထဲက ထိုင်းဘုရင်မင်းမြတ်က ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေရှာတယ်။ ထိုင်းဘုရင်မင်းမြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စခန်းရုံးထဲမှာ သွေးလှူဒါန်းပွဲ၊ မူကြိုကျောင်း ၆ ကျောင်းက ကလေးတွေရဲ့ ကဗျာရွတ်ဆိုပွဲကို ကျင်းပပါတယ်။
မူကြိုကလေးတွေရဲ့ အပြစ်ကင်းတဲ့ မျက်နှာ၊ သဘာဝအတိုင်းရှိတဲ့ ပြောဆိုနေတဲ့ အသံတွေကလည်း ချစ်ဖို့ကောင်းလှပါတယ်။ ကလေးမိခင်တွေက သူတို့သားသမီးတွေကို အဝတ်အစား သစ်သစ်လွင်လွင်နဲ့ စင်ပေါ်မှာ ကဗျာရွတ်နေတာကို ကြည့်ပြီး ကြည်နူးနေကြတယ်။ ကိုယ့်ကလေးကို သူများကလေးထက် သာစေချင်၊ တတ်စေချင်တဲ့ စိတ်တွေများနေတဲ့ မိခင်တွေ ထိုင်ခုံပေါ်မှာ မထိုင်နိုင်ဘူး။
စင်ပေါ်ရောက်နေတဲ့ ကလေးကို ကဗျာတွေ၊ ပုံပြင်တွေ မေ့မှာစိုးလို့ ဘေးကနေ လိုက်ပြောပေးနေတာ။ ဒီတော့ ကလေးကမိခင်ကို ပြန်ပြီး မေးနေပုံက အားလုံးကို ရယ်မောစေပါတယ်။
စင်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ကို မိတ်ဆက်ပြီး “လက်ဘလယ်နေ ၊ လက်ဘလယ်နေ” လို့ ကရင်လို ပြောပါတယ်။ ဗမာလို ဟိုးရှေးတုန်းကလို့ အဓိပ္ပာယ်ရပါတယ်။ ရှေ့ဆက် ဘာပြောရမှန်းမသိတော့ ကလေးက သူ့ကိုယ်ပိုင်သံစဉ်ကို အသုံးပြုလိုက်ပါတယ်။ အဲဒီသံစဉ်ကတော့ ငိုကြွေးခြင်းပါပဲ။ တချို့ ကလေးတွေကလည်း သားနာမည်ကတော့ ဇော်ဝင်းထွဋ်ပါ။ သားကတော့ အမှတ် ၅ မူကြိုကျောင်းက ကျောင်းသူလေးတယောက် ဖြစ်ပါတယ်တဲ့။ ကလေးသဘာဝအတိုင်း လွတ်လွတ်လပ်လပ် ပြုမူနေထိုင်ပြီး မပီကလာနဲ့ မှားနေတဲ့ဟန်ကလည်း ကြည့်နေသူကိုပါ ကြည်နူးစေတာပါ။ ကလေးတွေရဲ့ ချစ်ခင်ဖွယ်ရာ အမူအရာတွေက ဘာသာစကားကွဲပေမယ့် အငို၊ အရယ်၊ အပြုံးကတော့ အတူတူပါပဲ။
ညပိုင်းမှာတော့ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဓာတ်ပုံရှေ့မှာ ဖယောင်းတိုင်မီး ၁၅ဝဝ ထွန်းညှိပြီး ဆုတောင်းပေးကြတယ်။ နက်မှောင်နေတဲ့ ကောင်းကင်မှာ ကြယ်လေးတွေက တဖိတ်ဖိတ်လက်နေတယ်။ ကြယ်ရောင်နဲ့ ထိုးစွထားတဲ့ ညဟာ နှင်းဆီရနံ့တွေနဲ့ မွှေးပျံ့သင်းထုံနေပါတယ်။ ဖယောင်းတိုင်မီးနဲ့ ကြယ်တွေ အလင်းပြိုင်တဲ့ ညပေါ့။ ဆုတောင်းပွဲအပြီးမှာ ကရင်ဒုံးယိမ်းနဲ့ ဂုဏ်ပြုကြတယ်။
ကရင်ဒုံးယိမ်းရဲ့ တီးလုံးသံက မြူးကြွတဲ့ စိတ်၊ ပျော်ရွှင်တဲ့ စိတ်နဲ့ လူကို လှုပ်ရှားတတ်ကြွစေပါတယ်။ သစ်လွင်တောက်ပတဲ့ အဝတ်အစားတွေနဲ့ ကရင့်လူမျိုး၊ လူငယ်တွေ ကခုန်ပျော်ရွှင်နေကြတယ်။ လူအင်အား ၄ဝ လောက်ရှိတဲ့ ကရင်ဒုံးယိမ်းအဖွဲ့ ကနေတဲ့ စင်မြင့်ပေါ်က မီးချောင်းတွေ မှိတ်သွားပေမယ့် သူတို့ အကမပျက်ဘူး။ မီးစက်ရဲ့ ချို့ယွင်းမှုက ဒုက္ခသည်ဖြစ်ကြောင်း သက်သေပြလိုက်တာ။ မွေးနေ့ပွဲလာ ပရိသတ်ရဲ့ လက်နှိပ်ဓာတ်မီး အလင်းရောင်နဲ့ စင်ပေါ်က ကရင်ဒုံးယိမ်းအဖွဲ့ကို အားဖြည့်ခဲ့ကြတယ်။
ထိုင်းဘုရင်မင်းမြတ်ကို သူ့ပြည်သူလူထုတွေတင် မဟုတ်ဘဲ တခြားနိုင်ငံသားတွေကပါ ဂုဏ်ပြုကြတာ ဘယ်လောက်များ ဘုန်းကြီးလိုက်ပါသလဲ။ ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရားပုံတွေကို ထိုင်းနိုင်ငံရဲ့ အိမ်တိုင်းမှာ ချိတ်ဆွဲထားကြတယ်။ အိမ်တွေရဲ့ အထွဋ်အမြတ် နေရာတွေမှာ၊ လမ်းဝမုခ်ဦးတွေမှာ၊ ထိုင်းဘုရင်မင်းမြတ်နဲ့ ဘုရင်မပုံတွေ ရှိတယ်။ ထိုင်းဘုရင်မင်းမြတ် နုပျိုစဉ်က တောင်သူကြီးတွေနဲ့အတူ တောင်ယာတွေထဲမှာ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးနေတဲ့ ပုံတွေက မြင်ရသူ ကျမတို့ကိုပါ ဝမ်းသာကြည်နူးမှုကို ဖြစ်စေတယ်။ နိုင်ငံ့ခေါင်းဆောင် တဦးကိုယ်တိုင် ခက်ခဲကြမ်းတမ်းတဲ့ သူတို့လုပ်ငန်းခွင်ထဲကို လာရောက်အားပေးတာက သူတို့ဘဝ လုံခြုံမှုအတွက် အာမခံပေးလိုက်သလိုပဲလို့ ကျမတို့ ခံစားနိုင်ပါတယ်။ မိုးခေါင်လို့ လေယာဉ်နဲ့ မိုးအတုရွာပေးတဲ့အထိ ထိုင်းတောင်သူတွေကို ဘုရင်မင်းမြတ်က ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ခဲ့တာကိုး။ ထိုင်းတောင်သူတွေဟာ အဆင့်အတန်းမီမီ နေနိုင်ကြတယ်။
ကျမတို့နိုင်ငံမှာ နာဂစ်လေမုန်တိုင်းကြောင့် အတိဒုက္ခရောက်တဲ့ ပြည်သူလူထုဆီကို ချက်ချင်း ရောက်မလာဘဲ လချီကြာမှ ရောက်လာတဲ့ အာဏာရှင်က အတုကို အစစ်ထင်အောင်လုပ်၊ အစစ်ကို အတုထင်အောင်ပဲ လုပ်တတ်ခဲ့တာ။ အာဏာသိမ်း စစ်အုပ်စုဟာ ပြည်တွင်းစစ်ပဲ တိုက်တတ်တယ်။ ပြည်သူလူထု အကျိုးစီးပွားကို ကြည့်တတ်တဲ့ သူတွေ မဟုတ်ဘူး။
မီးထွန်းညှိပြီး ထိုင်းဘုရင်မင်းမြတ်ကြီး သက်တော်ရာကျော်ရှည်ဖို့ ဆုတောင်းနေတဲ့ ထိုင်းပြည်သူပြည်သားတွေရဲ့ အပြုံးဟာ အတင်းလုပ်ယူရတဲ့ အပြုံးမဟုတ်ဘူး။ သူတို့ ချစ်ခင်တန်ဖိုးထားကြည်ညိုတဲ့ ဘုရင်အတွက် ပြုလုပ်ဆောင်ရွက်ပေးခွင့်ရတဲ့ ဆုတောင်းပွဲအတွက် ပီတိဖြစ်ရတဲ့ အပြုံး။
ကျမတို့လည်း ကိုယ့်နိုင်ငံ ခေါင်းဆောင်အတွက် ဒီလိုဂုဏ်သိက္ခာရှိတဲ့ အပြုံးမျိုး ပြုံးခွင့်ရချင်ပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment