Wednesday, December 16, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၄၁)

မင်းဟန်

(၁၄၈)
၁၉၉၃ ခုနှစ် …. နှစ်ဆန်းကတည်းက ငွေကြေးအခက်အခဲကို ဒေါ်အောင်ဆန်းစုကြည် ကြီးကြီးမားမား ရင်ဆိုင်လာရပြီ။ သူမထံရှိ ငွေကြေးက ၁၉၈၉ ဇူလိုင်လ အထိန်းသိမ်းခံခဲ့ရစဉ် …. အိမ်တွင်ရှိသည့် ငွေပင်ဖြစ်ရာ …. ၃ နှစ်အတွင်း ပြတ်လပ်လေပြီ။ ဤသည်ပင်လျှင် …. ၃ နှစ်အတွင်း ခြိုးခြံချွေတာ သုံးစွဲခဲ့၍ ဤမျှအထိ ခံခြင်းဖြစ်၏။

ကြက်ဥကိုပင်လျှင် ….. လုံလောက်စွာ မဝယ်နိုင် …..။ နံနက်နှင့် ညစာပေါင်း၍ စားခဲ့ရသည့် ရက်များလည်း ရှိခဲ့ပြီ။ တခါ … တခါ အိမ်တွင် စားစရာဟူ၍ ဘာမျှမရှိသည့်အတွက် မစားမသောက်ဘဲ နေခဲ့ရသည့် ရက်များလည်း ဆက်၍ …. စိတ်လာ၏။ ၄၈ နှစ်အတွင်း ဝင်ခဲ့ပြီးဖြစ်သည့် အသက်က …. ငယ်ရွယ်နုပျိုစဉ်ကကဲ့သို့ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်တွင် စိတ်ရောကိုယ်ပါ မဖြစ်ချင်တော့ ….။

ဗီတာမင်နှင့် ပရိုတိန်းချို့တဲ့မှုကြောင့် …. ဆံနွယ်တို့က ဖီးသင်လေတိုင်း ကျွတ်၏။ ဆံပင်များကျွတ်ကျမှုက …. ဖီးသင်၍ပင် မဝံ့လောက်အောင် ဖြစ်ရ၏။ အာဟာရချို့တဲ့မှုဒဏ် တိုး၍ …၊ တိုး၍ …၊ ဆိုးဝါးစွာ ခံစားလာရ၏။ မျက်လုံးများက ပြာဝေ၍နေသည်။ လှုပ်ရှားလေတိုင်း …. မူးမိုက်လဲပြိုသွားလေမည်လား ထင်ရ၏။ တခုခုကို ဖေးမ၍ ကိုင်ထားရသည်။ မျက်စိမှိတ်၍ ငြိမ်သက်စွာ လဲလျောင်းနေလျှင်မူ သက်သာသကဲ့သို့ ရှိ၏။ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ယခင်ကကဲ့သို့ မလုပ်နိုင်တော့….။ တရားထိုင်ခြင်းကိုမူ အချိန်တိုးယူ၍ ထိုင်၏။ တရားထိုင်ခြင်းက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်၏ ချမ်းသာမှုနှင့် ကိုယ်၏ ကျန်းမာမှုကို ရစေ၏။ ခံစားနေရသော ဝေဒနာတို့ ငြိမ်းစေ၏။ နောက်ပိုင်းရက်များတွင်မူ …. ရင်ဘတ်အတွင်းမှ စူးနစ်စွာ ထိုးအောင့်နေမှုက …. ဆိုးဝါးလာ၏။ တရားမှတ်နေသော်လည်း ဝေဒနာက မငြိမ်း ….။ နှလုံးသားကို မီးကျီးခဲနှင့် ထိုးသကဲ့သို့ ခံစားရ၏။ အာဟာရပြတ်လပ်မှုကြောင့် နှလုံးသည်းပွတ်တို့ ပျက်ပြုန်းလေပြီလားဟု ထင်မှတ်မှားလောက်အောင်ပင် ရင်ဝမှ စူးရှစွာ အောင့်လေ၏။

စစ်အုပ်စုက သူမ၏ ကျန်းမာရေးအတွက် စစ်ဆေးမှုပြုလုပ်ရန် ဆရာဝန်တဦး စီစဉ်ပေးထားသော်လည်း သူမ၏ ဝေဒနာများက ဆရာဝန်နှင့်ပင် ကျန်းမာရေး စစ်ဆေးရန်မလို ….။ အာဟာရချို့တဲ့လွန်းရာမှ ဝင်လာသည့် ဝေဒနာများ …..။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။ သူမ ဆက်လက်အသက်ရှင်သန် နေထိုင်ရေးအတွက် မည်သို့ ကြံဆောင်ရမည်နည်း။ ခင်ပွန်းသည်ထံမှ ငွေကြေးကိုလည်း ယူ၍မဖြစ် ….။ နိုင်ငံခြားသား၏ အထောက်အပံ့ ရယူသည့်သူ ….. ဟူ၍ သူမအပေါ် စစ်အုပ်စုက ဝါဒဖြန့်စွပ်စွဲမှုများ ပြုလုပ်လာလိမ့်မည်။ ဤအကြောင်းပြချက်နှင့်ပင် သူမကို မြန်မာ့နိုင်ငံရေးမှ ဖယ်ကျဉ်ရန် စစ်အုပ်စုက လုံ့လထုတ်လာကြလိမ့်မည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ခွင့်မရရန် ကြံစည်မှုမျိုးက ရှိခဲ့ပြီးလေပြီ။ စစ်အုပ်စုမှ သူမ၏ စားသောက်ရေးအတွက် တာဝန်ယူခြင်းမျိုးကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုံးဝလက်မခံနိုင် ….။ မတတ်နိုင်။ နောက်ဆုံး ….. အိမ်တွင်းရှိ သူမပိုင်သည့် ပစ္စည်းများကို ရောင်းချ၍ စားရေးသောက်ရေး အခက်အခဲကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်၏။

ပထမ …. ရေချိုးကန် ဇလားကြီး ရောင်း၏။ ပြီးလျှင် ….. လေအေးပေးစက် ….။ စားပွဲ၊ ကုလားထိုင်၊ စသည့် ပရိဘောဂများ …။ မလိုအပ်သည့် အိမ်အသုံးအဆောင် ပစ္စည်းများကို တခုပြီးတခု ထုတ်ရောင်း၏။ ဗိုလ်မှူးကြီး သန်းထွန်းကလည်း တခုပြီးတခု ရောင်းပေး၏။ စန္ဒယားကြီးကိုမူ မည်သို့သော အခြေအနေရောက်ရောက် ….. မရောင်းချရန် ဒေါ်အောင်ဆန်းစုကြည် သံဓိဋ္ဌာန်ချထား၏။ စန္ဒယားက …. မိခင် ဒေါ်ခင်ကြည်၏ စန္ဒရား ….။ မေမေ့ပစ္စည်းကို အမှတ်တရအဖြစ် ထိန်းသိမ်းထားရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ထား၏။

ဒေါ်အောင်ဆန်းစုကြည်က …. သူမ၏ အခြေအနေကို ပြန်တွေးကြည့်ရင်း …. အဋ္ဌမမြောက် ‘ဂျွိုက်စ်ပီအာ(စ်) ’ အထိမ်းအမှတ် ဟောပြောပွဲသို့ ပေးပို့ရန် သူမ ရေးထားသည့် ‘စစ်မှန်သော လုံခြုံရာသို့’ စာတမ်းမှ စာတပုဒ်ကို အမှတ်ရမိ၍ ပြုံးမိသေးသည်။ ဆိုင်တော့ မဆိုင် ….။

“ဖြစ်မြောက်အောင်မြင်မှု မှန်သမျှကို ရုပ်ပိုင်းဆိုင်ရာ အမြင်ဖြင့်သာ တန်ဖိုးဖြတ်ခြင်းသည် လူ့အဖွဲ့အစည်းကို ကျဉ်းမြောင်းစေရန် ကန့်သတ်ထားသော အမြင်ပင်ဖြစ်ပါသည်။ ဤအမြင်အရသာ ဆိုပါက လူ့အဖွဲ့အစည်း ဆိုသည်မှာ အသက်ရှင်သန်လိုသော စိတ်လောက်ကိုသာ သိရှိခဲ့ကြသော သမိုင်းမတိုင်မီခေတ် လူသတ္တဝါများထက် အနည်းငယ်မျှသာ တိုးတတ်သည့် အတ္တပြင်းသော စားသုံးကုန်စုဆောင်းသည့် အဖွဲ့အစည်းတရပ်ပင် ဖြစ်နေပါတော့သည်။ ထို့ထက် သာလွန်မြင့်မြတ်သော အရည်အသွေးများ ရှိစေရန်မှာ စိတ်ပိုင်ဆိုင်ရာများကိုလည်း တန်ဖိုးထားရမည်ဖြစ်ပါသည်။ လူသားအနေနှင့် သောကကင်းဝေး လုံခြုံရေးကို လိုချင်တောင့်တကြသည်မှာ လုံးဝသဘာဝကျလှပါသည်။ အလျှံပယ်ကြွယ်ဝသော ရုပ်ဝတ္ထုပစ္စည်းများဖြင့် မိမိကိုယ်မိမိ ပတ်ဝိုင်း၍ အားဖြည့်ထားခြင်းဖြင့် လုံခြုံမှုရရှိမည် မဟုတ်သည်မှာ ခိုင်မာသော သက်သေသာဓကများ ရှိပါသည်။ သို့သော်လည်း လူပေါင်းများစွာတို့သည် ရုပ်ဝတ္ထုပစ္စည်းများ စုဆောင်းနိုင်မှသာလျှင် လုံခြုံမှုကို အာမခံပေးနိုင်မည့်အလား ပြုမူနေကြသည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပါသည်”

(၁၄၉)
၁၉၉၃ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရမှ ဗီဇာထုတ်ပေးသဖြင့် ခင်ပွန်းသည်နှင့် သားများ ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာရောက်ခွင့်ရ၏။ ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခွင့် ရခြင်းဖြစ်သည်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သည် ယခင် …. တဦးတည်း တည်ရှိနေခဲ့သည်မှ မိသားစုနှင့် စိုစိုပြေပြေ၊ ဝေဝေစီစီ …။ ငွေကြေးအတွက်ကိုမူ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပူပင်ရန် သိပ်မရှိတော့ဟု ထင်မှတ်ရသည်။

၁၉၉၁ ခုနှစ်က အင်္ဂလန်တွင် ထုတ်ဝေခဲ့သည့် သူမ၏ FREEDOM FROM FEAR စာအုပ်မှ ရောင်းချ၍ရသည့် အမြတ်ငွေကို ထုတ်ဝေသူမှ ရာခိုင်နှုန်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေး၏။

နိုင်ငံခြားငွေကို FEC နှင့် လဲပြီး သုံးရ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသည့် ‘မာရီယာ’ကပင် FEC နှင့် လိုအပ်သည်များ ဝယ်ခြမ်းပေးသည်။ လိုအပ်သည်များ ဝယ်ခြမ်းရာတွင်က ….. FEC နှင့် ဝယ်၍ရသည့် ဆိုင်အချို့တွင်သာ ဝယ်ရခြင်းဖြစ်သည်။ အစားအသောက်အတွက်ကိုမူ …. ‘မွေးမြူရေးနှင့် စိုက်ပျိုးရေးဌာန’ က ဖွင့်လှစ်သည့် ဆိုင်တွင် ဝယ်ရ၏။ ဤမှသာလျှင် ….. အမေရိကန် တဒေါ်လာကို ကျပ်ငွေ ၉ဝ နှုန်းနှင့် တန်ဖိုးထား၍ ဝယ်ယူနိုင်မည်။ ကျပ်ငွေနှင့်ကိုင်ပြီး ဝယ်ခြမ်းလျှင်က …. တဒေါ်လာကို ၆ ကျပ်နှင့် တန်ဖိုးလဲ၍ ဝယ်ရမည်။ အမှန်စင်စစ် ထိုစဉ်ကာလ အပြင်၌ ပေါက်နေသည့် ငွေလဲမှုနှုန်းက …. အမေရိကန် တဒေါ်လာလျှင် ၁၄ဝ ကျပ် ဖြစ်၏။ မတတ်နိုင်….။

ယခုအခေါက် သားများ ရောက်နေသည့်အချိန်တွင် သားနှစ်ယောက်ကို ရဟန်းခံရှင်ပြုပေးရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ၏။ သားနှစ်ယောက်ကို လွန်ခဲ့သည့် ၁၉၈၇ ခုနှစ်က မိခင်ကြီး မကွယ်လွန်မီတွင် …. ရွှေကြက်ယက် ဆရာတော်၏ ကျောင်း၌ ရှင်သာမဏေများ ဝတ်ပေးခဲ့ဖူး၏။ ထိုစဉ်က …. သားတို့က ငယ်လွန်းအားကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ ငယ်ရွယ်လွန်းသဖြင့် ရှင်သာမဏေဘဝ၊ ရဟန်းဘဝကို လေးနက်မှု နည်းပါးခဲ့လေမည်။ ထိုစဉ်က …. သားကြီးမြင့်ဆန်းအောင်သည်ပင်လျှင် …. အသက် ၁၄ နှစ်နှင့် သားငယ် အောင်ဆန်းလင်း (ခေါ်) ထိန်လင်းက ….. ၁ဝ နှစ်ပင် မပြည့်တတ်သေး ….။ ယခုမူ …. သားကြီးမြင့်ဆန်းအောင်က နှစ် ၂ဝ ပြည့်ပြီဖြစ်၍ ရဟန်းဘောင်သို့ ဝင်၍ရပြီ၊ သားငယ်ကမူ …. ၁၆ နှစ်သာ ရှိသေးသည်ဖြစ်၍ ရှင်သာမဏေအဖြစ်သာ ဝတ်ရမည်။

သား ၂ ယောက်ကို ပဉ္စဇင်းခံရှင်ပြုလိုသည့် အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်မှူးကြီးသန်းထွန်းကို ပြော၏။ ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် စစ်ခေါင်းဆောင်များထံ တင်ပြလိမ့်မည်။ မကြာ ….။ စစ်အုပ်စုက မကန့်ကွက်ကြောင်း သိရ၍ …. သားနှစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည် FREEDOM FROM FEAR စာအုပ်ရေး၍ ရသည့် ငွေကြေးဖြင့် ရဟန်းခံရှင်ပြုနိုင်ခဲ့၏။


(၁၅၀)
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တာဝန်ယူထိန်းသိမ်းနေသည့် ဗိုလ်မှူးကြီးသန်းထွန်းက … ၁၉၉၄ ခုနှစ် …. နှစ်ဦးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်ကို မေးလာ၏။ အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဘီရစ်ချက်ဆန် အပါအဝင် အခြားသူအချို့နှင့် တွေ့ဆုံရန် ဆန္ဒ ရှိ၊ မရှိ မေးမြန်းခြင်းဖြစ်သည်။ သူမကို ထိန်းသိမ်းထားသည့် ပုဒ်မ ၁ဝ (ခ) အရဆိုပါလျှင် …. နိုင်ငံရေးသမားများ၊ သံတမန်များ၊ သတင်းစာဆရာများနှင့် လုံးဝတွေ့ဆုံခွင့် မရှိ။ ကန့်သတ်ထား၏။ မိသားစုဝင်များမှလွဲ၍ တွေ့ခွင့်မရှိ …။ ဤသည်ကို ယခုစစ်အုပ်စုက သံသမန်များ၊ သတင်းစာဆရာများနှင့် တွေ့ရန် စီစဉ်ပေးမည်ဟု ဆိုလာ၏။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင်လည်း အမေရိကန် အောက်လွှတ်တော်အမတ် …. မစ္စတာ ရန်ဂလ်နှင့် အခြား ၂ ဦး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အကြောင်း စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ဖူး၏။ လာရောက်မည့်သူများ၏ အမည်နှင့် အလုပ်တာဝန်များကိုလည်း ပြောပြ၏။ ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် တွေ့ဆုံရေးအတွက် သူမ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းချက်အချို့ကို လာရောက်တွေ့ဆုံမည့် သူများထံ အသိပေးအကြောင်းကြားစာ ရေးသား၍ ပေးပို့မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် နဝတ အာဏာပိုင်များကို တောင်းဆိုခဲ့၏။

ကာယကံရှင်များထံသို့ သက်ဆိုင်ရာသံရုံးမှတဆင့် ပေးပို့မည်။ သို့တည်းမဟုတ် …. ခင်ပွန်းသည် မိုက်ကယ်အဲရစ်မှတဆင့် ပေးပို့မည်။ မိတ္တူကိုမူ …. နဝတကို ပေးမည်။ ဒေါ်အောင်ဆန်းစုကြည် တင်ပြအဆိုပြုချက်ကို စစ်အုပ်စုက လက်မခံ …။ ငြင်းပယ်၏။ နောက်ဆုံး …. မည်သည့်အကြောင်းကြောင့်ဟူ၍ မသိရ … လာရောက်တွေ့ဆုံကြမည့် မစ္စတာ ရန်ဂလ်၏ ခရီးစဉ်က ပျက်ပြယ်၍သွား၏။

တဆက်တည်းပင် …. ကုလသမဂ္ဂမှ ပါမောက္ခယိုကိုတာ ရန်ကုန်သို့ လာ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းခံခဲ့၏။ မရ …။ စစ်အုပ်စုက ငြင်းပယ်လိုက်သည်ပင် ….။ ကုလသမဂ္ဂမှ ပါမောက္ခ ယိုကိုတာကဲ့သို့သော တာဝန်ရှိသည့် ပုဂ္ဂိုလ်တဦးကို သူမနှင့် တွေ့ဆုံခွင့် မပြုခဲ့သည့်အတွက်မူ …. စစ်အုပ်စုအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်မိ၏။ ဤအတွက်ပင် …. ယခု မစ္စတာ ဘီရစ်ချက်ဆန်နှင့်အတူ လာရောက်တွေ့ဆုံကြမည့်သူ ၂ ဦးအနက် …. တဦးသည် ကုလသမဂ္ဂမှ အရာရှိတဦး ပါဝင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် တွေ့ဆုံရေး စည်းမျည်းသတ်မှတ်ချက် ၃ ချက်တွင် တချက်အဖြစ် ထည့်သွင်းတောင်းဆိုခဲ့၏။ ဤအတွက် …. ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ မစ္စတာ ဂျေဟန်ရာဟင်မ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘီရစ်ချက်ဆန်အနေနှင့်မူ ရန်ကုန်ခရီးစဉ်က ယခုခရီးသည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်၏။ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ပထမအကြိမ်အဖြစ် ရန်ကုန်သို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က …. ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် စစ်ခေါင်းဆောင်များထံ၌ တောင်းဆိုခဲ့သော်လည်း … ခွင့်မပြု။ မရေရာသည့် အကြောင်းပြချက်နှင့် ငြင်းပယ်ခဲ့၏။

ယခုအကြိမ်တွင်က …. စစ်အုပ်စုမှပင် ရန်ကုန်သို့ လာရောက်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါရန် …၊ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အမေရိကန်ရှိ မြန်မာသံအမတ် ဦးသောင်းမှတဆင့် မစ္စတာ ဘီလ်ရစ်ချက်ဆန်ကို ဆက်သွယ်၍ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ထူးတော့ ထူး၏။ သို့သော် … မဆန်း။ ဤသို့ပင် ဆိုရမည်ပင် …။
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် စစ်အုပ်စုသည် ရည်ရွယ်ချက်တခုအတွက် မျက်နှာကောင်းတခုခုရရန် စီစဉ်နေပုံရ၏။ သူမကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းထားခြင်းကပင် …. စစ်အုပ်စုအား နိုင်ငံတကာတွင် ပြောစရာ၊ ဝေဖန်စရာ ဖြစ်နေသည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ခဲ့သည့် စစ်အုပ်စု၏ အမျိုးသား ညီလာခံသည်လည်း IMAGE က မလှ …။ ညီလာခံအတွင်း လွတ်လပ်စွာ သဘောထား တင်ပြသည့်အတွက် ဒေါက်တာအောင်ခင်ဆင့် အဖမ်းအဆီးခံရ၏။ လွိုင်ကော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ချို အထိန်းသိမ်းခံရ၏။ ပြီးလျှင် …. ညီလာခံ တက်ရောက်နေသည့် … ဖယ်ခုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်းမာရ်ကိုဘန်းနှင့် ညီလာခံ သဘာပတိအဖွဲ့ဝင်တဦးဖြစ်သည့် လားဟူ အမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးဒယ်နီရယ်အောင်တို့က ….. မာနယ်ပလောသို့ ထွက်ခွာခဲ့ကြပြီး ညီလာခံ၏ အတွင်းသရုပ်ကို ဖွင့်ချပြကြ၏။

လက်ငင်းအခြေအနေများအရ … စစ်အုပ်စု၏ ပြည်တွင်းနိုင်ငံရေးပုံရိပ်က မကောင်း ….။ မလှပ …။ ဤအခြေအနေနှင့် … အာဆီယံသို့ ဝင်ခွင့်ရရေးဟူသည်က အခက်အခဲများ ရှိနိုင်မည်။ လေ့လာသူနေရာစားပွဲမှ အမြဲတမ်း အဖွဲ့ဝင်နေရာသို့ ကူးပြောင်းနိုင်ရေးအတွက် တခုခု … လုပ်ပြရမည်။ ပြီးလျှင် …

စစ်အုပ်စု၏ ရွေးချယ်မှုက ဂျီနီဗာတွင် ကျင်းပပြုလုပ်မည့် လူ့အခွင့်အရေးဆွေးနွေးပွဲ မတိုင်မီ မစ္စတာ ဘီလ်ရစ်ချက်ဆန်၏ ခရီးစဉ် ဖြစ်မြောက်လာစေပြီး …. စစ်အုပ်စုက သဘောထားပျော့ပြောင်းကြောင်း ကမ္ဘာကို ပြလိုကြခြင်းဖြစ်သည်။

(၁၅၁)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။
အမှန်တကယ်ပင် …. အမေရိကန် ကွန်ဂရက်အမတ် မစ္စတာ ဘီလ်ရစ်ချက်ဆန်၊ နေယူးယောက်တိုင်း သတင်းစာမှ ဖီးလစ်ပ်ရှယ်နွန်နှင့် ကုလသမဂ္ဂမှ ဂျေဟန်ရာဟင်မ်တို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်က … ဧည့်သည် ၃ ဦးကို နေအိမ်၏ ဧည့်ခန်းအတွင်း၌ပင် လက်ခံ၍ တွေ့ဆုံ၏။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးကြီးသန်းထွန်းက … ၁၅ ရက်နေ့ နံနက် ၁ဝ နာရီတွင် အမေရိကန် ကွန်ဂရက်အမတ် မစ္စတာ ဘီလ်ရစ်ချက်ဆန်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံမည့်အကြောင်း ပြော၏။ ပြီးလျှင် …. ဧည့်သည်များနှင့် ဧည့်ခံစကားပြောနိုင်ရန် စားပွဲ၊ ကုလားထိုင်များကိုလည်း ယူလာပေး၏။ ဒေါ်အောင်ဆန်းစုကြည်၏ ဧည့်ခန်းတွင်က …. ပရိဘောဂဟူ၍ မရှိတော့ ….။ ပြီးခဲ့သည့်နှစ်များက ငွေပြတ်လပ်၍ ပရိဘောဂများ ထုတ်၍ရောင်းချခဲ့ရလေပြီ …။

ဧည့်သည် ၃ ဦးက ၅ နှစ်နီးပါး ကာလအတွင်း အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဧည့်ခန်းသို့ ပထမဦးဆုံး ရောက်ရှိကြသည့် လူသားများဖြစ်၏။

No comments: