Friday, December 18, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၂

မင်းဟန်

(၁၅၂)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် …။
ဧည့်ခန်းဆောင်အတွင်းသို့ ဧည့်သည်များ ရောက်လာခဲ့ကြ၏။ အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာဘီလ်ရစ်ချက်ဆန်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ မစ္စတာဂျေဟမ်ရာဟင်(မ်)နှင့် နယူးယောက်တိုင်း သတင်းစာမှ သတင်းထောက် မစ္စတာ ဖီးလစ်ရှယ်နွန် …. တို့ ၃ ဦး။ ဒေါ်အောင်ဆန်းစုကြည်က တယောက်ချင်းစီနှင့် မိတ်ဆက်၏။

မစ္စတာ ဘီလ်ရစ်ချက်ဆန်က …. သူ အင်းစိန်ထောင်သို့ တခေါက်သွားရောက်ရန် ရှိသည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်အားပြောသဖြင့်…. အကြောင်းအရာက အကျဉ်းထောင်အတွင်း အကျဉ်းကျနေကြသည့် ….. ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ဒေါက်တာ အောင်ခင်ဆင့်၊ ကိုမင်းကိုနိုင်၊ မသီတာ (စမ်းချောင်း) တို့၏ အခြေအနေများဆီသို့ ရောက်သွား၏။ ဒေါ်အောင်ဆန်းစုကြည်က ဘီလ်ရစ်ချက်ဆန်ကို အင်းစိန်ထောင်သို့ သွားရောက်ခဲ့ပြီးပါက …. သူမထံသို့ ပြန်လာပြီး အကျိုးအကြောင်း ပြောပြပေးပါရန် မေတ္တာရပ်ခံသည်။

မစ္စတာ ဘီလ်ရစ်ချက်ဆန်က ….. ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပါးလိုက်သည့် စာများ ပေးသည်။ စာများက …. အမေရိကန်သမ္မတ ဘီကလင်တန်နှင့် သမ္မတကတော်တို့ထံမှ ရေးလိုက်သည့်စာ ….။ ဂျော့(ခ်ျ)တောင်း တက္ကသိုလ်ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်၊ အောက်စဖို့တက္ကသိုလ်၊ စိန်ဂျွန်ကောလိပ်ဝါဒင်ထံမှနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် မိသားစုထံမှ စာများ ဖြစ်သည်။ ဆောင်းနှောင်းရက်ကြွင်းရာသီက ရန်ကုန်ကို အပူ၊အအေးမျှတစွာနှင့် ပွေ့ပိုက်၍ထားသည်။ အင်းလျားရေပြင်အား ပွတ်တိုက်၍ ဖြတ်သန်းလာသည့် လေက …. ဧည့်ခန်းအတွင်းသို့ မွှေနှောက်ပြီး တက္ကသိုလ်ရိပ်သာ လမ်းမဘက်ဆီသို့ ထွက်သွားကြပြန်သည်။

အာဏာပိုင်များက …. ခြံအရှေ့နှင့် ခြံဝင်းအတွင်းရှိ၊ လုံခြုံရေးတပ်သားများကို ခြံအနောက်သို့ ရွှေ့ထားသဖြင့် ခြံဝင်းအတွင်း၌ လက်နက်ကိုင် စစ်သားများ ကင်းနေသည့်ဟန် ….။

ဒေါ်အောင်ဆန်းစုကြည်က … UNDP ဌာနေကိုယ်စားလှယ် မစ္စတာရာဟင်မ်ဘက်သို့လှည့်ကာ … “ပါမောက္ခယိုကိုတာ မလာနိုင်မှန်း ကျမ သိပေမယ့် ကုလသမဂ္ဂ ကိုယ်စားလှယ် တဦးဦးကို ဒီတွေ့ဆုံပွဲမှာ ပါဝင်စေချင်ခဲ့တာပါ။ ကျမကို ထိန်းသိမ်းထားတဲ့ ဥပဒေအရ ကျမဟာ သံတမန်များ၊ နိုင်ငံရေးပါတီများနဲ့ ပတ်သက်သူများမှအပ ကျန်ဘယ်ပုဂ္ဂိုလ်မျိုးနဲ့မဆို တွေ့ဆုံခွင့် ရှိရပါ့မယ်။ အခု ရောက်ရှိလာကြတဲ့ လူကြီးမင်းတို့ သုံးယောက်ဟာ တကယ်တော့ အဲဒီဥပဒေအရ တွေ့ဆုံဖို့တားမြစ်ထားခံရသူတွေ ဖြစ်ပါတယ်” … ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မစ္စတာရာဟင်မ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးလိုက်သည့် အတွင်းရေး မှာကြားချက်များ သူ့ထံတွင် ပါလာကြောင်း ဆို၏။

မစ္စတာရစ်ချဒ်ဆန်က …
“ကျနော် ကုလသမဂ္ဂ ဌာနချုပ်ကို ရောက်နေတုန်း အမေရိကန်သံအမတ်ကြီး အောလ်ဘရိုက်က နေ့လယ်စာ တည်ခင်းပြီး ဧည့်ခံပွဲ ကျင်းပပေးပါတယ်။ အဲဒီပွဲကို တက်ရောက်လာတဲ့ သံအမတ် အတော်များများကိုလည်း ကျနော့်ရဲ့ အခု ဒီလာမယ့်ခရီးစဉ် အကြောင်းကို ကြိုတင်ပြောပြခဲ့ပါတယ်။ အဲဒီပွဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်မင်းကြီးအသစ်ဖြစ်တဲ့ အာယာလာလာဆိုကို ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာတရပ် ပါးပေးလိုက်ဖို့လည်း ကျနော် မေတ္တာရပ်ခံခဲ့ပါတယ်” တွေ့ဆုံခြင်းက စကားဝိုင်းသဖွယ် ဖြစ်လာ၏။ ပွင့်ပွင့်လင်းလင်း … ပေါ့ပေါ့ပါးပါး …။

မစ္စတာရစ်ချဒ်ဆန်သည်က အောက်လွှတ်တော်ရှိ ဒီမိုကရက်ပါတီ၏ အမတ်အများစုအတွင်းတွင် ဒုတိယ ခေါင်းဆောင်ဟု ဆို၍ရသည့်သူ ဖြစ်သည်။

“ကျနော် ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး … အမေရိကန် ပြည်သူလူထု၊ အမေရိကန် ကွန်ဂရက် လွှတ်တော်တရပ်လုံးနဲ့ သမ္မတကြီး ကလင်တန်တို့ အားလုံးက၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို ထောက်ခံအားပေးနေပါတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြားဖို့ပဲ ဖြစ်ပါတယ် …”

ပြီးလျှင် … မစ္စတာရစ်ချဒ်ဆန်က ဆက်၍ …
“လက်ရှိအခြေအနေအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သို့သုံးသပ်ပါသလဲ …။ အခြေအနေ တိုးတက်လာရန် မည်သည့်လမ်းမျိုး တွေ့ထားလဲ …” ဟူသည့် မေးခွန်းကို ထုတ်၏။

ဆိုလိုသည်က စစ်အုပ်စုမှ ပြုလုပ်နေသည့် အမျိုးသားညီလာခံနှင့်ပတ်သကတ်၍၊ ဒေါ်အောင်ဆန်းစုကြည်၏ ကို အမြင်မေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က … “ကျမရဲ့ သဘောထားအမြင်ကို ပြောမပြခင် ဒီအမျိုးသား ညီလာခံဆိုတာအပေါ် ရှင်တို့အနေနဲ့ ဘယ်လိုယူဆတယ် ဆိုတာလေး ကျမကို ပြောပြပါလား …”

“… လေးနက်မှု မရှိတဲ့ လုပ်ရပ်ပါ။ အမေရိကန် ပြည်ထောင်စုရဲ့ အနေအထားကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လေးစားရမယ် ဆိုတာပဲ ဖြစ်တယ်။ အမျိုးသားညီလာခံလို့ ခေါ်ပြီး ဖော်ဆောင်နေမှုဟာ အရေးပါတယ်ဆိုပြီး ကျနော်တို့ လက်မခံနိုင်၊ မယုံကြည်နိုင်ပါဘူး။ ကျနော်တို့ကတော့ ‘ဒီမိုကရေစီ အုပ်ချုပ်ရေး’ ဆီကို ပြောင်းလဲပေးဖို့ တိကျတဲ့ အချိန်ဇယား သတ်မှတ်ပေးရေးအတွက်ပဲ တွန်းအားပေးနေရပါတယ်” ဟု … မစ္စတာရစ်ချဒ်ဆန်က ပြောသည်။

မစ္စဟာရာဟင်မ်ကလည်း … “ကျနော် မြင်တာကတော့ အမျိုးသားညီလာခံရဲ့ တချို့အစိတ်အပိုင်းတွေကိုတော့ အတွေးရခက်ပါတယ်။ အချေအတင် အပြန်အလှန် တင်ပြဆွေးနွေးမှုဆိုတာ အလွန့်အလွန် ဆိတ်သုန်းနေတာ တွေ့ရပါတယ်”

နယူးယောက်တိုင်းမ် သတင်းထောက် မစ္စတာဖိလစ်ပ်ရှယ်နွန်က … “ကျနော် ဒီညီလာခံကို ဝင်ကြည့်ခွင့် တချက် ရလိုက်ပါတယ်။ အဲဒီမှာ တကယ့် အချေအတင် တင်ပြပြောဆို ဆွေးနွေးမှုဆိုတာ မရှိပါဘူး”
“… ဒီကိစ္စကြီးက ဟန်ပြလုပ်ရပ်ကြီးပါ …” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က၊ စစ်အုပ်စု၏ အမျိုးသားညီလာခံကို မှတ်ချက်ပြု၏။

(၁၅၃)
မစ္စတာ ဘီလ်ရစ်ချက်ဆန်က အမေရိကန်သမ္မတကြီး ဘီလ်ကလင်တန် ပေးလိုက်သည့် လက်ဆောင်ကို ဒေါ်အောင်ဆန်းစုကြည်သို့ ထုတ်ပေး၏။ ဖောင်တိန်တချောင်း ….။

ဒေါ်အောင်ဆန်းစုကြည်က …. သူမသည် ယနေ့ထိ ဘောပင်အားမသုံးဘဲ မင်ရည်ထည့်၍ ရေးရသည့် ဖောင်တိန်မျိုးကိုသာလျှင် …. တခုတ်တရ စွဲစွဲမက်မက် ကိုင်တွယ်နေသေးကြောင်း ပြောသည်။ ပြီးလျှင် …. သမ္မတကြီး လက်ဆောင်ပေးလိုက်သည့် ဖောင်တိန်ကို ယူ၍ ဖွင့်ကြည့်သည်။

ဖောင်တိန်က … မင်ရည်ထည့်ရေးရသည့် … ဖောင်တိန်မဟုတ် …။ ဖောင်တိန်သဏ္ဍာန် ပြုလုပ်ထားသည့် ဘောပင်တချောင်းပင် ….။

အားလုံး …. ရယ်မောလိုက်ကြ၏။ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၏ ဧည့်ခန်းဆောင်အတွင်းမှ ရယ်မောသံများက …. ဝေဝေစီစီ။ စိုစိုရည်ရည် …။ မြောက်ပြန်လေနှင့်အတူ ရယ်မောသံများက အင်လျားရေပြင်ကျယ်ကို လျှပ်တိုက်၍ ဖြတ်ကျော်လေ၏။

အားလုံးက ပေါ့ပေါ့ပါးပါး …. လွတ်လွတ်လပ်လပ်။ ရွှင်ရွှင်ပြပြနှင့် ….။
မစ္စတာရစ်ချဒ်ဆန်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေး အလားအလာနှင့် ပတ်သက်၍၊ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို မေးသည်။

“ဆွေးနွေးပွဲလုပ်ဖို့ တချိန်လုံး ကျမ တိုက်တွန်းနေတာ ဒီအတွက်ပါပဲ။ အဲဒီလို ဆွေးနွေးပွဲ ဖြစ်မြောက်လာရေးအတွက် ကျမတို့ ကြိုးပမ်းကြရပါလိမ့်မယ်။ ဒါပေမဲ့ နဝတက ဆွေးနွေးဖို့ ငြင်းနေတော့ ကျမတို့ ဘာတတ်နိုင်မှာလဲရှင်။ အခြေခံတရပ်အနေနဲ့ လိုအပ်နေတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စိတ်ဓာတ်ရှိဖို့၊ စေတနာရှိဖို့ပဲ ဖြစ်ပါတယ်။ ကျမကတော့ သူတို့ကို စကားပြောလိုကြောင်း အမြဲပဲ ကမ်းလှမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာအတွက် တခုတည်းသော အဖြေဟာ တွေ့ဆုံစကားပြောခြင်းပဲ ဖြစ်ပါတယ်။ ကျမကတော့ အချိန်မရွေး အဆင်သင့်ပါပဲ။ သူတို့က စိတ်ထက်သန်ပုံ မရပါဘူး။ အဲဒါ ဘယ်လိုကြောင့်မှန်းဆိုတာ ကျမ နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ စကား အချေအတင်ပြောပွဲ မဟုတ်ဘူးနော် …၊ သဘောမတူတာတွေ၊ ငြင်းခုံတာတွေ ရှိမှာပဲ။ စကားရည်လုပွဲလိုတော့ …၊ ရှုံးသူနိုင်သူရယ်လို့ မရှိပါဘူး။ မျက်နှာပျက်စရာ၊ မျက်နှာနာစရာ ဆိုလို့လည်း မရှိပါဘူး။ ဒီဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်က တိုင်းပြည်အတွက် အကောင်းဆုံး ဖြေရှင်းချက် ပေါ်လာအောင် ရှာကြံဖို့ပဲ ဖြစ်ပါတယ်”

စကားဝိုင်းသည် ခဏငယ်မျှ ဆိတ်ငြိမ်၍ သွား၏၊ ပြီးလျှင် … မစ္စတာရစ်ချဒ်ဆန်က သူ၏ အမြင်ကို ပြောသည်။

“ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆီကို ပြောင်းလဲရေးကိစ္စမှာ အဓိက သော့ချက်ကတော့ ခင်ဗျားနဲ့ (နဝတ) တို့ တွေ့ဆုံဆွေးနွေးကြဖို့ပဲလို့ ကျနော် မြင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာရစ်ချဒ်ဆန်၏။ စကားဆုံးသည်နှင့် တွေ့ဆုံဆွေးနွေးပွဲအပေါ် အမြင်ရှင်းစေရန် သူမ၏ သဘောထားကို ထပ်မံ၍ပြောသည်။

“… နဝတ နဲ့ အဖွဲ့ချုပ်၊ နဝတနဲ့ ဒီမိုကရေစီ အင်အားစုများအကြား ဆွေးနွေးပွဲပေါ့ရှင်။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု အသစ်တမျိုး … ထပ်ဖြစ်ထွန်းလာတာကို ကျမ မတွေ့ချင်ပါဘူး။ ကျမတို့ ဒီမှာ ဒီမိုကရေစီကို တည်ထောင်ကြမယ်ဆိုရင် ကျမတို့ဟာ လူပုဂ္ဂိုလ်တွေအပေါ် အခြေမတည်ကြဘဲ ခိုင်မာတဲ့ အခြေခံမူများပေါ်မှာပဲ အခြေပြုကြဖို့ လိုအပ်ပါမယ်။ အာရှတခွင်လုံးမှာ ပုဂ္ဂိုလ်အလေးပေးတဲ့ ပုံစံတွေကိုပဲ တွေ့နေရပါတယ်။ ဒါကို ကျမတို့ ပြောင်းလဲပစ်သင့်ပါပြီ။ ကျမကို နက်ဖြန် ပြန်လွှတ်လိုက်ပေမယ့် နဝတ က၊ တကယ်လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို မလုပ်ဘူးဆိုရင်တော့ … တိုင်းပြည်အတွက် ဘာမှ အထောက်အကူ ဖြစ်လာမှာ …၊ သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး။ အခုကိစ္စဟာ လူနှစ်ဦးကြားမှာ ဖြစ်နေတဲ့ ရိုးရိုးကိစ္စလေး မဟုတ်ပါဘူး …။ သူတို့အနေနဲ့ နားလည်ထားသင့်တာက …၊ ပျော့ပြောင်းမှု ရှိတာဟာ အားနည်းချက် မဟုတ်သလို တင်းမာကြောင်း ပြသနေတာဟာလည်း အင်အားရှိတဲ့သဘော မဟုတ်ဘူး … ဆိုတဲ့ အချက်ပါပဲ ...” ဟူ၍ သူမ၏ စကားကို အဆုံးသတ်လိုက်သည်။

“… ကနဦး တွေ့ဆုံဆွေးနွေးပွဲကို ဘယ်လိုပုံစံ ဘယ်လိုသဏ္ဍာန်မျိုး ဖြစ်သင့်တယ်လို့ အကြံပြုချင်သလဲ။ နှစ်ဦးနှစ်ဖက် ပုံစံလား ဒါမှမဟုတ် ကြားခံတဦးခံပြီး သုံးပွင့်ဆိုင် ပုံစံလား …”

မစ္စတာရစ်ချဒ်ဆန်က၊ဒေါ်အောင်ဆန်းစုကြည်အားထပ်၍မေးပြန်၏။

ဒေါ်အောင်ဆန်းစုကြည်က … “… ကျမအနေနဲ့ မြင်တာကတော့ … ကနဦး ကျမတို့ ပထမ အကြိုဆွေးနွေးပွဲ တခုနဲ့ စဖို့ လိုအပ်ပါလိမ့်မယ်။ တကယ့်ဆွေးနွေးပွဲဟာ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတဲ့အပေါ် သဘောတူညီချက် ယူကြရလိမ့်မယ်။ ဒီနည်းနဲ့ ကျမတို့ တဦးပေါ်တဦး ယုံကြည်စိတ်ချရမှုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီမှတဆင့် ကျမတို့ဟာ အနှစ်သာရရှိတဲ့ အဓိက ဆွေးနွေးမှုအဆင့်ကို တက်လှမ်းနိုင်ကြပါမယ် …။ တကယ်လို့ သူတို့ဟာ တခုခုကို ကြောက်ရွံ့စိုးရိမ်နေကြမယ်။ ကျမရဲ့ နောက်နားမှာ ကိုလိုနီလက်သစ် တစ္ဆေကောင်ကြီး ကပ်ပြီး ရှိနေတယ်လို့ သူတို့ တကယ့်ကို လေးလေးနက်နက် ထင်မြင် ယုံကြည်နေကြရင် ကျမနဲ့ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးသင့်တာပေါ့။ ကျမဟာ မြန်မာနိုင်ငံကိုပဲ သစ္စာစောင့်သိသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူထုကလည်း သူတို့အကျိုးကို သယ်ပိုးမယ့် ပုဂ္ဂိုလ်ကိုပဲ ထောက်ခံကြမှာပါ။ နိုင်ငံခြားအကျိုးကို လိုလားတယ်ဆိုတဲ့ ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ ထောက်ခံအားပေးကြမှာ မဟုတ်ဘူး ဆိုတာကို သူတို့ ထည့်မစဉ်းစားမိကြဘူးနဲ့ တူပါတယ်။

သူတို့ အခုတလော ရေးဆွဲနေကြတဲ့ အခြေခံဥပဒေသစ်ထဲက သမ္မတရဲ့ အရည်အချင်း သတ်မှတ်ပုံတွေကို ကျမ သိပ်အံ့သြပါတယ်။ ဒါဟာ ဘာကို ရောင်ပြန်ဟပ်ပြနေသလဲဆိုတော့ သူတို့ဟာ ဒီမိုကရေစီစနစ်ကို နားလည်မှု လွဲနေတာရယ်၊ မြန်မာပြည်သူလူထုကို နားလည်မှု လွဲနေတာရယ်ကို ဖော်ပြနေတာပါပဲ။ တချို့က ကျမကို ခေါင်းမာတယ်လို့ ဆိုကြပါတယ်။ ကျမ ဆွေးနွေးဖို့ ခေါင်းမာစွာနဲ့ ငြင်းဆန်တဲ့ အကြောင်းအရာက တခုပဲ ရှိပါတယ်။ ကျမ နိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ကိစ္စကိုပါပဲ။ မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့နဲ့ အခြားအဖွဲ့အစည်းတွေဟာ သူတို့ တတ်နိုင်သလောက် လုပ်နေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းကနေပြီး ဒီမိုကရေစီ ရရှိရေးအတွက် လုပ်မယ့်လူတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ ကျမဟာ ဒီနိုင်ငံထဲမှာ ရှိဖို့ကို လိုအပ်ပါတယ်။ အမှန်တကယ်မှာတော့ … ကျမတို့ဟာ အင်မတန်ကို ကြိုတွက်ရခက်တဲ့ အစိုးရနဲ့ ဆက်ဆံနေရပါတယ်။ နဝတ ဟာ စိုးရိမ်စိတ်တွေရဲ့ လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်နေတာပါ” ရှည်လျားစွာ ပြောဆိုပြီး … ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားကို အဆုံးသတ်လိုက်သည်။ ဧည့်ခန်းအတွင်း ခဏငယ်မျှ တိတ်ဆိတ်၍ နေ၏။ မြောက်ပြန်လေအသော့ကြောင့် ခန်ဆစီးစများက တဖျပ်ဖျပ် လူးလွန့်လျက် …..။


No comments: