Wednesday, December 9, 2009

ဒီမိုကရေစီအာဘော် မီဒီယာခေတ်ပြိုင်

အတာ (ဧရာဝတီ)

“အတွတ်” အပေါ် အမြင်ထောင့်အမျိုးမျိုးက ကြည့်ခဲ့ကြတဲ့သူတွေ ရှိကြပါတယ်။ “အတွတ်” ကို “အတာ” ကတော့ နိုင်ငံရေးသတ္တ၀ါ (Political being) လို့တော့ မြင်တယ်။ အတွတ်ဟာ နိုင်ငံရေးသမား (politician) လို့တော့ “အတာ” က ဘယ်တုန်းကမှ မမြင်ခဲ့ဘူး။ အတွတ်ဟာ “သတင်းသမား” ပဲ။ အတာက အဲသလိုပဲ ထုတ်ဖော်လေ့ရှိတယ်။ သတင်းစာနဲ့ နိုင်ငံရေးဟာ ခွဲမရတဲ့ လူမှုဗေဒတခုပဲဆိုတော့ အတွတ်ကို နိုင်ငံရေးသမားလို့ပဲ မြင်လာကြတာလည်း ဖြစ်ပေမပေါ့။

အတွတ်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ဘက်စုံတိုက်ပွဲရဲ့ ဘူမိနက်သန်ဖြစ်တဲ့ “ဖျာပုံ” ခရိုင် ရေခံမြေခံ အခြေခံက ပေါက်ဖွားလာခဲ့တာ။ “ဖျာပုံ” ဆိုတာ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နဲ့ပူးပေါင်းမှာကို အကြီးအကျယ်ဆန့်ကျင်ခဲ့ပြီး အဲဒီခေတ် ဂျပန်ဟာ “ဖက်ဆစ်” တွေလို့ ပထမဆုံးကြေညာခဲ့တဲ့ ဗမာပြည်ကွန်မြူနစ် ကွန်ဂရက်ရဲ့ အမာခံနယ်မြေဖြစ်ခဲ့တယ်။ ကွန်မြူနစ်ပါတီ၊ ဗမာပြည်ကို ပေါ်ပေါက်စေခဲ့တဲ့ ကွန်မြူနစ်ယူနစ်ပေါင်း (၂၀၀) ကျော်ကို စည်းရုံးဖွဲ့စည်းနိုင်ခဲ့တယ်။ အဲဒီအထဲမှာ “ချစ်တီး” လို့ ဗမာတွေသိကြတဲ့ လယ်ပိုင်ရှင်တွေတောင် ပါအောင်စည်းရုံးနိုင်ခဲ့တဲ့ နယ်မြေဖြစ်တယ်။ အဲဒီဖျာပုံဟာ ဖက်ဆစ်ကိုတိုက်ထုတ်ဖို့ တော်လှန်ရေးခေါင်းဆောင်တွေ လူးလားခေါက်ပြန်အခြေချခဲ့ရတဲ့ အမာခံတော်လှန်ရေး ဒေသဖြစ်တယ်။ ဖျာပုံဟာ ဗကပဥက္ကဋ္ဌ သခင်သန်းထွန်းက ဖျာပုံမှာရှိခဲ့တဲ့ သခင်စိုးဆီမှာ ကွန်မြူနစ်ပါတီဝင်ခဲ့တယ်။ အတွတ်ရဲ့ ဆွေစဉ်မျိုးဆက်ခရိုင်နယ်ဖြစ်တော့ သူ့မှာ မိရိုးဖလာ ပရဟိတပိုးက ရှိနေပြီလေ။

တက္ကသိုလ်ကျောင်းသားဘ၀မှာ အတွတ်ကို အနုပညာရှင်နဲ့ တတွဲတွဲမြင်ရပြန်တယ်။ စန္ဒယားအတီးကောင်းလို့ နာမည်ကျော်စန္ဒယား လှထွဋ်တို့နဲ့ အတွဲဖြစ်ခဲ့တယ်။ ဘွဲ့ရပြီးတော့လည်း သတင်းသမားတွေနဲ့ အတွဲများပြန်တယ်။ သတင်းသမား (Journalist) ဖြစ်ချင်လာတယ်။ အတွတ်နဲ့အတာတို့ဟာ နရသိန်တက္ကသိုလ်မှာ နှစ်အတော်ကြာ အတူနေခဲ့ကြတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို အမြတ်ထုတ်ပြီး ကွန်မြူနစ်ပါတီအာဏာရအောင် လုပ်ခဲ့ကြတာက ဗမာကွန်မြူနစ်တွေ၊ နရသိန်ထဲရောက်သွားခဲ့ကြတာ၊ ကွန်မြူနစ်မဖြစ်ခဲ့ကြတဲ့ အတွတ်နဲ့ အတာတို့တတွေ။

နရသိန်မှာ စာရွက်မသုံးရတော့ ပါးစပ်နဲ့ လေညှင်းသတင်းတွေကို ဖြန့်စေနိုင်တာ အတွတ်ပဲ။ အတွတ်က နိုင်ငံရေးအထိန်းခံတွေအတွက် “နရသိန်သတင်းထောက်” ဖြစ်နေပြန်ရော။ နရသိန်မှာ အတွတ်ရလာတဲ့ဘွဲ့က သတင်းစာဒီပလိုမာ။ အတွတ်ဟာ “သတင်းစာလွတ်လပ်ခွင့်” ကို ဒီမိုကရေစီနဲ့ရှာသလို ဒီမိုကရေစီအတွက် သတင်းစာလက်နက်ကိုသုံးတာ။ ဒါကြောင့် “ခေတ်ပြိုင်” ဖြစ်လာတယ်လို့ အတာက အဲသလို အတွတ်ကိုသိထားတယ်။

ဒီမိုကရေစီအတွက် သတင်းစာလက်နက် အခုခေတ်အခေါ် မီဒီယာလက်နက်ကို မီဒီယာပီသစွာအသုံးပြုတတ်တော့ “ခေတ်ပြိုင်” ဟာ အခုဆို (၁၆) နှစ်ကြီးတောင် သက်တမ်းရှည်ကြာလာပြီပဲ။ အတွတ်ကို အဲသလိုမြင်ကြရင် “ဘေဘီ” ကို မေ့လို့မရစကောင်းပေါ့။ “ဘေဘီ” ကို အတွတ်နဲ့အတူယှဉ်မကြည့်မိစေနဲ့ “ကျီးကန်းဘဲဥချီ” ပဲ။ ဘေဘီက တည်ငြိမ်တယ်။ သူ့မျက်နှာဟာ အမြဲငြိမ်းချမ်းတယ်။ အပြုံးပွင့်တွေဟာ ဘေဘီရဲ့နှုတ်ခမ်းအကိုင်းပေါ်မှာ ပန်းတွေလို ပွင့်လန်းတယ်။ အဲဒီလန်းဆန်းနေတဲ့ပန်းနဲ့ အမြဲတမ်းတက်ကြွလှုပ်ရှားနေတဲ့ အတွတ်ကို စိတ်စွမ်းအားတွေ ဖြစ်စေတယ်။ “တ” နဲ့ “သ” ကွဲအောင် မပီတဲ့ ဘေဘီက အတွတ်ကို “ကိုသွပ်” လို့ ခေါ်သံကို အမြဲကြားရတယ်။

သျှောင်နောက်ဆံထုံးပါတာ သူတို့မောင်နှံချစ်သူဘ၀ကတည်းကဖြစ်တယ်။ အတွတ် (တ) နဲ့ (သ) မပီတဲ့ ဘေဘီအခေါ် ကိုသွပ် သွားရာ ဘေဘီပါတယ်။ အတာသွားရာ အတွတ်ပါတယ်။ အတွတ်နဲ့ဘေဘီက အတာတို့မောင်နှံရဲ့ ညီနဲ့ညီမငယ် အရင်းအချာတွေထက် ပိုတယ်။

အတွတ်ဟာ ဒီမိုကရေစီကို မီဒီယာနဲ့ပွတ်တိုက်သူဖြစ်လို့ “ခေတ်ပြိုင်” ဟာ ဒီမိုကရေစီအတွက် လှုံ့ဆော်လက်နက်သာဖြစ်တယ်။ နိုင်ငံရေးပါတီရဲ့ လက်နက်ပီပီသသ မလုပ်ခဲ့ဘူး။ မီဒီယာရဲ့ အနှစ်သာရဖြစ်တဲ့ သစ္စာတရား အမှန်သတင်း (Truth) ကို ဖြန့်ဝေတယ်။ ဒါကြောင့် “ခေတ်ပြိုင်” ကို သိတဲ့လူထုက ခေတ်ပြိုင်ကိုယုံတယ်။ ခေတ်ပြိုင်က လူထုအပေါ် သြဇာသက်ရောက်နေတယ်။ ဒါဟာ “ခေတ်ပြိုင်ရဲ့ မီဒီယာအောင်လံ” ဖြစ်တယ်။

အတွတ်ဟာ “ခေတ်ပြိုင်” ကို ဘေဘီရဲ့လက်ထဲမှာ စိတ်ချလက်ချအပ်ပြီးမှ လူ့လောကထဲက ခွဲခဲ့တာ (၁၀) နှစ်ရှိနေပြီ။ “ခေတ်ပြိုင်” ကို ဘေဘီက မယိုင်လဲစေတဲ့အပြင် ခိုင်မြဲအောင် ထပ်ပြီး “တိုင်ပေါ်အလံစိုက်” ပေးနိုင်ခဲ့တယ်။ အဲဒီအရည်အချင်းသတ္တိကို အတာက လေးစားနေတယ်။ ခေတ်ပြိုင်ကို ဒီမိုကရေစီရဲ့ မီဒီယာမဏ္ဍိုင်လို့ လူထုက အသိအမှတ်ပြုထားတယ်။ “ပေါက္ခရ၀ဿ” မိုးလို ဒီမိုကရေစီပန်းတွေကို ရှင်သန်စေတဲ့ ကွက်ကျားမိုးဖြစ်ပေမယ့် ပူနွေးလာတဲ့ ကမ္ဘာကြီးကိုတော့ အေးချမ်းစေပါတယ်။ လူထုအခန်းကဏ္ဍ အစိတ်အပိုင်းပျက်နေတဲ့၊ မောင်းအားပြင်းထန်လို့ပူနေတဲ့ “မြန်မာပြည် အင်ဂျင်” ကြီးကိုလည်း ဒီမိုကရေစီမိုးရေ ထည့်ပေးနိုင်ပါတယ်။

ဒီမိုကရေစီအင်ဂျင်ကို အကန့်အသတ်တွေနဲ့ လူတွေက ချုပ်ကိုင် (Manual) ပြီး လိုသလို မောင်းလို့မရဘူးဆိုတာ ကမ္ဘာ့လူသားတွေ သိနေကြပါပြီ။ ဒီမိုကရေစီအင်ဂျင်ဟာ အော်တို (Auto) စနစ်နဲ့မောင်းမှ လူတွေကို အကျိုးပြုတဲ့ အင်ဂျင်ဖြစ်ပါတယ်။ “အော်တို” ဆိုတာ ကမ္ဘာနဲ့မြန်မာလူထု ဆက်စပ်ပေါင်းစည်းဖြစ်ပေါ်လိုအပ်ချက် (Global Nessesary) ဖြစ်ပါတယ်။ ကိုယ်လိုချင်သလို (Manual) လုပ်ယူတဲ့ ဒီမိုကရေစီဟာ “မိမစစ်၊ ဖမစစ် ဒီမိုကရေစီ” သာဖြစ်ပါတယ်။

မိမစစ်၊ ဖမစစ် ဒီမိုကရေစီကို ခေတ်ပြိုင်က ရောင်စင်တန်း (Spot Light) နဲ့ ကွင်းကွင်းကွက်ကွက်မြင်အောင် မီးမောင်း
(Highlight) ထိုးလုပ်ပြနေတာ မြင်တွေ့နေရပါတယ်။ ဒါဟာ မီဒီယာက မီဒီယာဗျူဟာနဲ့အညီ လုပ်ပေးနေတဲ့ “လူထုနိုင်ငံရေး” ဖြစ်ပါတယ်။ အတွတ်က အဲသလို နိုင်ငံရေးကို လုပ်ချင်တာပါ။ အတွတ်လုပ်ချင်တဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းကို ဘေဘီက နိုင်နိုင်နင်းနင်း ဆက်မောင်းနေတာ၊ မီဒီယာသမားမှန်သမျှ မြင်နေကြပါတယ်။

အဲဒီတော့ ဘေဘီညီမလေးရေ “အောင်မောင်းတောင့်ထား” လို့ပဲ ဟစ်ကြွေးပေးချင်တယ်။ ကိုလေးတို့တတွေ အတွတ်နောက်ကို မလိုက်ရသေးခင်တော့ ပြန်ဆုံကြအုံးမှာပေါ့ ညီမရယ်။

အားလုံးကျန်းမာပျော်ရွှင် အောင်ပန်းကို လှမ်းယူနိုင်ကြပါစေနော့။

No comments: