Saturday, December 19, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၄၃)

မင်းဟန်

(၁၅၄)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။


မစ္စတာ ဘီလ်ရစ်ချက်ဆန်၊ မစ္စတာဂျေဟမ်ရာဟင်မ်၊ မစ္စတာဖီးလစ်(လ်)ရှယ်နွန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ စကားဝိုင်းက …. အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆွေးနွေးသည့် အကြောင်းအရာများက လေးနက်၍လာသည်။ မြန်မာ့အရေးအပေါ် နက်နက်ရှိုင်းရှိုင်းပင် ဝေဖန်ကြ၏။ ရှုမြင်ကြ၏။ အဖြေရှာကြ၏။ အာရုံဝင်စားနေမှုက … အချိန်၏ တိုက်စားခြင်းကိုပင် သတိမထားမိကြ …။ နေ့လည်စာ စားချိန်သို့ပင် တိုင်ခဲ့ပြီ။ အကျဉ်းကျနေရသည့် အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က …. ဧည့်သည်များကို၊ နေ့လည်စာဖြင့် တည်းခင်း၍ ဧည့်ဝတ်မကျေနိုင်သည့်အပေါ် အားနာစွာနှင့်ပင် တောင်းပန်ရ၏။ အိမ်တွင်က …. ကြက်ဥတမျိုးတည်းပဲ ရှိ၏။ ကြက်ဥပင်လျှင် …. ၆ လုံးသာ ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှိပြီး ဝယ်ချမ်းချက်ပြုတ်ပေးသည့် ‘မာရီယာ’ က မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင်မှ အပြင်ထွက်၍ ဈေးဝယ်မည်ဖြစ်သဖြင့် …. အိမ်တွင် ဧည့်သည်များကို နေ့လည်စားနှင့် ဧည့်ခံရန်အတွက် အစားအသောက်များက မရှိ…။ မတတ်နိုင်။ ကော်ဖီနှင့်ပင် ဧည့်ခံရင်း …. တောင်းပန်ရသည်။

ဆွေးနွေးမှုက နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုများဆီသို့ ရောက်ရှိသွား၏။

ဒေါ်အောင်ဆန်းစုကြည်က …
“… မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ကျမ မြင်တွေ့ချင်ပါတယ်။ အဘက်ဘက်က တိုက်ခိုက်တာခံနေရတဲ့ ‘ဒီမိုကရေစီလှုပ်ရှားမှု’ တခုကို ထောက်ခံအားပေးမယ်ဆိုရင် အင်မတန် ပြတ်သားမှု ရှိရပါ့မယ်။ ကျမအနေနဲ့ မကြာခင်က အမေရိကန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာပါတဲ့ အချက်အလက် အသုံးအနှုန်းတွေကို သိပ်သဘောကျပြီး အလွန်ပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ ထုတ်ပြန်ချက်မှန်သမျှကို အားတက်သရော ကြိုဆိုပါတယ်…။”

မစ္စတာရစ်ချဒ်ဆန်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးလိုက်သည့် သမ္မတကြီး ကလင်တန်၏ စာတွင် ထိုသို့ အားပေးထောက်ခံချက်များ ရေးသားထားကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ရာဟင်မ်ဘက်သို့ လှည့်၍ … “ ကုလသမဂ္ဂက ၁၉၈၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲက ‘မြန်မာနိုင်ငံ တည်ဆောက်ရေး ကဏ္ဍ’ မှာ ‘ပြန်လည်ညှိနှိုင်းယူခြင်းနှင့် ပြုပြင်ရေးတို့အကြောင်း’ ကို ကျမ လေ့လာကြည့်ပြီးပါပြီ။ အဲဒီ အစီရင်ခံစာဟာ အင်မတန် တိကျမှန်ကန်စွာပဲ ‘တိုးတက်မှုနှုန်း’ နဲ့ ‘ဖွံ့ဖြိုးမှု’ တို့ရဲ့ ကွာဟချက်ကို အလေးထား ခွဲခြားပြီး ဖော်ပြထားပါတယ်။ တိုးတက်မှုနှုန်းဟာ ဖွံ့ဖြိုးမှုကိုတောင် အန္တရာယ်ပေးနိုင်ကြောင်းလည်း ရှင်းလင်းပြထားပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ နည်းနဲ့ မြန်မာနိုင်ငံကို တနည်းတလမ်းက ကူညီလိုကြတယ်လို့ ပြောနေကြတဲ့ နိုင်ငံတွေဟာ ဒီအချက်ကို လေ့လာသင့်ကြတာပေါ့။”

မစ္စတာရာဟင်မ်က ဒေါ်အောင်ဆန်းစုကြည်၏ စကားကို သဘောတူကြောင်း ပြော၏။ ပြီးလျှင် … “နိုင်ငံတခုရဲ့ အင်အားဟာ သူ့နိုင်ငံသားများ အတွင်းမှာသာ ရှိတယ်လို့ ကျနော်တို့ နားလည်ထားပါတယ်။ အိမ်ထောင်စု တခုဟာ လူတွေအတွက် လုံခြုံစိတ်ချမှု မရှိဘူးဆိုရင် ဒီနိုင်ငံအတွက် ရှေ့နိုင်ငံရေး အလားအလာ သိမ်မရှိတော့ပါဘူး။” ဟု သူ၏ စကားကို အဆုံးသတ်၏။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာရာဟင်မ်ကို … “ဟိုတုန်းကတည်းက ရှင်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ မှန်တယ်လို့ ကျမ ထင်ခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေကို ကျမ အမှာစကား ပါးခွင့်ရမယ်ဆိုရင် ကျမ အဲဒီနိုင်ငံတွေကို အလေးပေး၊ ဇောင်းပေးပြီး ပြောချင်တာကတော့ စီးပွားရေးစနစ်တခုရဲ့ အောင်မြင်မှုဆိုတာဟာ တဦးအပေါ်တဦး ယုံကြည်စိတ်ချနိုင်မှုအပေါ်မှာ တည်ပါတယ်လို့…။ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတို့ဟာ တဦးအပေါ်တဦး ဘယ်လောက် ယုံကြည်နိုင်သလဲ ဆိုတာမျိုးပေါ့။ ဘယ်သူမှ ယုံကြည်ကိုးစားမှု မရှိတဲ့ အမျိုးသားညီလာခံကို ကျင်းပနေတာဟာလည်း ဘာမှ အသုံးကျလာမှာ မဟုတ်ပါဘူး။ ပြည်သူလူထု ယုံကြည်စိတ်ချမှု မရှိတဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေဟာ အောင်မြင်ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ယုံကြည်စိတ်ချမှု မပါတဲ့ ကုန်သွယ်မှုလုပ်ငန်းဟာလည်း တကယ့်တိုးတက်မှုဆီကို ဦးတည်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တွက်ချက်လိုက်ရင် ဒီမိုကရေစီလိုချင်သူများနဲ့ မလိုချင်သူများအကြားမှာ ယုံကြည်စိတ်ချနိုင်မှု ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီဟာလည်း တိုင်းပြည်အတွက် ထောက်ထားပြီး ကျမတို့ လိုအပ်ခြင်း ဖြစ်ပါတယ်…။”

(၁၅၅)
နယူးယောက်တိုင်း သတင်းထောက် မစ္စတာ ဖီးလစ်ရှယ်နွန်က …. ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဘီလ်ရစ်ချက်ဆန်တို့ နှစ်ဦးကို စားပွဲတွင်တွဲထိုင်၍ စကားပြောနေသည့်ပုံ ဓာတ်ပုံတွဲရိုက်၏။ အနောက်ဘက်နံရံတွင်က ဗိုလ်ချုပ်အောင်ဆန်း၏ ဆီဆေးရုပ်ပုံ ပန်းချီကားချပ်ကြီး….။

မစ္စတာ ဖီးလစ်ရှယ်နွန်က …. ခြံဝင်းအတွင်းလိုက်လံ၍ ကြည့်ရှုလို့ရမလားဟု ဒေါ်အောင်ဆန်းစုကြည်ထံတွင် ခွင့်တောင်း၏။ ဒေါ်အောင်ဆန်းစုကြည်မှ ရယ်မော၍ ကျမကို စောင့်ထိန်းထားရတဲ့ ဗိုလ်မှူးကြီး သွေးတက်နေပါဦးမယ်ဟု ဆိုသည်။

ခြံဝင်းအတွင်းရှိ ဥယျာဉ်ကို …. မပြုပြင်နိုင်ခဲ့သည်မှာ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ရှိစဉ်ကမူ …. ခြံလုပ်သားတဦး ငှားရမ်းပြီး စနစ်တကျ ပြုပြင်ခဲ့၏။ ယခုမူ …. ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘဝနှင့် အထိန်းသိမ်းခံခဲ့ရသည်မှစ၍ မပြုပြင်နိုင်ခဲ့….။ ဧည့်သည်များလာမည်ဖြစ်၍ …. စစ်အုပ်စုမှပင် လွန်ခဲ့သည့် ၂ ရက်က …. စစ်သားများနှင့် ခြံဝင်းကို ရှင်းလင်းပြုပြင်ပေးထားသဖြင့် …. ခြံဝင်းက အနည်းငယ် ရှင်း၍ …. သပ်ရပ်နေ၏။

နယူးယောက်တိုင်း သတင်းထောက် မစ္စတာရှယ်နွန်က အားလုံးသို့ ရည်ရွယ်၍ မေးခွန်းတခုထုတ်၏။ “ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို အခု ဘယ်လိုဆက်ဆံနိုင်မယ်လို့ ထင်သလဲ။ ကုန်သွယ်ရေးကိစ္စမှာ ကန့်သတ်ထားသလား။”

မစ္စတာရာဟင်မ်က … မစ္စတာရှယ်နွန်၏ အမေးအပေါ် သူ၏ အမြင်ကို ဦးစွာဆွေးနွေးသည်။
“ကုန်သွယ်ရေးကတော့ ဒီနိုင်ငံကို ပိုမိုပွင့်လင်းလာစေတဲ့ အသွင်ဆောင်ပါတယ်။ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံလာတဲ့ ကိစ္စမှာ ကုန်သွယ်ရေးဟာ တန်ဖိုးရှိတဲ့ ကိရိယာတခုလို့ ထင်ရပါတယ်…။”

မစ္စတာရာဟင်မ်၏ စကားအဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်က …

“ရှင်တို့ ကုန်သွယ်ရေး ကန့်သတ်မှုအတွက် ပြောနေကြတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေးအခေါ် နှစ်မျိုးနှစ်စား ရှိပါတယ်။ အဲဒီနှစ်မျိုးအပေါ် အငြင်းပွားမှုဟာလည်း ဘယ်တော့မှ အဖြေပေါ်မယ့်ပုံ မပေါ်ပါဘူး။ ရိုးရိုး အရပ်သားတွေကို ထိခိုက်မယ့် လုပ်ရပ်တွေကို လူတွေက မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲကုန်သွယ်မှု လုပ်ငန်းတွေဟာ တကယ်ပဲ လူထုကို အထောက်အကူ ပြုနေသလား၊ ဒါမှမဟုတ် အစိုးရကို တည်မြဲနေစေဖို့ အခွင့်အရေး ပေးနေသလား၊ ဒီမိုကရေစီစနစ် မဖွံ့ဖြိုးလာခင် စီးပွားရေး ဖွံ့ဖြိုးလာတဲ့ ဥပမာအနေနဲ့ လူတွေက ဘယ်နိုင်ငံတွေကို ဥပမာ ပေးသလဲ၊ လူတွေက အာဆီယံနိုင်ငံတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု ပုံသဏ္ဍာန်ဟာ မြန်မာနိုင်ငံရဲ့ အခြေခံနဲ့ ကွာခြားလှပါတယ်။ ဥပမာ … အင်ဒိုနီးရှားကို ကြည့်ပါ။ ဆူဟာတို အာဏာရယူလာတဲ့နောက် ပုံစံကလည်း အလွန်ကွာခြားလှတဲ့ အခြေအနေမျိုးမှာပါ။ မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရမှု နည်းရတာကလည်း ရွေးကောက်ပွဲရလဒ်ကို မလေးစားခဲ့လို့ပါပဲ။ အဲဒီလို လုပ်ရပ်က ယုံကြည်စိတ်ချရမှုကို ကိုင်လှုပ်ပစ်လိုက်ပါတယ်။ အလားတူ ကိစ္စမျိုး အာဆီယံနိုင်ငံတွေမှာ မဖြစ်ပါဘူး။ အဲဒီနိုင်ငံတွေမှာ အစိုးရအပေါ် ယုံကြည်စိတ်ချရမှု တည်ရှိနေပါတယ်။ ဆူဟာတိုက စစ်တပ် အသုံးစရိတ်ကိုတောင် လျှော့ချနိုင်ခဲ့တယ် …။”

မစ္စတာရစ်ချဒ်ဆန်ကလည်း ဂျပန်နှင့် စင်္ကာပူတို့၏ ချဉ်းကပ်ပုံအကြောင်း ပြောပြသည်။ နဝတနှင့် ပိုပြီး နီးနီးကပ်ကပ် ဆက်သွယ်သည့်ပုံစံ …။ ထောက်ပံ့ကူညီမှုများကို ခြွင်းချက်မထားဘဲ တိုးပေးသင့်သည်ဟု ယုံကြည်နေမှု…။

“… ဂျပန်နဲ့ စင်္ကာပူတို့ ဆိုလိုချင်တာကတော့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒဟာ မြန်မာနိုင်ငံအပေါ်မှာ သိပ်ပြင်းထန်လွန်းတယ်၊ နဝတကို လူ့အခွင့်အရေး ကိစ္စတွေမှာ ပိုပြီး တိုးတက်လာဖို့ဆိုရင် သူတိုနဲ့ အပြုသဘော ဆက်သွယ်သင့်တယ် ပေါ့ …” ဟူ၍
မစ္စတာရစ်ချဒ်ဆန်က သူ၏ စကားကို အဆုံးသတ်လိုက်သည်။

မစ္စတာရစ်ချဒ်ဆန်၏ စကားဆုံးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ပြော၏။

“ရှင်ပြောတဲ့ အကြောင်းအချက်တွေကို ကျမ ကောင်းကောင်း သဘောမတူနိုင်သေးပါဘူး။ ရှင်ဆိုလိုချင်တဲ့ပုံကို ကျမ နားလည်သလောက်ကတော့ နဝတဟာ စီးပွားရေး အထောက်အပံ့တွေရလို့ အခုလို မူပြောင်းဆောင်ရွက်အောင်ပေါ့။ ဒါပေမဲ့ ရှင် … အခု ပြောနေပုံအရ စီးပွားရေး အကူအညီရဖို့ မျှော်လင့်ချက်နဲ့ သူတို့ ဒီလို ပြုမူဆောင်ရွက်နေသလို ဖြစ်နေပြန်တယ်။ နဝတ မူပြောင်းပြီး လိုက်လျောမှုတချို့ ရှိလာတာဟာ အပြုသဘောဆက်ဆံရေးတွေ၊ စီးပွားရေး ဆက်ဆံမှုတွေကြောင့်လား။ ဒါမှမဟုတ် အကူအညီ အထောက်အပံ့တွေ ရလာဖို့ မျှော်လင့်ချက်တွေနဲ့ ပြုလုပ်နေတာလား ဆိုတာပါပဲ။”

“… အမေရိကန် ပြည်ထောင်စုထဲက လူတချို့ရဲ့ အဆိုအရတော့ ‘မုန့်တဖက်၊ တုတ်တဖက်’ မူဝါဒကို ကျင့်သုံးသင့်တယ်လို့ ဆိုပါတယ်။ တချို့လူတွေက အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ ကင်းကွာနေပြီလို့ ဆိုကြပါတယ်။ မြန်မာပြည်အပေါ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒ ဘယ်လို ထားသင့်သလဲ …” ဟူ၍ မစ္စတာရစ်ချဒ်ဆန်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်၍ သူ၏ စကားကို အဆုံးသတ်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အပေါ် အပြုသဘော ဆက်ဆံလိုသူတွေ၏ အမြင်သည် ကြည်လင်သလား၊ မကြည်လင်ဘူးလားဆိုသည်ကို သူမအနေဖြင့်မူ ရေရေရာရာ မဆုံးဖြတ်နိုင်သေးကြောင်း ပြော၏။ ပြီးလျှင် … သူမက …

“မုန့်တဖက်၊ တုတ်တဖက် ဆက်ဆံရေးမှာ တုတ်က ဘာကို ဆိုလိုတာလဲ …” ဟု မစ္စတာရစ်ချဒ်ဆန်ကို ပြန်၍မေး၏။

“… တုတ်ဆိုတာက ထောက်ပံ့ကူညီမှုတွေပဲလေ။ ကမ္ဘာ့ဘဏ် အကူအညီတွေကို ဆိုင်းငံ့ထားမယ်၊ ကုလသမဂ္ဂ အကူအညီနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ထားမယ်၊ အာရှဘဏ် ချေးငှားတာတွေကို ငြင်းပယ်ထားမယ်၊ ဂျပန်ရဲ့ အဆိုအရတော့ အကူအညီတွေ ပေးခြင်းဟာ ဆက်ဆံရေးတွေ ပိုတိုးတက်လာစေတယ်ပေါ့။ တချို့က ပြောကြတယ်၊ အမေရိကန်ကတော့ တုတ်ပဲ ပြနေတယ်တဲ့။ တကယ်တမ်းကျတော့ ရန်ကုန်မှာ အမေရိကန်သံအမတ်ကြီးတောင် မထားဘူး၊ နောက်ပြီး နဝတကို ကျနော်တို့ တချိန်လုံး ရှုတ်ချဝေဖန်နေပါတယ်…” မစ္စတာရစ်ချဒ်ဆန်၏ စကားအဆုံးတွင်၊ မစ္စတာရာဟင်မ်က …

“အခု ကျနော်တို့ အခြေအတင် ပြောဆိုနေကြတဲ့ အကြောင်းအချက်တွေကို ဝါကျပုံစံ ပြောင်းဖွဲ့ပြီး ကြည့်ဖို့ လိုပါလိမ့်မယ်။ ကျနော်တို့ ပြောဆိုနေကြတာက ‘အထောက်အပံ့ပေးခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး’ ဆိုတဲ့ သဘောပါပဲ။ အယူအဆ သဘောကတော့ ပြုပြင်ပြောင်းလဲလာစေဖို့ တန်ဖိုးတခု ပေးဆပ်ရမယ့် သဘောပါ။ ပြုပြင်ပြောင်းလဲလာဖို့ တိုက်တွန်းရင် ပြုပြင်ပြောင်းလဲလာစေမယ့် ကျွမ်းကျင်မှု အထောက်အကူတွေပါ ပေးဖို့ အဆင်သင့်ရှိရမှာ ဖြစ်ပါတယ်…”

စကားဝိုင်းက အခြေအတင်သဘော ဆန်လာသည်။ မြန်မာအရေးအတွက်၊ နိုင်ငံတကာမှ အရေးကြီးသည့် သဘောထားဆုံးဖြတ်ချက်များ ချနိုင်ရန် … ဆွေးနွေးနေကြသည့် စကားဝိုင်းက ထက်သန်တက်ကြွဖွယ်…။ ဒေါ်အောင်ဆန်းစုကြည်မှ …

“အခု ပြောနေကြတာက စီးပွားရေး ပြုပြင်ပြောင်းလဲမှု တခုတည်းကိုလား။ ဒါမှမဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရော ပါပါသလား။ အဲဒီလိုပါတယ် ဆိုရင်တော့ …ထောက်ပံ့ကူညီမှုတွေမှာ ခြွင်းချက်တွေပါ ပူးတွဲ ထည့်ပေးရပါလိမ့်မယ်။ ခြွင်းချက်နဲ့ ထောက်ပံ့ကူညီတာမျိုး ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ခြွင်းချက်မျိုးတော့ ဖြစ်ရပါ့မယ်။ ကျမအနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးကြရမယ်ဆိုတဲ့ ခြွင်းချက်မျိုးပေါ့။ တွေ့ဆုံဆွေးနွေးမှုဟာ ကိစ္စမြောက်မြားစွာဆီကို ဦးတည်သွားနိုင်ပါတယ်။ ကျမကို ‘ထိပ်တိုက်ရင်ဆိုင်ချင်သူ’ လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ စားပွဲတဖက်တချက်မှာ ထိုင်ရင်း ထိပ်တိုက်ရင်ဆိုင်ပြီး တွေ့လိုတာပါ …”

“နိုင်ငံတကာကို ခင်ဗျားရဲ့ အဓိကမှာကြားလိုချက်က ဘာများပါလိမ့်…” ဟူ၍ မစ္စတာရစ်ချဒ်ဆန်က ဒေါ်အောင်ဆန်းစုကြည်ကို မေးသည်။

“… ကျေးဇူးပြုပြီး နဝတကို ဆက်လက်တောင်းဆိုပေးကြပါ။ အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားပေးမှုဟာ ထိရောက်မှု ရှိပါတယ်။ နဝတဟာ စိတ်လှုပ်ရှားမှုကို အခြေပြုပြီး ဆောင်ရွက်နေတာသာ ဖြစ်ပါတယ်။ ဆင်ခြင်တုံ ဉာဏ်ရည်နဲ့ ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားပေးမှုဟာ အင်မတန် အထောက်အကူ ရနေပါတယ်။ နဝတအဖွဲ့ဝင်တွေဟာ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ သူတို့အကြောင်း ဘယ်လိုတွေ ဆိုကြရေးကြတယ်ဆိုတဲ့အပေါ် အင်မတန် ဆတ်ဆတ်ထိမခံ လှုပ်ရှားလွယ်တတ်ကြပါတယ်…၊ ကျမ ဒီလို မှတ်ချက်ပြုတာကိုတော့ အများတကာကို မပြောပြစေချင်ဘူး…”

ဒေါ်အောင်ဆန်းစုကြည်၏ စကားဆုံးသည်နှင့် ဧည့်ခန်းအတွင်း တိတ်ဆိတ်လျက် … အားလုံးက လေးလေးနက်နက် တွေးတော၍ နေကြသည်။ မစ္စတာရစ်ချဒ်ဆန်တို့က … ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး၍ ပြီးလျှင်၊ နဝတ၏ အတွင်းရေးမှူး(၁)နှင့် ထပ်မံ၍ တွေ့ရန် ရှိ၏။ ပြီးလျှင် … အင်းစိန်ထောင်သို့သွား၍ နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ရန် ရှိ၏။ အချိန်က … ကျပ်ကျပ်သိပ်သိပ်ပင် …။ မစ္စတာရစ်ချဒ်ဆန်က ပြည်ပမှာရှိနေကြသည့် မြန်မာအတိုက်အခံများကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာများမှာချင်တာရှိလဲဟူ၍ မေးသည်။

“… ကျမ မှာချင်တာကတော့ ‘ညီညွတ်ကြပါ’ လို့ ဆိုတာတခုပါပဲ။ သူတို့ အချင်းချင်း ကတောက်ကဆတွေ ဖြစ်မနေကြပါနဲ့ …။ သူတို့ကိုတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်၊ ကွဲပြဲတာမျိုး မလုပ်ပြကြနဲ့ …။ အကြောင်းအရာ တခုခုအပေါ်မှာ သဘောတူညီမှု မရကြဘူးဆိုရင် အဲဒီအရာကို ချွေးသိပ်ထားလိုက်ကြပါ။ လုပ်ငန်းစဉ်တခုကို ဆုံးဖြတ်တော့မယ်ဆိုရင် ပုဂ္ဂိုလ်စွဲတွေ ဘေးဖယ်ပြီး အခြေခံမူပေါ်မှာသာ အခြေပြုဆုံးဖြတ်ကြပါလို့ … ဒီလောက်ပါပဲရှင်။”

ဧည့်သည်များနှင့် တွေ့ဆုံမှုက ပြီးပြည့်စုံလေပြီ…။ ဆွေးနွေးရန်ဟူ၍က မကျန်တော့…။ ပြန်ရန် ထိုင်ရာမှ ထကြ၏။ အပြန်အလှန် နှုတ်ဆက်သံတို့ဖြင့် ဧည့်ခန်းသည် စိုလွင်လျက်…။ မစ္စတာရစ်ချဒ်ဆန်က နောက်ဆုံး နှုတ်ဆက်ရင်း … သားငယ်များအပေါ် စွန့်ခွာထားရစ်ရသည့် မိခင်တဦး၏ ခံစားချက်ကို မေး၏။

“…သူတို့လေးတွေနဲ့အတူ ကျမအတူ ရှိမနေတဲ့အတွက် ကျမ လိပ်ပြာမှာ အပြစ်မကင်း ဖြစ်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မိုက်ကယ်လ်အနေနဲ့ ကြိုးစားဖြည့်ဆည်း ပေးနေတယ်ဆိုတာ ကျမ သိနေပါတယ်။ သူတို့တတွေ အားလုံးက ကျမအပေါ် နားလည်မှု ရှိကြပါတယ်ရှင်…။” ဒေါ်အောင်ဆန်းစုကြည်၏ စကားသံသည်သာ ဧည့်ခန်းအတွင်း … ရိုက်ခတ်လျက် …။ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း၊ နေအိမ်ဧည့်ခန်းက တိုးတိတ်၍ ဆိတ်ငြိမ်စွာနှင့် …။

No comments: