အဲလက်စ် အဲလ်ဂီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက္ကနတ်ဖ် မြို့။ ။ "ကျမဘ၀မှာ ရှိသမျှအရာ အကုန်ဆုံး ရှုံးခဲ့ပါပြီ။ အခုတော့ ကျမကို မြန်မာပြည် ပြန်မပို့ ဖို့ဘဲ ဆုတောင်း နေရတော့တယ်"ဟု အသက် ၂၇ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ဟာဇီကွာ (Haziqah) က ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အတွင်း တရားမ၀င် ဆောက်လုပ် ထားသည့် ကုတုပလောင်း ဒုက္ခသည် စခန်းတခု အတွင်းရှိ တ၀က် တပျက် ဆောက်လုပ် ထားသည့် ရွှံ့မြေစေး အိမ်တွင် ထိုင်နေရင်း ဧရာဝတီ မဂ္ဂဇင်းကို ပြောပြသည်။
ဤဒုက္ခသည်စခန်းသို့ မရောက်လာမီက ဟာဇီကွာသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည် အများစု နေထိုင် လျက်ရှိသည့် မြောက်ဘက် မိုင် ၁၅၀ ခန့်အကွာရှိ ဘန်ဒါဘန်ကျေးရွာအုပ်စုတွင် နေထိုင်ခဲ့သေးသည်။ ထိုနေရာတွင် နေထိုင်ခဲ့စဉ် ကလေးမွေး ပြီးခါစ ဖြစ်သောကြောင့် အလုပ်လည်း မလုပ်နိုင်၊ ကြုံရာကျပန်း ရှာဖွေ၍ရသော အလုပ်များမှ သူ့ယောက်ျားရရှိလာသည့် ၀င်ငွေ အနည်းအကျဉ်းမျှဖြင့် သူတို့ အသက်ဆက်နေရခြင်း ဖြစ်သည်။
သို့သော်လည်း ပုံမှန်ဘ၀သဖွယ် စိတ်အေးရတော့မည်ဟု သူတို့မျှော်လင့်ထားသည့် အခြေအနေအားလုံး တမနက်ခင်းတွင် ပြိုကျ ပျက်စီးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BDR) မှ စစ်သားများ ရောက်ရှိလာပြီး နံနက်ခင်းတခုတွင် သူတို့၏ ဒုက္ခသည်ရွာ ကလေးကို ၀င်ရောက်ဖျက်ဆီးကြသည်။ ခိုလှုံနေကြသည့် ရိုဟင်ဂျာဒုက္ခသည်ရွာသား အများအပြား ကို ဖမ်းဆီးခဲ့ပြီး နယ်စပ်သို့ ပြန်လည်နှင်ထုတ်ခဲ့သည်။
သူက ပြောရာတွင် လမ်းခရီးတလျှောက် သူ့ယောက်ကျားကို စစ်သားများက အပြင်းအထန်ရိုက်နှက်လာခဲ့ကြသလို၊ သူ့ကို လည်း အတင်းတွန်းထိုးခေါ်ဆောင်လာခဲ့သည်ဟု ဆိုသည်။ သူ့လက်ထဲက တပတ်မျှသာရှိသေးသော ကလေးငယ်ကို လည်း မငဲ့ညှာကြပါ။ မြန်မာနယ်စပ်နှင့် ကပ်နေသည့် နယ်စပ်တောင်ထိပ်သို့ ရောက်သည့်အခါ စစ်သားများက သူတို့ ထွက်ပြေးလာခဲ့ကြသည့် မြန်မာနိုင်ငံထဲသို့ အတင်းအကျပ် မောင်းနှင်တွန်းထုတ်ခဲ့ကြသည်။
ဤသို့ ရုန်းရင်းဆန်ခတ် အခြေအနေကြားတွင် သူ၏ယောက်ျားနှင့် လူချင်းကွဲခဲ့ရသည်။ နောက်ပိုင်းတွင်တော့ သူ့ ယောက်ျားကို ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားနေသော မြန်မာစစ်အစိုးရ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) အဖွဲ့က ဖမ်းဆီးသွားသည်ဟု သတင်းကြားရသည်။ သူနှင့် တခြားအမျိုးသမီးတချို့တို့က လှေငှားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ပြန်လည် ထွက်ပြေးလာ ခဲ့ကြသည်။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ခြေချမိတော့ သူ့ရင်သွေးလည်း လမ်းခရီး၌ သေဆုံးနေခဲ့ပြီဆိုသည်ကို သိလိုက်ရသည်။
အလားတူ ကြေကွဲဖွယ် ဖြစ်ရပ်များက အမြောက်အများ ရှိနေကြသည်။ ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ် သေနတ်ကိုင်တပ်များနှင့် နယ်ခြားစောင့် အရန်ပြည်သူ့စစ်တပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဒုက္ခသည်စခန်းတွင်း ရောက်လာသူမှန်သမျှ ခံစားကြရပြီး၊ သိရှိနေကြပြီး ဖြစ်သည်။ ဟာဇီကွာ ကဲ့သို့ပင် အမျိုးသမီးအမြောက်အများမှာ သူတို့ လင်သားခင်ပွန်းများနှင့် ကွဲကွာခဲ့ကြရပြီး၊ သူတို့၏ ကလေးများ ရှင်သန်အသက်ဆက်နိုင်ရေးအတွက် အစွမ်းကုန်ရှာဖွေ ကျွေးမွေးနေကြရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာစစ်အစိုးရအကြား ပြီးခဲ့သည့် သြဂုတ်လတွင် တင်းမာမှုများ ဖြစ်ပွားလာခဲ့ပြီးနောက် နယ်စပ် တွင် ခြံစည်းရိုး ကာရန်မှု၊ လူဖမ်းဆီးမှု နှင့် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်နှင်ထုတ်ပို့ဆောင်မှုများ သိသိသာသာ တိုးလာခဲ့သည်။
ရိုဟင်ဂျာ ဒုက္ခသည် အများစုနေထိုင်ရာဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ကော့စ်ဘဇား (Cox’s Bazar) ခရိုင် တွင် ဤသို့ ဖမ်းဆီးမှုများ တိုးများလာရခြင်းနှင့် ပတ်သက်၍ ထင်ကြေးပေး ဝေဖန်ပြောဆိုမှု အမျိုးမျိုးရှိနေကြသည်။ ဤခရိုင်အတွင်းတွင် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီများက ထောက်ပံ့ထားသည့် တရားဝင်ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ ရှိနေသလို၊ တရားမ၀င် စခန်းများလည်း အများအပြား ရှိနေသည်။
သို့သော်လည်း အန်ဂျီအို လုပ်သားတဦးကမူ ထင်ရှားသည့် အချက်ကို ထောက်ပြသည်။
"အခု (မြန်မာအစိုးရဘက်က) နယ်စပ်မှာ ခြံစည်းရိုးကာတဲ့ရည်ရွယ်ချက်ကတော့ စစ်အစိုးရက သူတို့မသိဘဲ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက ရိုဟင်ဂျာတွေကို မြန်မာပြည်ထဲပြန်မသွင်းစေနိုင်ဖို့ဘဲ။ သူတို့ ဂိတ်ကပဲ တဆင့် ဖြတ်ရမယ်လို့ လုပ်ချင်တာ ဖြစ်လိမ့်မယ်"ဟု သူက ရှင်းပြသည်။
"ဘင်္ဂလားဒေ့ရှ် အစိုးရက ကြောက်တယ်။ ခြံစည်းရိုးကာလို့ မပြီးခင် အချိန်ရသမျှအတွင်း တတ်နိုင်သမျှ ရိုဟင်ဂျာ အရေ အတွက် များများပြန်ပို့နိုင်ဖို့ အချိန်လု လုပ်နေသလို ဖြစ်နေတယ်"ဟုလည်း သူက ဖြည့်စွက်၍ ရှင်းပြသည်။
ဤသို့ ဖမ်းဆီးပြန်ပို့ခံရမည့်အရေး ကြောက်ရွံ့ကြသောကြောင့် ရိုဟင်ဂျာ အများအပြားက တရားမ၀င် ဒုက္ခသည်စခန်းများ ထဲ ပြေးဝင်ခိုလှုံလာကြသည်။ ဤစခန်းများသည် ကုလသမဂ္ဂက တရားဝင် အသိအမှတ်ပြုထားသည့် ဒုက္ခသည်စခန်းများ နှင့် ကွာခြားသည့်အချက်မှာ ရိက္ခာ ထောက်ပံ့မှု လုံးဝ မရရှိခြင်းပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ၁၉၉၁ ခုနှစ် နောက် ပိုင်း ရောက်ရှိလာကြသည့် ရိုဟင်ဂျာလူမျိုးများကို ဒုက္ခသည်အဖြစ် တရားဝင် လက်ခံ အသိအမှတ်ပြုရန် ငြင်းဆန်နေပြီး ထိုသူ များကို တရားမ၀င် ရွှေ့ပြောင်းအခြေချလာသူများဟုသာ သတ်မှတ်ထားသည်။ မည်သည့် စောင့်ရှောက်မှုကိုမျှလည်း မရရှိ ကြချေ။ မိမိဘာသာ အသက်မွေးနေကြရသည်။
နှင်ထုတ် တွန်းပို့နေသည့် နေရာများမှ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည်ပြေးဝင်ခိုလှုံမှု တိုးများလာခြင်းကြောင့် ဒုက္ခသည် များ စားရေရိက္ခာ ပိုမိုကျပ်တည်းလာကြရပြီး ရှိသမျှ ရိက္ခာကို လများစွာဆန့်၍ စားသုံးနေကြရသည်။ စခန်း တွင်း၌လည်း လူမှုပြဿနာများ ပိုမိုများပြားလာစေသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက အသိအမှတ်မပြုသည့်အတွက်ကြောင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များကလည်း ဒုက္ခသည်များထံ ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်း မရှိကြပါ။ သို့အတွက်ကြောင့် အနီးအနား ဒေသတ၀ိုက်တွင် အလုပ်အကိုင် ရှာဖွေ စားသောက်နေကြရသည်။ သို့သော်လည်း များမကြာမီက အလုပ်သို့ အသွားအပြန် စစ်ဆေးရေးဂိတ်များတွင် ဖမ်း ဆီးခံရမှု ပိုမိုများပြားလာသလို၊ လူအများက စခန်းအပြင် ထွက်ရမည်ကို ကြောက်ရွံ့စိုးရိမ်နေကြသည်။
ကုတုပလောင်းစခန်းကို ဦးဆောင်နေသည့် ရိုဟင်ဂျာခေါင်းဆောင်တဦး ဖြစ်သူ ဇော်ပီးက ဧရာဝတီသို့ ပြောပြရာတွင် ပြီးခဲ့ သည့်လက ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယခုလတွင်လည်း အနည်းဆုံး ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရ သည်ဟု ဆိုသည်။
"အဲသလို ဖမ်းနေတာကြောင့် စခန်းတွင်း အခြေအနေက အင်မတန်ဆိုးရွားနေတယ်။ လူတွေကလည်း အပြင်ထွက်ပြီး ရိက္ခာ ရှာဖို့ ကြောက်လန့်နေကြတယ်။ ရိက္ခာပြတ်လပ်မှုတွေက စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီ" ဟု သူက ဖြစ် ကတတ်ဆန်း ဆောက်ထားသည့် ရွှံ့မြေအိမ်စုများကို ဆီးမိုးမြင်နေရသည့် တောင်ပူစာတခုပေါ်တွင် ရပ်နေရင်း ရှင်းပြ သည်။
"အစိုးရက အန်ဂျီအိုတွေလာပြီး အစားအသောက်ပေးဖို့လည်း ခွင့်မပြုဘူး။ ကျနော်တို့ အစားအသောက်ရှာဖို့ အလုပ်လုပ် ခွင့်လည်း မပြုဘူး။ အခုတော့ ငတ်နေကြပြီ။ အခုနေ့လယ် ၁ နာရီရှိနေပြီ။ စခန်းထဲက လူအတော်များများ ဘာမှမစားကြရ သေးဘူး။ အခြေအနေကတော့ အဲသည်လိုပဲ၊ ဒီလိုဆိုရင် လူတွေသေကုန်ကြတော့မှာပဲ"ဟု ဇော်ပီးက ဆက်ပြောသည်။
ဝမ်းရေးပြဿနာ ရှိလာသောကြောင့်လည်း အချို့သော ယောက်ျားသားများက အလုပ်သို့ ခရီးဝေးသည့် လမ်းမှ လမ်း လျှောက်သွားကြရပြီး၊ ဖမ်းဆီး မခံရစေရန်အတွက် ညအချိန်ကျမှ တိတ်တဆိတ် လမ်းလျှောက်ပြန်လာကြသည်။ ဇော်ပီး၏ အဆိုအရ တချို့ဒေသခံ ရွာသားများက ဒုက္ခသည်များ ညအပြန်လမ်းကို သိရှိလာကြပြီး လမ်းတွင် လုယက်မှုများလည်း ရှိလာသည်ဟု ဆိုသည်။
"သိပ်မကြာခင်မှာအစားအသောက်ရှာဖို့တောင် လမ်းရှိတော့မှာ မဟုတ်ပါဘူး"ဟု ဇော်ပီးက ပြောဆိုသည်။
ဆောင်းဥတု ရောက်ခါနီးလာသည့် အခြေအနေတွင် ဒုက္ခသည်များက ပို၍ စိုးရိမ်လာကြသည်။ ရှည်လျားအေးခဲနေသည့် ဆောင်းညများကို သူတို့ ဖြတ်ကြရတော့မည်။
"ကျမတို့တော့ ဆောင်းရာသီမှာ ဘယ်လို အသက်ဆက်ရှင်နိုင်ကြမယ်ဆိုတာ မသိတော့ပါဘူး။ ကျမယောက်ျားလည်း ရှိနေတာ မဟုတ်ဘူး"ဟု အမျိုးသမီးတဦးက ငိုရှိုက်သံတ၀က်ဖြင့် ပြောသည်။ သူက မျက်ရည်များကျနေရင်း မြေစိုက်တဲ၏ ထောင့်တွင် ခွေ၍ လဲကျသွားသည်။
ဤမနက် စောစောပိုင်းကပင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များက သူ့ယောက်ျားအပါအ၀င် ရိုဟင်ဂျာယောက်ျား ၁၁ ဦးကို စစ်ဆေးရေးဂိတ်တခုတွင် ကားရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့သည်။ သူတို့ကို ရဲကားပေါ်တင်ခေါ်ပြီး ဘယ်ဆီ ဘယ်ဝယ်မသိ မောင်းထွက် သွားခဲ့သည်။
မြန်မာနိုင်ငံဘက်သို့ ပြန်လည် နှင်ထုတ်တွန်းပို့ခံရမည့်သူများအတွက် မည်သို့ ကံကြမ္မာတွေ့ကြံရခြိမ့်မည်ဆိုသည့် သတင်း ဖြစ်ရပ်အများကလည်း သက်သေရှိနေကြသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က စစ်အစိုးရ၏ နစက တပ်ဖွဲ့ထံသို့ တိုက်ရိုက်လွှဲပြောင်း ပေးအပ်ခြင်း မဟုတ်သော်လည်း နှင်ထုတ်ခံရသူ အများအပြားမှာ ကင်းလှည့် တပ်ဖွဲ့များ၏ ဖမ်းဆီးခံကြရသလို၊ မြန်မာဘက် စခန်းများတွင် ထိန်းသိမ်းချုပ်နှောင်ထားခြင်း ခံကြရသည်။
ဒုက္ခသည်စခန်းအတွင်းရှိ ဖြစ်သလို ဆောက်ထားသော လက်ဖက်ရည်ဆိုင်တခုတွင် ထိုင်နေသည့် ယောက်ျားတဦးက ပြန် လည် ပြောပြရာတွင် သူ့ကို ဘင်္ဂလား နယ်ခြားစောင့်တပ်ဖွဲ့များက နှင်ထုတ်ခဲ့ပြီးနောက်ပိုင်း မြန်မာမြေပေါ်အရောက် နစက တပ်ဖွဲ့များ၏ ဖမ်းဆီးခံခဲ့ရပုံကို ပြောပြသည်။ သူ့ကို ဘင်္ဂလား နယ်ခြားစောင့်တပ်များက ပြင်းထန်စွာ ရိုက်နှက်ခဲ့ကြသလို၊ နစက တပ်များနှင့် တွေ့တော့လည်း ထပ်မံရိုက်နှက်ခံရပြန်သည်။ ရိုဟင်ဂျာ ဒုက္ခသည်များ ခိုး၍ နယ်စပ် ကူးမပြေးနိုင် စေရန်နှင့် ပြန်၍ ၀င်မလာစေရန် ကာရန်ထားသည့် ခြံစည်းရိုးကိုလည်း ပြင်ဆင်ပေးရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည် ဟု ပြောပြသည်။
တချို့နှင်ထုတ်ခံကြရသူများက ကြံဖန်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကိုယ်လွတ်ပြန်ပြေးလာနိုင်ခဲ့ကြသည်။ သူတို့ကို ရက်စက် ကြမ်းကြုတ်စွာ ပြုမူခံရပုံများကို ပြန်လည် ပြောပြကြသောကြောင့်လည်း လူအများကို ပို၍ စိုးရိမ်ထိတ်လန့်လာစေသည်။ ထို့ကြောင့် မိသားစုအတွက် အဓိက ၀င်ငွေရှာနေကြသည့် ယောက်ျားသားများလည်း စခန်းပြင်ပထွက်ရန် မစွန့်စား ရဲ ဖြစ်လာကြသလို၊ လူသူ ပြည့်သိပ်နေသည့် စခန်းများအတွင်း စားရေရိက္ခာ ပို၍ ကျပ်တည်းလာခဲ့သည်။
"အထောက်အပံ့ နည်းနည်းပဲ ရတဲ့ကြားကနေ ကုတုပလောင်းစခန်းမှာ လူဦးရေက တိုးလာနေတယ်။ ခုဆိုရင် ဒုက္ခသည် ၂၄,၀၀၀ ကျော် ရှိနေပြီ"ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ၏ တာဝန်ခံဒါရိုက်တာ ပေါလ် ခရစ်ချယ်လီ (Paul Critchely) က ရှင်းပြသည်။
ရိက္ခာကျပ်တည်းလာသည့်အတွက် အခြားစိုးရိမ်ဖွယ် အခြေအနေတခုမှာ ကလေးများကို မိသားစုနှင့် ဝေးရာစေလွှတ်၍ အလုပ်လုပ်ရန် ခိုင်းစေလာကြခြင်း ဖြစ်သည်။ ရိုဟင်ဂျာမိသားစု အများအပြားက ကလေးများကိုလည်း မကျွေးမွေးနိုင်၊ သူတို့ကိုယ်တိုင်လည်း ငတ်မွတ်လာကြသည့် အခြေအနေတွင် 'ကမ္ဘာမီးလောင် သားကောင်ချနင်း' ဆိုသကဲ့သို့ ကလေး များကို အိမ် ဖော်အဖြစ်ခိုင်းစေရန် ဒေသခံ ဘင်္ဂလားမိသားစုများထံ ထည့်လိုက်ကြရသည်။ ကလေးများအတွက် ပြန်ရ လာသည့် ရိက္ခာ နည်းနည်း၊ လစာနည်းနည်းနှင့် ကျေနပ်လိုက်ကြရသည်။
အလားတူ ကလေးများအား ခိုင်းစေရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သူ မိခင်တဦးကလည်း သူ့သမီးငယ် ၂ ဦးကို ငှားရမ်းလို သည့် မိသားစုတခု ကော့်စ်ဘဇားတွင် သူတွေ့ထားကြောင်း ပြောပြသည်။ ကလေးများက အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် မျှသာ ရှိသေးပြီး အိမ်ဖော်လုပ်ခအဖြစ် တလလျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ မျှ) သာ ရရှိကြမည် ဖြစ်သည်။
"ကျမ တကယ်တော့ သူတို့ကို ဘယ်ခွဲချင်ပါ့မလဲ"ဟု သူက တိုးတိတ်ဖျော့တော့စွာ ရှင်းပြသည်။ အမှိုက်အိတ် ပလတ် စတစ် စ ကို အမိုးသဖွယ် လုပ်ထားရသည့် တဲအတွင်း နေရိပ်ခိုနေရင်း သူဆက်ပြောပြသည်။ "ဒါပေမယ့် ကျမတို့မှာ ရွေးချယ်စရာ မရှိဘူး။ ကျမယောက်ျားလည်း ပျောက်နေပြီ။ သူတို့ကို ကျွေးမွေးဖို့လည်း ကျမ မရှာဖွေနိုင်တော့ဘူး။ ကျမ ရင်ထဲမှာတော့ ကြေကွဲနေတာပေါ့။ ဒါပေမယ့်လည်း ကျမသူတို့ကို ပြောနေရတာက တနေ့နေ့တော့ အဆင်ပြေသွားပါလိမ့်မယ်။ ကျမတို့ အိမ်ပြန်လို့ ရပါလိမ့်မယ်လို့ ပြောနေရတယ်"ဟု သူက ဆိုသည်။
ကုတုပလောင်းစခန်းမှ ကားမောင်းသွားလျှင် ၂ နာရီ အကွာအဝေးတွင်ရှိသည့် လဲဒါး (Leda) တရားဝင်ဒုက္ခသည်စခန်း တွင်လည်း ဒုက္ခသည်များက အလားတူ ရှေ့လာမည့်လများအတွက် စိုးရိမ်ပူပန်နေကြသည်။ ခရီးသွားလာခွင့် ပိုမိုတင်းကျပ် လာ သလို၊ ဘင်္ဂလား နယ်ခြားစောင့်တပ်က အဖမ်းအဆီးများလည်း ပို၍စိပ်လာသည်။
ဤတရားဝင်စခန်းတွင် အခြေခံ အဆောက်အဦများက နည်းနည်းတော့ ပိုသာသည်ဟု ဆိုနိုင်သည်။ အင်္ဂလန်နိုင်ငံ အခြေ စိုက် အစ္စလမ် ကယ်ဆယ်ရေးအဖွဲ့ (Islamic Relief) က များစွာ ကူညီပေးထားသည်။ ယခင်က စခန်းရှိ ဒုက္ခသည်များကို လမ်းနှင့် ၁၀ မိနစ်အကွာ နတ်မြစ်(Naf river) ဘေးတွင် ကနဦး စခန်းချထားပေးခဲ့သည်။ ရေကြီးမှုဒဏ် ခံစားရဖွယ်ရှိနေ သောကြောင့် စခန်းအခြေအနေက ဆိုးရွားလွန်းလှသည်။ နောက်ဆုံး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အကြောက်အကန် တိုက်တွန်း၍သာ ပို၍ ကုန်းမြင့်ရာ နေရာသစ်သို့ ရွှေ့ပြောင်းခဲ့ကြရခြင်း ဖြစ်သည်။ အစိုးရခွင့်ပြုချက်ရ ထားသောကြောင့် ၎င်းဒုက္ခသည်များက ရေရှည်ခံမည့် အဆောက်အဦးများ ဆောက်လုပ်နေထိုင်နိုင်ကြသည်။
သို့သော်လည်း မြစ်ဘေးနားတွင် ရှိနေသောကြောင့် သူတို့အတွက် ရှာဖွေစားသောက်ရန် များစွာ အခွင့်အလမ်းသာစေ သည်ဟု ဆိုသည်။ မကြာသေးမီကာလ ခရီးသွားလာခွင့်များ မတင်းကျပ်မီအထိ သူတို့အဖို့ ပြဿနာမပေါ်ခဲ့ကြပေ။ ယခု တော့ ရိက္ခာ ရှာဖွေစားသောက်ရန် ပို၍ ခက်ခဲလာပြီဟု ဆိုကြသည်။
"ဒီနေရာမှာတော့ ခိုလှုံစရာ အမိုးအကာ ကောင်းကောင်း ရှိတာပေါ့။ ဒါပေမယ့် အပြင်ထွက်ပြီး ရိက္ခာရှာဖို့က သိပ်ခက် တယ်"ဟု လဲဒါး (Leda) စခန်းတွင် အင်္ဂလိပ်စာ သင်နေသည့် ဆရာတဦးက ပြောသည်။
"အရင်တုန်းက မြန်မာပြည်မှာနေတဲ့ဘ၀နဲ့ အခုနေရာ အဓိက ကွာခြားချက်က အရင်က ကျနော်တို့ လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ ဒါပေမယ့် အခုတော့ မြန်မာပြည်မှာလိုပဲ ခရီးသွားလာရတာ အခက်အခဲ အကန့်အသတ်တွေ ကြုံနေရပြီ" ဟု သူက ပြောပြသည်။
ဒုက္ခသည်များအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသည့် အခြေအနေလည်း ကြုံရပြန်သည်။ စခန်းတွင်း ဆေးကုခန်းဖွင့် လှစ် ကူညီပေးထားသည့် အစ္စလမ် ကယ်ဆယ်ရေးအဖွဲ့၏ အဆိုအရ ငှက်ဖျားရောဂါ ကူးစက်မှုများ အကြီးအကျယ်ရှိနေ သည်ဟု ဆိုသည်။ ပြီးခဲ့သည့်လက လူ (၄၀၄) ဦး ငှက်ဖျားရောဂါ ကူးစက်ခံစားခဲ့ရပြီး ယခုနိုဝင်ဘာလအတွင်း လူ (၃၀) ကျော်တိုးလာခဲ့သည်။ လူအများက ရိက္ခာအာဟာရ ချို့တဲ့၍ ချိနဲ့အားပျော့နေပြီး အသက်သေဆုံးစေနိုင်သည့် အန္တရာယ် ငှက်ဖျားရောဂါမျိုး ဖြစ်ပွားနေသည့် ၀န်းကျင်အနေအထားမှာ အထူးစိုးရိမ်ဖွယ်ပင် ဖြစ်တော့သည်။
ဖိုင်ဆယ် အစ္စလမ် (Faisal Islam) က အခန်း ၂ ခုပါတဲအတွင်း သူ၏ဇနီး၊ ကလေး ၃ ယောက်နှင့် ထိုင်နေရင်း ငှက် ဖျား တက်၍ တုန်နေသည်။ သူက ပြောပြရာတွင် ယခင်က သူတို့မိသားစုအတွက် အဓိက၀င်ငွေမှာ ငါးရှာဖွေ ဖမ်းဆီးပြီး အနီးရှိ ခရီးသွားတိုးရစ်များ ကျက်စားရာ စိန့် မာတင် (St. Martins) ကျွန်းတွင် သွားရောက်ရောင်းချ၍ ရှာဖွေနိုင်ခဲ့ကြောင်း၊ ယခု တော့ နယ်ခြားစောင့်တပ်များ၏ သင်္ဘောများက သူတို့ကို တွေ့ရှိပြီးနောက် မသွားနိုင်တော့ပြီ ဖြစ်ကြောင်း ပြောသည်။ အကယ်၍ ရေလမ်းတွင် တွေ့ရှိပါက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု သတိပေးထား ကြောင်းလည်း ပြောပြသည်။
"အခု ဖျားနေတော့ ကျနော်လည်း အလုပ် မလုပ်နိုင်တော့ဘူး။ မိသားစုကိုလည်း ရှာမကျွေးနိုင်တော့ဘူး"ဟု သူက ပြော သည်။
"နေ့လယ်စာအတွက်တော့ ထမင်းနဲ့ သကြားပဲ ရှိတယ်။ ကျန်တာ ဘာမှ မရှိတော့ဘူး။ ညစာတောင် ဘာစားရမှန်း မသိ ဘူး။ ကျနော် ပြန်ပြီးနေကောင်းလာရင်တောင် ဘာလုပ်စားရမယ် မသိဘူး။ ငါးမျှားတဲ့နေရာလည်း ကျနော် ပြန်မသွားရဲ တော့ဘူး"ဟုလည်း သူက ဆိုသည်။
ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ကော့စ်ဘဇားရှိ အန်ဂျီအိုလုပ်သားများကလည်း စားရေ ရိက္ခာ ပြတ်လပ်မည့်ဘေး ကြုံရနိုင်သည်ကို စိုးရိမ်ပူပန်နေကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ပြောဆိုဆွေးနွေးမှုများ ပြုနေပြီး၊ တရားမ၀င် ဒုက္ခသည်များ၏ အခြေအနေ တိုး တက်လာစေရန် ကြိုးပမ်းနေသည်။ သို့သော်လည်း လူအများက အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ် မရှိဟု အဆိုးမြင်နေ ကြသည်။
ကြီးမားသည့်ပြဿနာများ ကြုံတွေ့ခဲ့ကြရသလို၊ ဒုက္ခသည် လူဦးရေလည်းတိုးများလာနေသည်။ ထို့အပြင် ဒေသခံဘင်္ဂလား ဒေ့ရှ် လူထုနှင့် ရိုဟင်ဂျာ ဒုက္ခသည်များအကြား တင်းမာမှုများလည်း ရှိလာပြန်ရာ ရိုဟင်ဂျာဒုက္ခသည်များကို တိုး၍ လက်ခံ ရေးကိစ္စမှာ အတော် မျှော်လင့်ချက် နည်းလှသည်။ မူလကတည်းကမှ သယံဇာတ အရင်းအမြစ် ရှားပါးနေပြီဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နောက်ထပ်လူများ ထပ်မံခိုလှုံလာမည့် ကိစ္စကိုလည်း ပူပန်နေကြသည်။ ရိက္ခာ ထောက်ပံ့မှု လည်းမရ၊ တရားဝင် အသိအမှတ်ပြုမှုလည်း မခံရဆိုလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားမ၀င် ခိုလှုံနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များအဖို့ လာမည့်လအနည်းငယ်အတွင်း၌ပင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကြီးအကျယ် စိုးရိမ်ဖွယ် ဖြစ်နေ ရတော့သည်။ အသက်ရှင်သန်မှုအတွက်ပင် ခြိမ်းခြောက်မှုကြီး ကြုံနေကြရပြီ ဖြစ်သည်။
အန်ဂျီအို လုပ်သားတဦးက"အခုအချိန်မှာ ဒုက္ခသည်တွေ တရားဝင် လုပ်နိုင်တာ တခုပဲ ရှိတော့တယ်။ အဲဒါကတော့ အငတ်အပြတ် ခံနေလိုက်ရုံပါပဲ"ဟု ပြောဆိုလိုက်ပါသည်။
ALEX ELLGEE ရေးသားသည့် The Vise Tightens on Rohingya in Bangladesh ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါ သည်။
No comments:
Post a Comment