ပွန်းဟန်
မွန်အမျိုးသားပညာရေးဌာနရဲ့ရုံးခန်းထဲဝင်သွားတော့ ကွန်ပျူတာနဲ့ စာရင်းဇယားပြုစုနေတဲ့သူမကို တွေ့ရပါတယ်။ရိုးသားဖေါ်ရွေတဲ့အပြုံး နဲ့ ရင့်ကျက်တည်ငြိမ်တဲ့အမူအရာဟာ သူမရဲ့အားမာန်ကိုဖေါ်ပြနေသ လိုပါဘဲ။ သူမရဲ့အသွင်အပြင်ဟာ ခေတ်ပညာတတ်တစ် ယောက်လို့ အများကသတ်မှတ်ထားပေမဲ့ သူမရဲ့ဖြတ်သန်းလာခဲ့ ရတဲ့ဘဝခရီး လမ်းဟာ ကြောက်ရွံဖွယ် အားကျဖွယ် သနားစဖွယ် အတုယူဖွယ် ကောင်းလှပါ တယ်။ နတ်စီတဲ့ အိမ်မက်လှလှကလေးတွေမက်ရင်း ရေစုန်ခရီးကိုမျောခဲ့ရတဲ့သူမဟုတ်ပါဘူး။
ရေဆန်ဆန် လှိုင်း ထန်ထန်ခရီး ကြမ်းတွေမှာ ကျော်ဖြတ်ပြီးမှ အောင်မြင်မှုရရှိအောင် မနားမနေကြိုးစားခဲ့ရတဲ့သူ တစ်ဦးလို့ဆိုရင် မမှားပါဘူး။ သူမရဲ့ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံတွေကိုပြောပြခဲ့ရာမှာ နှောင်းအတိတ်ကို ဆွေးရိပ် သန်းနေတဲ့ သူ့ရဲ့မျက် ဝန်းအစုံကိုသတိပြုမိပါတယ်။ သူမရဲ့စားပွဲပေါ် ပန်းအိုးထဲကနှင်းဆီတစ်ပွင့်ဟာ ရဲရဲတောက် အဆင်းနဲ့ အားမာန် အပြည့်လန်းဆန်းစွာကြွားကြွားဝင့်ဝင့်အလှဖြာနေဆဲပါဘဲ။ ဘုရားစင်ပေါ်မှာထွန်းညှိထားတဲ့ အမွှေး တိုင်ရဲ့အခိုး အငွေ့တွေဟာ အပြင်ဘက်ကို တလွင့်လွင့်ပြန့်နေပါတယ်။
ကျွန်မမွန်အမျိုးသားစာသင်ကျောင်းကိုရောက်လာတာတဲ့အချိန်ကတော့ ၁၉၉၃၊ ၉၄ ခုနှစ် ပညာသင်နှစ်မှာပေါ့။ အဲဒီ အချိန်မတိုင်ခင်မှာ ကျောင်းနားထားရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန် (၈၈) အရေး အခင်းဖြစ်နေ တဲ့အချိန် ကျွန်မက( ၆) တန်းပဲရှိပါသေးတယ်။ ဒီတစ်သက်တော့ ပညာမသင်ရတော့ဘူးလို့ စဉ်းစားရင်အား ငယ်တဲ့စိတ်ပေါ်လာ တယ်။ သူများတွေကိုကြည့်ပြီးတော့နော်။ ဒါပေမယ့် စိတ်ထဲမှာတော့ ပညာသင်ချင်တဲ့စိတ်တွေ မကုန်သေးဘူး။ ဒါပေ မယ့်ကိုယ့်ရဲ့မိဘတွေကို ဖွင့်မပြောရဲဘူး။ ကိုယ်မိဘတွေကလည်း ပညာရေး တွေဘာတွေ နားမလည်သေးတော့ အဲဒီ အချိန်ကစပြီး ကျွန်မနဲ့ပညာရေးက အလှမ်းဝေးကွာသွားခဲ့တယ်။
(၁၉၉၃)ခုနှစ်ရောက်တော့ မွန်ပြည်သစ်ပါတီပညာရေးဌာနခွဲတစ်ခုဖြစ်တဲ့ ကော့ကရိတ်မြို့နယ်က ကျိုက္ကဗင်ဆိုတဲ့ရွာလေး တစ်ရွာမှာ မွန်အမျိုးသားကျောင်းဖွင့်ထားတယ်။ အဲဒီမှာပညာသွားသင်စို့လို့ သူငယ်ချင်းတစ်ယောက်ကအဖော်လာညှိ တယ်။ ဒါပေမယ့်ကျွန်မကစိတ်ဝင်စား မယ်လိုလိုနဲ့ နောက်အဲဒီကိစ္စကို မေ့သွားပြန်တယ်။ နောက်တော့ ကျွန်မအဖေနဲ့ သူရဲ့သူငယ်ချင်းတစ်ယောက် ကျွန်မတို့အိမ်မှာလာလည်ပြီး ရှေးဟောင်း နှောင်းဖြစ်တွေပြောရင်း ကျွန်မစိတ်ဝင်စားတဲ့ ကြောင်းအရာတစ်ချို့လည်းပါလာတယ်။ အဲဒါက ဘာလဲဆိုတော့ မွန်ပြည်သစ်ပါတီဗဟိုပညာရေးဌာနရဲ့ လက်အောက်ခံ သထုံခရိုင်မှာ သူတို့မွန်အမျိုးသားကျောင်းတွေဖွင့်ထားတယ်။ အဲဒီမှာဆိုရင် မွန်ကျောင်းသား ပေါင်း(၁ဝဝ)ကျော်ကျော် လောက်ရှိမယ်။ အဲဒီဆရာ ပြောနေတာကို ကျွန်မကြားတော့စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ကိုယ့်လူမျိုးတို့ရဲ့ အမျိုး သားကျောင်း မှာပညာရရင် ဘယ်လောက်ဟန်လိုက်လေမလဲလို့ စိတ်ထဲမှာစဉ်းစားမိတယ်။ ဒီလိုနဲ့ကျွန်မအဖေရဲ့ သူငယ် ချင်းဖြစ်တဲ့ ဆရာ နိုင်ဗညားရဲ့ အိမ်ကိုသွားပြီး အဲဒီနေရာကို မိမိအနေနဲ့ သွားလို့ရ မရ သွားမေးမြန်းပါတော့တယ်။
ဆရာပြောတာက တကယ်လို့အဲဒီမှာပညာသွားချင်တယ်ဆိုရင် သွားသင်လို့ရတယ်ပေါ့။ ဒါပေမယ့် စားဝတ်နေရေးတော့ အခက်အခဲတွေရှိ မယ်။ အမျိုးချစ်စိတ်မရှိပဲနဲ့ အဲဒီမှာလုံးဝနေနိုင်မှာမဟုတ်ပါဘူး။ မနက် ဖြန်ဆိုရင် ဆရာမွန်ချိုင်းက မွန်အမျိုးသားကျောင်းကို သွားမယ့် ကျောင်းသားတွေလိုက်ပို့ဖို့ရှိတယ်။ နင်သွား ချင်သပဆိုရင်သူနဲ့လိုက်သွားပေါ့။ နင်တကယ်နေနိုင်လို့လား ဆရာကမေးတယ်။ ကျွန်မက လည်းနေနိုင်ကြောင်း ဝန်ခံပြီး အိမ်မှာခွင့် တောင်းဖို့အတွက် ပြန်သွားတယ်။ အမေကိုခွင့်တောင်းတော့ အမေကခွင့်မပြုဘူး။ ဘယ်ခွင့်ပြုမလဲ အဲဒီအချိန်မှာက နိုင်ငံရေးအနေနဲ့လည်း ပစ်တာ၊ခတ်တာ ရှုပ်ထွေးနေတဲ့အချိန်လည်းဖြစ်တယ်။ ပြီးတော့ တောကြီးတောခေါင်မှာ ပညာသင်ကြားရမယ်ဆိုတော့ မိဘက စိုးရိမ်တာပေါ့။ လုံးလုံးဝခွင့်မ ပြုဘူးဆိုတော့ကျွန်မကလည်း ငိုယိုပြီးတော့တိုင် တည်တောင်းပန်တယ်။ မိမိက ပညာတတ်ကြီးဖြစ်ချင်တယ်။ အခုက အသက်ကငယ်ငယ်လေးပဲရှိသေးတယ်။ ပညာမတတ်ရင် သမီးဘဝရှေ့ရေး ဘယ် လိုသွားရမလဲ စသဖြင့်ပေါ့ တိုင်တည်တယ်။ နောက်ဆုံးတော့မိဘကသနားတော့ ခွင့်ပြုလိုက်ပါတယ်။
ကျွန်မတို့လာတုန်းက လှေစီးပြီးတော့လာရတယ်။ လမ်းတ လျှေက်လုံခြုံရေးကတော့ မွန်စစ်သားတွေ တာဝန်ယူစောင့် ရှောက်လာတယ်။ တစ်နေရာမှာရောက်တော့ ထူးခြားမှုတခု ခုတွေ့လို့စစ်သားတွေ အဆင်သင့်နေရာယူပြီး ကျွန်မတို့ကို လုံခြုံတဲ့နေရာမှာပေးဝပ်ခိုင်းတယ်ရှင့်။ ကျွန်မစိတ်ထဲမှာတော့ ဒီတစ်ခါတော့သေ ပြီးလို့ရှိသမျှဘုရားစာ တွေရွတ်တော့တာ ပါပဲ။ ဟေတုပစ္စယော၊အရမ္မဏပစ္စယော၊ အဓိပတိပစ္စယော အစရှိသည့်ဖြင့်ပေါ့။ ကံကောင်းထောက်မစွာနဲ့ တိုက်ပွဲမဖြစ်ပဲ အေးအေးဆေးဆေးပဲ အဲဒီနေရာကို လွန်သွား ပြန်တယ်။ အဲဒီလိုနဲ့ကျိုက္ကဗင်ဆို တဲ့ရွာကလေးတစ်ရွာကို ရောက်သွားပါ တော့တယ်။ ကျွန်မတို့ရောက်သွားတဲ့ အချိန် ကညပိုင်းမှာဖြစ်တယ်။ ကျွန်မတို့ရွာရောက်ရောက်ခြင်းးမှာပဲ ရွာဘုန်ကြီး ကျောင်းက အုန်းမောင်းခေါက်တယ်ဆိုတော့ တိုက်ပွဲဖြစ်လို့ ပြေးရတော့မလားလို့တွေဝေတဲ့အချိန်မှာ ရွာကလူအုပ်တွေ အားလုံး ဘုန်းကြီးကျောင်းမှာ လူလာစုကြတယ်။
သေချာသွားပြီးစာမသင်ရသေးပဲနဲ့ အခုပြေးနေရပြီးလို့စိတ်ထဲမှာ စဉ်စားရင်း နောက်တော့မှထင်တာတခြား ဖြစ်တာတ လွဲပြီး နောက်ဆုံး အဖြေမှန်က အခုရောက်လာတဲ့ ကျွန်မတို့ကျောင်းသားအသစ်တွေကို ကြိုဆိုသောအားဖြင့် အုန်း မောင်းခေါက်ခြင်း ဖြစ်တယ်ဆိုတာသိ တောမှ အသက်ရှူချောင်သွားတယ်။ စိတ်ထဲမှာတိုက်ပွဲဖြစ်လေမလားလို့။ အဲဒီ အချိန်မှာဆရာဆရာမတွေစုံစုံညီညီ ကျွန်မတို့ကိုလာပြီးတော့ ကြုဆိုကြတယ်။ ကျွန်မကအခုလိုကျောင်းသူကျောင်းသား ဆရာဆရာမတွေ စုံစုံ ညီညီနဲ့လာကြိုတာတွေတော့ အများကြီးအားတက်သွားတယ်။ အများအားဖြင့် ဆရာ၊ ဆရာမတွေ ကတော့ တက္ကသိုလ်ကမွန်ကျောင်းသူ ကျောင်းသားတွေများတယ်။
ရွာပုံစံကတော့ဒီသနပ်ခါးလူးတဲ့ကျောက်ပြင်လိုပါပဲ။ ကုန်းလိုဖြစ်ပြီးတော့ မိုးတွင်းဆိုရင်အောက်ဘက်ကို ကြည့်တဲ့အခါ ရွာရဲ့ပတ်ပတ်လည်း မှာ ရေတွေဖွေးဖွေး ဖြူနေလို့။ ပြည့်လျှံနေလို့။ ပင်လယ်ထဲမှာ လွှင့်မျောနေတဲ့ ကျွန်းတစ်ကျွန်းလို ဖြစ်နေတယ်။ အင်မတန်မှ ငြီးငွေ့စရာ၊ လွမ်းမောစရာကောင်းတာပေါ့။ ရွာလို့ဆိုပေမယ့် အိမ်ခြေပေါင်းက(၄ဝ)သာသာ လောက်ပဲရှိတယ်။ စာသင်တဲ့နေရာတော့ ဘုန်းကြီးကျောင်းမှာသင်ပြီး ရွာမှာအားတဲ့အိမ်မှာ ကျွန်မတို့နေရတယ်။ ရွာနာ မည်ကတော့ ကျိုက္ကဗင်ရွာတဲ့။ ကော့ဗိန်းရွာအလွန် လယ်ကွင်းပြင် အလယ်တည့်တည့်မှာရှိပြီး ပလိုင်းတမော၊့ ကော့ဂိုး၊ ခရစ၊် အဲဒီရွာဘက်မှာရှိတယ်။ ဒါပေမယ့် ရွာကတော့ တောလည်ခေါင်မှာရှိတယ်ဆိုတော့ အင်ပင်၊ ကျွန်းသစ်ပင်တွေ အများကြီးပဲ။ အဲဒီရွာမှာမကြာခဏဆိုသလို ဗမာစစ်တပ်နဲ့မွန်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့နေရာပေါ့။ အဲဒီလိုနဲ့ကျိုက္ကဗင် ဆိုတဲ့ရွာ ပျော်တလှည့် မောတလှည့်ပညာသင်ရင်းသင်ရင်းနဲ့ တော်သလင်းလရောက်တော့ နိုင်ငံရေးရေစီးကြောင်း အခြေအနေကသိပ်မကောင်းတော့ဘူး။ အခြေအနေတဖြည်းဖြည်း တင်းမာလာတယ်။ အဲဒီအချိန်တုန်းက မွန်ပြည်သစ် ပါတီနဲ့ စစ်အစိုးရကလည်း ငြိမ်းချမ်းရေး မယူရသေးဘူးဆိုတော့ ကြောက်ကြောက်နေရတာပေါ့။ နောက်ဆုံးတော့ စာသင်လို့မရတော့ဘူး။ ဒီရွာကနေတစ်ခြားရွာဖြစ်ဖြစ်၊ ကိုယ့်အိမ်ကိုပဲဖြစ်ဖြစ် ခဏတဖြုတ်တော့ လူစုခွဲပြီးရှောင်ရမယ် လို့ ကျောင်းအုပ်ဆရာကြီးက လာပြောတယ်။ ရွာကနေဝေးတဲ့သူတွေဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းရွာမှာဘဲ လိုက်သွား တယ်။ ကျွန်မကျတော့ ရွာကဝေးတယ်ဆိုတော့ သူငယ်ချင်းရွာမှာပဲ လိုက်သွားတယ်။
မနက်ဖြန်ဒီကျိုက္ကဗင်ရွာကနေခဏရှောင်ဖို့ ရွာအပြင်ဘက်ကမြစ်ချောင်းနားမှာ သွားစုဝေးပြီး လှေကိုစောင့်နေကြတယ်။ အဲဒီလိုစစ်အစိုးရ၏ ဘေးလွတ်ရာသို့ထွက်ပြေးရင် ရောက်ရာအရပ်မှာစာသင်ပြီး တစ်ရွာပြီးတစ်ရွာ ပြေးရင်း သင်ရင်းနဲ့ နောက်ဆုံးမှာ ကော့ကျိုက်ဆိုတဲ့ မွန်ရွာကိုရောက်သွားပြန်တယ်။ အဲဒီရွာမှာ အကြာကြီး နေခဲ့တယ်။ ဆရာမက သူကြီးရဲ့ အိမ်မှာပုန်းပြီးနေရတယ်။ ဗမာစစ်သားတွေလာရင်တော့ ဆရာမအိမ်ပြင်ထွက်လို့ မရတော့ဘူး။ စာသင်တဲ့အခါမှာ တော့ခိုးကြောင်ခိုးဝှက်နဲ့ပေါ့။ မိုးတွင်းကောက်စိုက်ချိန်မှာဆိုရင် ကျွန်မတို့အနေနည်းနည်းချောင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တခြားရွာ ခယား၊ ကော့ယက္ခ၊ အဲဒီဘက်ကရွာတွေက ကျွန်မတို့နေတဲ့ ရွာမှာကောက်လာ စိုက်ကြတယ်။ ကျွန်မတို့က ကောက်စိုက်သမားတွေလို လယ်ကွက်ထဲမှာ မျိုးတွေကို မနှုတ်တတ်၊ နှုတ်တတ်နဲ့ ဟန်ဆောင်ပြီး နှုတ်နေရတယ်။ နေ့ခင်းမှာကောက်စိုက်ပြီး ညပိုင်းမှာတော့ စာသင်ရတာပေါ့။
တစ်ခါမှာ ဆရာမစာသင်တန်းလန်းနဲ့ ရွာကကင်းသမားတစ်ယောက် သတင်းလာပေးတယ်။ ဆရာမရေ အခြေအနေမ ဟန်ဘူး အခုရှောင်မှ ဖြစ်တော့မယ်လို့ပြောတယ်။ ကျွန်မတို့လည်း စာသင်တန်းလန်းနဲ့ စာအုပ်တွေကိုအားလုံး သေတ္တာထဲမှာထည့်ဝှက်လိုက်ကြတယ်။ ပြီးတာနဲ့ ကျောင်းသားရော ဆရာမပါ အားလုံးပြေး ကြရတော့တာပါပဲ။ ပြေးတဲ့ အခါမှာလည်း သူကြီးတွေသတ်မှတ်ထားတဲ့ အိမ်မှာသွားပြီးတော့ပုန်း နေကြရတယ်။ ဥပမာတစ်အိမ်မှာဆိုရင်၂ ယောက် လား ၃ယောက်လားခွဲထားပေးတယ်။ အဲဒီလိုနေ့မျိုးမှာဆိုရင်တော့ စာမသင်ဖြစ်တော့ဘူး။ ညပိုင်းရောက်ပြန်တော့ စာ ဖတ်ရတာပေါ့။ ဒါပေမယ့်အဲဒီညမှာပဲ ဗမာစစ်သားတွေ ဝင်လာမယ်လို့ သတင်းကြားပြန်တော့ ဆရာမကစာမပေးဖတ် တော့ပဲ စောစောပေးအိပ်ခိုင်းလိုက်တယ်။ ကိုယ့်ကပျော်တာပေါ့။ စာမဖတ်ရဘူးဆိုတော့။ ခလေးတွေဆိုတော့ သတင်းမ ကောင်းဘူးဆို တော့ ကြောက်တာပေါ့။ ဒါပေမယ့် ဘယ်လိုကြောက်ရမှန်းမသိဘူး။ မနက်စောစော(၄)နာရီလောက်တော့ ကျေးရွာဥက္ကဌကလာပြီးတော့နှိုး ပြန်တယ်။ ကဲကျောင်းသားတို့၊ ထတော့ထတော့ ကဲကျောင်းသားတို့ထထတော့ အိပ်လို့ မရတော့ဘူး။ အိမ်အောက်ကနေ လာပြီးတော့နှိုး တယ်။ ကျွန်မတို့လည်း အမြဲတမ်းဘဲပြေးနေရတယ်ဆိုတော့ စောစော ထရတာလောက်တော့ ပျင်းတာပေါ့။ ဆောင်ကို ကိုယ်မှာတိုင်းပတ်ပြီး ဥက္ကဌရဲ့ခေါ်ဆောင်ရာနောက်ပါသွားတယ်။ အစီ အစဉ်အတိုင်းပဲ ဒီကျောင်းသားက ဘယ်အိမ်မှာနေ၊ အဲဒီလူစုခွဲပြီးပေးပုန်းစေတယ်။
နံနက်မိုးလင်းတော့ ကိုယ်ကအိမ်တွင်းမှာပုန်းနေရတယ်။ အိမ်ပြင်ထွက်လို့မရဘူး။ ထမင်းချက်တဲ့သူလည်း ပြေးနေရ တယ်ဆိုတော့ အဲဒီနေ့ဆိုရင် တစ်နေ့လုံး ထမင်းမစားပဲ အိမ်းတွင်းမှာပဲပုန်းနေရတယ်။ ညပိုင်းမိုးချုပ်လို့ အစိုးရစစ်သား တွေပြန်သွားမှ ဥက္ကဌပြောထားတဲ့ ရွာရဲ့ဟိုအစွန်းဆုံးအိမ်မှာသွားပြီးတော့ ထမင်းစားရတယ်။ သွားတဲ့အခါလည်း ဟိုယောင်ယောင်နဲ့ဟန်ဆောင်သွားရပြီး နှစ်ယောက်တစ်တွဲ အဲဒီထမင်းစားတဲ့အိမ်ကို ရောက်ပြီးမှ ကျန်လူတွေ နောက်ထပ်နှစ် ယောက်သွားရတယ်။ အဲဒီလိုနဲ့ပြေးရင်းပုန်းရင်း နေလာကြာတော့ နောက်ဆုံးတော့ နေလို့မရတော့ဘူး။ အစိုးရစစ်သားတွေ ရွာကိုအဝင်စိပ်လာတယ်။ ကျောင်းအုပ်ဆရာကြီးကလည်း မရှိတော့ဘူး။ အဲဒီအချိန်မှာ ဆရာမ နှစ်ယောက် ပဲရှိတော့တယ်။ စာမသင်ရပဲနဲ့ တချိန်လုံးပုန်းနေရတာဆိုတော့ မထူးတော့ဘူး ဆရာမကပြန်တော့စို့လိုပြော တယ်။
အဲဒီအချိန်မှာ မွန်ပြည်သစ်ပါတီဗဟိုပညာရေးဌာနက နယ်စပ်တစ်နေရာမှာ အေးအေးချမ်းချမ်းပါပဲ။ ဒီပြည်တွင်းကခရိုင် ပညာရေးဌာနတွေပဲ ပြေးလွားနေရတယ်။ ဒီလိုနဲ့စာသင်နှစ်တနှစ်စာ မပြီးသေးပဲနဲ့ ဒီတစ်ခါမှာတော့ တစ်ကယ့်ကိုရွာပြန် ရတော့တယ်။ ဆရာမကဘယ်လိုမှာလဲဆိုတော့ နင်တို့တတွေ လူကြီးတွေ ပြန်ခေါ်တဲ့သတင်းစောင့်နေပါ။ အဲဒီအချိန် မှာမှ ဆရာမနဲ့ပြန် တွေ့ကြတာပေါ့လို့ ပြောတယ်။ ကျွန်မတို့မှာ ခွဲခွာရတော့မယ်ဆိုတဲ့အသိနဲ့ မျက်ရည်တသွင်သွင် စီးကျ လို့ပေါ့။
ဒီလိုနဲ့သီတင်းကျွတ်မှာပြန်ခေါ်တယ်။ ကမ်းနီးရွာမှာ လူစုပြီးတော့ဆရာကတော့ ခရစ်ရွာမှာစောင့်နေတယ်။ ကျွန်မတို့ လူစုပြီးတော့ ကမ်းနီးကိုသွားတယ်။ ကမ်းနီးကနေတဆင့် တံတားဦးရွာကိုရောက်တယ်။ အဲဒီတံတားဦးရွာမှာ ကျွန်မတို့ စာသင်ရပြန်တယ်။ စာသင်ရတဲ့အိမ်က အရင်တုန်းက ဥက္ကဌရဲ့နွားတင်ကုပ် နေရာဖြစ်ပါတယ်။ အဲဒီစာသင်တဲ့နေရာ ပတ် ပတ်လည်မှာ သစ်ပင်တွေဝိုင်းဝိုင်းလည်ပြီး အဝေးကနေကြည့်ရင် ဘာမှတွေ့ရပါဘူး။ လုံခြုံအတွက် နည်းနည်းတော့ စိတ်အေးရတာပေါ့။ အဲဒီဘိုဘဲကျွန်မတို့ အခက်အခဲမျိုးစုံကိုဖြတ်သန်းရင်းနဲ့ တံတားဦးဆိုတဲ့ရွာမှာ တစ်နှစ်စာ ပညာ သင်နှစ်ကို အောင်အောင်မြင်မြင် နဲ့ပြီးဆုံးသွားခဲ့တယ်။ ကျွန်မအတွက်တော့ ဒီတွေ့ကြုံနေရတဲ့ ဖြစ်ရပ်တွေကို ဘယ် တော့မှမေ့လိုရတော့မှာ မဟုတ်သလို မွန်အမျိုးသားကျောင်းမှာမွန်ကျောင်းသူတစ်ဦးတွေ့ကြုံနေရသော ဒုက္ခနည်းတူ အခြားသောတိုင်းရင်းသားတွေ ကိုယ့်အမျိုးသားစာပေသင်ကြားရာမှာလည်း ဤနည်းအတိုင်း တွေ့ကြုံနေကြမယ်လို့ ထင်ပါတယ်။
အဲဒီကနေ(၁၉၉၅)ခုနှစ်ရောက်တော့ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ ငြိမ်းချမ်းရေးရတော့ ထိုင်းမြန်မာ နယ်စပ်မှာရှိနေတဲ့ မွန်ပြည်သစ်ပါ တီရဲ့ဗဟိုပညာရေးဌာနဖြစ်တဲ့ ညီစားဌာနကိုပြောင်းလာတယ်။ (၁၉၉၆) ခုနှစ်မှာ ကျွန်မမွန်ပညာရေးဌာနကို ရောက်လာတယ်။ ဒီလိုနဲ့(၁၉၉၇) ခုနှစ်မှာ ကျွန်မ(၁ဝ)တန်းအစိုးရစာမေးပွဲ ဝင်ဖြေတယ်။ ပထမနှစ်တော့ မအောင်ပါဘူး။ ဒုတိယနှစ်မှာ ကျွန်မဆယ်တန်းစာမေးပွဲ တစ်နှစ်နား လိုက်ပြီးတော့ မွန်ဗဟိုပညာရေးဌာနရဲ့ လက်အောက်ခံ ကျိုက္မရောမြို့ နယ် မွန်ကျောင်းဆရာအဖွဲ့မှာ ဝင်ရောက်တာဝန်ထမ်းဆောင်တယ်။ နောက်နှစ်ကျတော့ ဆယ်တန်းဆက်ဖြေတယ်။ ဒါပေမယ့် မအောင်ပြန် ဘူး။ ဒီလိုနဲ့ (၄)နှစ်မြောက်(၂ဝဝ၂)ရောက်မှ ဆယ်တန်းအောင်တယ်။ တဆက်တည်းမှာပဲ ကျွန်မအဝေးသင်တက္ကသိုလ် ဆက်တက်တယ်။ ၂၀၀၇ခုနှစ်ကျတော့မှပဲ ကျွန်မဘွဲ့ရတယ်။ ပြီးတော့အခုအမိမွန်ပညာရေး ဌာနမှာ တာဝန်ဆက်လက်ထမ်းဆောင်နေဆဲပါ။ ဌာနမှာနေစဉ်အတွင်း အင်္ဂလိပ်စာကို လေ့လာသင်ယူခဲ့ပါတယ်။ ပြီးတော့ကွန်ပျူတာနဲ့ပါတ် သက်တဲ့နည်းပညာပိုင်းကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။ ဒီကနေ့ထိတော့ ကျွန်မအတွက်တော့ လေ့လာသင်ယူစရာ တွေ အများကြီးရှိနေပါသေးတယ်။
သူမရဲ့ဘဝဇာတ်ကြောင်းကိုပြောပြအပြီးမှာ မောသွားဟန်ရှိပါတယ်။ သူမရဲ့စားပွဲပေါ်မှာ စာရေးဆရာ ငြိမ်းကျော်ရဲ့ အပြာ ရောင်သစ်ခွပွင့်ရဲ့သမိုင်းအစဆိုတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကိုတွေ့ရပါတယ်။ အပြာရောင်သစ်ခွပွင့်ဟာ တခြားသစ်ခွပင် တွေလို သစ်ပင်တွေရဲ့အပေါ်မှာ ပေါက်နေတာမဟုတ်ပါဘူး။ ကျောက်ဆောင် အကျိုအကြားကနေပေါက်လာတဲ့ ပန်းတစ် ပွင့်ပါ။ မာကြောလှတဲ့ကျောက်ဆောင်ကြားကနေ ရုန်းထွက်ပြီး လောကအတွက် သူ့ရဲ့အလှကိုပေးဆောင်နေတဲ့ ပန်းကလေးပါ။ သူမရဲ့ဘဝဟာလဲအခက်ခဲအမျိုးမျိုးကြားကနေ ရုန်းကန် ကြိုးစားခဲ့လို့ အောင်မြင်မှုအတိုင်းတာတခုအထိ ရခဲ့တဲ့အဖြစ်ဟာ အပြာရောင်သစ်ခွပွင့်နဲ့နှိုင်းရင် ရိုင်းမယ်မထင်ပါဘူး။
(မှတ်ချက်။ ။ မွန်ပညာရေးဌာနမှ ဆရာမမိကျလွန်းထော ကိုယ်တိုင်ပြောပြသော ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါသည်။)
No comments:
Post a Comment