Sunday, August 1, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၆

မင်းဟန်

၂၂၈

အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း၊ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တနှစ်ပြည့်မြောက်သည့် အခမ်းအနားကျင်းပသည်။

အာဏာပိုင်များက အနောက်ရွှေဂုံတိုင်လမ်းကို ပိတ်ထားလိုက်ကြ၏။ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်လူကြီးများကို ဝင်ခွင့်ပေးသော်လည်း အဖွဲ့ဝင်များနှင့် အခြားပုဂ္ဂိုလ်များကို ဝင်ခွင့်မပြု၊ စိစစ်ဟန့်တား၍ နေသည်။ နိုင်ငံသား စိစစ်ရေးကဒ်ပြားများအား ပြခိုင်း၏။ နေရပ်လိပ်စာများ မေးမြန်း၏။ တဦးချင်းစီကို ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ယူ၏။ နောက်ဆုံးတွင်မူ ဝင်ခွင့်ပြုလိုက်၏။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသား ကွန်ကရက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်ပေါင်း ၅ဝဝ ကျော် တက်ရောက်ကြ၏။ အခက်အခဲ အကျပ်အတည်း အမျိုးမျိုးကြားမှ တက်ရောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ အချို့က နိုင်ငံသားစိစစ်ရေး ကဒ်ပြားမပြနိုင်သဖြင့် အာဏာပိုင်များက ဝင်ခွင့်မပေးဘဲ ပြန်သွားခဲ့ကြရသည်များလည်း ရှိ၏။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ တနှစ်မြောက် ကြေညာစာတမ်း တစောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ လွှတ်တော်ရေးရာ ကော်မတီများဖြစ်သည့် တိုင်းရင်းသားရေးရာ ကော်မတီ၊ ဘဏ္ဍာ၊ စီးပွား၊ ကုန်သွယ်ရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေးရာ ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီများမှ နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်၏။ လူထုအတွင်းသို့ ဖြန့်ဝေ၏။ အဖွဲ့ချုပ်မှ တာဝန်ခံ၍ ဖြန့်ဝေခြင်း ဖြစ်သည်။

ကြေညာစာတမ်းတွင် အာဏာပိုင်များမှ အတင်းအဓမ္မ စုဝေးထားသည့် လူစုလူဝေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ‘အယုံအကြည်မရှိ၊ လုံးဝမထောက်ခံကြောင်း’ အော်ဟစ်ဆူပူပွဲများနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားပင် ဝေဖန်ထောက်ပြထား၏။ ထိုလုပ်ရပ်များသည် အဓိပ္ပာယ်ကင်းမဲ့သည့် လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြပြီး -

- စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းရေးကို မလိုလားကြောင်း၊
- ပြည်သူလူထုက လုံးဝအလိုမရှိသည့် အာဏာရှင်စနစ် သက်တမ်းရှည်စေလိုခြင်း၊
- တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေခြင်း၊
- ပြည်သူလူထုကို တရားဥပဒေအပေါ် ယုံကြည်လေးစားမှု၊ လိုက်နာမှုပျက်ပြားစေခြင်း၊
- ပြည်သူလူထုကို လမ်းလွဲသို့ ပို့ပေးနေခြင်း၊
- ဥပဒေရေးရာတွင် မကျွမ်းကျင်သော ပြည်သူလူထုကို အာဏာပိုင်များက မိမိတို့ကိုယ်ကျိုးအတွက် ခုတုံးလုပ် အသုံးချနေခြင်း၊
- မိမိကိုယ်တိုင်ပြဋ္ဌာန်းထားသော ဥပဒေများကိုပင် မလေးစား မလိုက်နာခြင်း
- ယဉ်ကျေးသော ကမ္ဘာ့နိုင်ငံများထဲတွင် အမျိုးသားရေး ဂုဏ်သိက္ခာကျဆင်းစေခြင်း၊
- ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးနေခြင်း၊
- ပြည်သူလူထုအား တရားဥပဒေကို လိုက်နာကျင့်သုံးစေရန်အစား သွေဖီချိုးဖောက်နည်းကို လေ့ကျင့် ပေးနေခြင်းများဖြစ်ခြင်းကြောင့် အာဏာပိုင်များ၏လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

ပြီးလျှင် ကြေညာစာတမ်း၏ နိဂုံး၌ -

အထက်တွင် ဖော်ပြထားသည့် အကြောင်းများကြောင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စကို မည်သို့မျှ ရုပ်သိမ်းပေးမည် မဟုတ်သည့်အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကိုလည်း မည်သို့မျှ ဖျက်ဆီးပေးမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီက ခိုင်မာပြတ်သား အလေးအနက်ထား ဆုံးဖြတ်လိုက်ကြောင်း ကြေညာအပ်ပါသည်ဟူ၍ နိဂုံးချုပ်ဖေါ်ပြထား၏။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောသည်။

“ဒီနေ့ ကျမတို့ အခမ်းအနားကိုဖြစ်အောင်လို့ တက်ရောက်လာတဲ့ ကျမတို့ရဲ့အဖွဲ့ဝင်များနဲ့ ကျမတို့ကို ထောက်ခံတဲ့ သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အခုလို ကျမတို့ လွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ၁ နှစ်မြောက် အခမ်းအနားကို အများပြည်သူများ မလာနိုင်အောင်လို့ ပိတ်ဆို့တယ်ဆိုတာ ဘာကိုပြသလဲဆိုတော့ ကျမတို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ထောက်ခံမှု ပြည်သူလူထုကြားထဲမှာ ရှိတယ်ဆိုတာကို ပြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို စိုးရိမ်ကြောင့်ကြကြောက်ရွံ့လို့ ဒါပိတ်ဆို့ထားတယ်လို့ ကျမတို့ ဒီလိုပဲ မြင်ပါတယ်။ ဘယ်လိုပဲ အာဏာပိုင်တွေက လုပ်လုပ် ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျမတို့နဲ့ အစဉ်ရှိသွားမယ်လို့ ကျမယုံကြည်ပါတယ်။ အခုဆိုလိုရှိရင် ကျမတို့ရဲ့ ကော်မတီကို ဖွဲ့လိုက်တာ ၁ နှစ် ရှိသွားပါပြီ။ ဒီ ၁ နှစ်မှာ အခြေအနေတွေဟာ ဘယ်လိုပြောင်းခဲ့သလဲ။ ကျမတို့ရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အခြေအနေက ဘယ်လိုရှိသလဲဆိုတာ ကျမတို့ သုံးသပ်နိုင်ပါတယ်။

ကျမတို့ရဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီထဲမှာ တိုင်းရင်းသားအဖွဲ့အစည်း ၄ ခုနဲ့ ကိုယ်စားလှယ် ပါတာဟာ အင်မတန်မှ ကျမတို့အတွက် တတပ်တအား ဖြစ်ပါတယ်။ ဒါဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ ဥပဒေဘောင်အတွင်းကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို ကျမ ဆက်လက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ကျမတို့ကို ခြိမ်းခြောက်လို့လည်း ကျမတို့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ ကိုယ်စားလှယ်များကို တန်ဆာခံများသဖွယ် ခေါ်ထားပြီးတော့ အမျိုးမျိုး ကျမတို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ဖျက်သိမ်းဖို့ရာအတွက် စည်းရုံးလို့လည်း ကျမတို့ဟာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူး။

ကျမတို့ ခဏခဏပြောခဲ့ပါတယ်၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စကို ကျမတို့ဘယ်တော့မှ လက်မလွတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဒီကိစ္စကို လက်လွတ်လိုက်လို့ရှိရင် ကျမတို့ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို ချိုးဖောက်နိုင်တယ်ဆိုတဲ့ မကောင်းတဲ့ အစဉ်အလာကြီးကို ကျမတို့ လက်ခံရာ ရောက်မယ်လို့ ကျမတို့ ပြောခဲ့ပါတယ်။

ဒါကြောင့်ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ အခြားပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီထဲမှာ ပါဝင်ကြတဲ့ ရှမ်း၊ ရခိုင်၊ မွန်၊ ဇိုမီး အမျိုးသားပါတီများနဲ့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီကို လိုလားတဲ့ သူအားလုံးဟာ ကျမတို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ လုပ်ရပ်များကို တခဲနက် ဒီနေ့ကစပြီးတော့ ဆထက်ထမ်းပိုး ထောက်ခံကြပါလို့ ကျမ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်”


၂၂၉

၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ သောကြာနေ့။

ဒေါ်အောင်ဆန်းစုကြည်၏ တနေ့တာ အလုပ်အချိန်ဇယားတွင် မနက်ပိုင်း၌ အမှတ် ၉၇/ခ ရွှေဂုံတိုင်လမ်း ရုံးချုပ်တွင် ဟောပြောပွဲရှိ၏။ ဟောပြောပွဲက အပတ်စဉ် ပြုလုပ်နေကျဖြစ်သည့် လူထုနှင့် တွေ့ဆုံသည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲဖြစ်သည်။ ဟောပြောပွဲပြီးလျှင်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဂျာမဏီသံရုံးမှ သံရုံးအရာရှိများနှင့် တွေ့ဆုံရန် ရှိ၏။ မွန်းလွဲပိုင်းတွင်မူ အဖွဲ့ချုပ်ရုံးချုပ်တွင်ပင် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်ရှိ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ရှိ၏။ ပြည်တွင်းနှင့် နိုင်ငံတကာရေးရာ အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးကြသည့် ဆွေးနွေးပွဲ ဖြစ်သည်။ ဤနိုင်ငံရေးဆွေးနွေးပွဲမျိုးကိုက အဖွဲ့ချုပ်ဗဟိုတွင် တပတ်လျှင် တကြိမ်၊ သို့တည်းမဟုတ် နှစ်ပတ်လျှင် တကြိမ်မျှ ပြုလုပ်ကြ၏။ အမြင်ဖလှယ်ကြပြီး မူဝါဒဆိုင်ရာ စဉ်းစားသုံးသပ်သည့် ဆွေးနွေးပွဲဖြစ်သည်။

ယခုအပတ်ဆွေးနွေးပွဲတွင်က ၁၉၉၉ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ လုပ်ဆောင်ဖွယ်ရာရှိသည့် ဖြစ်နိုင်ခြေများအပေါ် သုံးသပ်ဆွေးနွေးကြမည် ဖြစ်သည်။

အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် အဖွဲ့အတွင်း၌ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး ဦးလွင် စသည့် ခေါင်းဆောင်များက နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံရှိကြသည့်သူများ ဖြစ်သကဲ့သို့၊ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း နားလည်သိကျွမ်းကြသည့် သူများ ဖြစ်ကြ၏။

ဥက္ကဋ္ဌ ဦးအောင်ရွှေက ကုလသမဂ္ဂ အထွေထွေညီလာခံနှင့်ပတ်သက်၍ အစည်းအဝေးတွင် ပဏာမ မိတ်ဆက်ပေး၏။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဖွင့်ပွဲနေ့၌ ပြောဆိုခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ကိုဖီအာနန်၏ အဖွင့်မိန့်ခွန်းအပေါ် ညွှန်း၍ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးပွဲတွင် ကိုဖီအာနန်၏ မိန့်ခွန်းနှင့်ပတ်သက်၍ -

“ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောတဲ့ကိစ္စနဲ့ ပတ်သတ်လို့ရှိရင် ဒီဟာ,ဟာ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်မယ်လို့ ဒီလိုချည်းလည်း မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က သူရဲ့ အထွေထွေညီလာခံ တခုမှာပြောလိုက်တဲ့ မိန့်ခွန်းဟာ ဒီနှစ်လုပ်တဲ့ အထွေထွေညီလာခံနဲ့ ပတ်သက်လို့ အရေးပါတဲ့ကိစ္စ ဆိုပြီးတော့ သူ့ရဲ့ ထင်မြင်ချက်အရ ပြောတာပါပဲ။

ဒီဟာကို အထွေထွေညီလာခံကနေပြီးတော့ ဒီလိုပြောလိုက်တဲ့ ကိစ္စကို အခြေအတင် ဆွေးနွေးပြီးတော့ ဒီဟာကို သူတို့ မဲခွဲပြီးတော့ ဆုံးဖြတ်မယ်ဆိုပြီး အားလုံးက ဒီလိုလုပ်ချင်ရင်တော့ လုပ်နိုင်တာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်ရိုးလုပ်စဉ်တော့ မရှိပါဘူး။ အဲဒီလို အဖွင့်ပြောလိုက်တဲ့ မိန့်ခွန်းဟာ ကုလသမဂ္ဂ ဘယ်လိုလမ်းကြောင်း သွားသင့်တယ်ဆိုတာ အကြံပြုလိုက်တဲ့ သဘောထား အနေနဲ့သာ အတွင်းရေးမှူးချုပ်က ပြောလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာကလည်း သိမှာပဲလေ၊ အတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်းဟာ တော်တော်ပဲ ဂယက်ရိုက်ပါတယ်။ နိုင်ငံတကာကတော့ တယောက်တမျိုးစီ မြင်ကြတာပေါ့လေ။ အထူးသဖြင့် မိမိတို့နိုင်ငံရဲ့ အတွင်းရေးမှာ ဝင်ပြီးတော့ စွက်ဖက်မယ်လို့ စိုးရိမ်တကြီးနဲ့ရှိတဲ့ နိုင်ငံတွေကတော့ သိပ်ပြီးတော့ မကြိုက်ချင်ကြဘူးပေါ့။ အခြေအနေတွေ သိပ်မဆိုးခင် လုပ်သင့်လုပ်ထိုက်တာကို ဝင်ပြီးတော့ လုပ်ပိုင်ခွင့်ရှိလို့ရှိရင် တကမ္ဘာလုံးအတွက် ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြောသွားတာပါ။

အဲဒီအပေါ်မှာလည်း ကျမတို့ သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ်မတရားသဖြင့် လုပ်နေတာကို ပြည်တွင်းရေး၊ ပြည်တွင်းရေးဆိုပြီးတော့ ကြည့်နေတာဟာ ဒါမသင့်တော်ဘူးလို့ ကျမတို့ထင်တယ်။ အဲဒီလို ကျမတို့ ယူဆချက်တူတဲ့ လူတွေလည်း ရှိမယ်။ မတူတဲ့ လူတွေလည်း ရှိတယ်ပေါ့။ အထွေထွေညီလာခံမှာတော့ ဒီကိစ္စကို တချို့နိုင်ငံတွေက ကိုယ်စားလှယ်တွေကတော့ ထပြီး ဆွေးနွေးကြမှာပါ။ ကျမအထင်မှာတော့ မဲခွဲပြီးဆုံးဖြတ်တဲ့ အထိတော့ ရောက်မယ်လို့ မထင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ဆွေးနွေးမှု အဆုံးသတ်လိုက်၏။

ဗဟိုဦးစီးအဖွဲ့ဝင်တဦးမှ နိုင်ငံတကာ တရားရုံးနှင့် ပတ်သက်၍ မေးမြန်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်မှပင် နိုင်ငံတကာတရားရုံးနှင့် ပတ်သက်ပြီး ဆက်၍ရှင်းပြ၏။

“နိုင်ငံတကာတရားရုံး ဆိုတာကတော့ အကြမ်းဖျင်းအားဖြင့် ၂ ခုလို့ ပြောရမှာပေါ့။ ဟိုတုန်းကရှိခဲ့တဲ့ International Court က၊ ရိုးရိုးနိုင်ငံတကာတရားရုံးပေါ့။ အခုစပြီးတော့ ထူထောင်ဖို့ ပြင်ဆင်နေတဲ့ International Criminal Court က၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံး၊ အဲဒီတော့ International Court အပြည်ပြည်ဆိုင်ရာ တရားရုံးကတော့ ဒီပုဂ္ဂိုလ်တဦးချင်းကနေ သွားပြီးတော့ အမှုတင်ဖို့ဆိုတာ ဒါ မဖြစ်နိုင်သလောက်ပါဘဲ။ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကတော့ ဘယ်သူမဆို အထောက်အထား ခိုင်လုံလို့ရှိရင်၊ အသေးအဖွဲ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ သူတို့အနေနဲ့ အထောက်အထား ခိုင်လုံပြီးတော့ လက်ခံသင့်တဲ့ အမှုဆိုလို့ရှိရင် ဘယ်သူမဆို တင်တာကို လက်ခံနိုင်တယ်ဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒီတရားရုံး ထူထောင်ဖို့ကိုတော့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပါတယ်”

နိုင်ငံတကာရေးရာများ၌ အရှေ့တီမောပြဿနာနှင့် မြန်မာ့အရေးတို့က ပြည်တွင်းရေး ပြဿနာလား။ ဒေသတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိပါးလာနေသည့် ပြဿများလေလား ဟူ၍ ကုလသမဂ္ဂ၏ စင်မြင့်ထက်တွင် ဆွေးနွေးငြင်းခုန်ကြရမည့် အခြေအနေသို့ ရောက်၍နေသည်။


၂၃ဝ

နိုင်ငံရေးအရ အရေးကြီးပြီး ထူးခြားသည့် လုပ်ဆောင်ဖွယ်ရာများ မရှိလျှင် တနင်္ဂနွေကဲ့သို့သော နေ့များ၌ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင်ပင်နေပြီး၊ အိမ်မှုကိစ္စလေးများ လုပ်ဆောင်ရင်း၊ စာဖတ်ရင်းနှင့်ပင် အချိန်ကုန်လွန်စေ၏။

အိမ်မှုကိစ္စလေးများ ဟူသည်ကလည်း ထွေထွေထူးထူး၊ ပင်ပင်ပန်းပန်း အလုပ်များမဟုတ် ခန်းဆီးစများ လဲမည်၊ စာအုပ်စင်လေး သန့်ရှင်းရေးလုပ်မည်၊ သိုးမွေးထိုးမည်၊ ချုပ်စရာ ရှိသည်တို့အား လက်အပ်လေးနှင့် ချုပ်မည်၊ သီမည်၊ နံနက်စာအတွက် ကိုယ်တိုင်ပင် ပြင်ဆင်၍ စီမံချက်ပြုတ်မည်။ ပြီးလျှင်၊ နေ့လယ်နေ့ခင်းတွင်မူ အိမ်ရှေ့ဝရံတာ၌ထွက်ပြီး စာဖတ်မည်။ ဖတ်ရန်စာကြွေးများက ရှိနေ၏။ သားကြီး မြင့်ဆန်းအောင် ပို့ပေးထားသည့် စာအုပ်များက မဖတ်ရသေး။ လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၂၆ ရက်နေ့၊ တနင်္ဂနွေနေ့ကလည်း အဖွဲ့ချုပ် မိသားစုဝင်တဦး၏ နာရေးကြောင့်အပြင် ထွက်ခဲ့ရပြန်သည်။

ယခုအပတ် တနင်္ဂနွေနေ့တွင်လည်း အလုပ်တခုက ရှိနေသေး၏။ သဝဏ်လွှာတစောင် ရေးရန် ဖြစ်သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဂျာမဏီနိုင်ငံ၌ကျင်းပမည့် ၁ဝ၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ သမဂ္ဂအစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေနှင့် သဝဏ်လွှာတစောင် ရေးသား၍ ပေးပို့ရန် ရှိ၏။ နံနက်ပိုင်း အိမ်မှုကိစ္စလေးများ ဆောင်ရွက်ပြီးမှပင် သဝဏ်လွှာရေးရန် ဒေါ်အောင်ဆန်းစုကြည် စိတ်ကူးထားလိုက်၏။


No comments: