Tuesday, August 3, 2010
ရာဇ၀င်တွင်သောစကားများ
“စကားတလုံး၊ ပြက်လုံးတကွက်ကပင်လျှင် စစ်ပွဲများ၊ လှုပ်ရှားမှုများစွာထက် လူ၏ သဘောထားကို ဖော်ပြတတ်သည်” (ပလေတို)
“အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ” (အောင်ဆန်း)
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ
နယူးဒေလီလေဆိပ်
အိန္ဒိယနိုင်ငံ။
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ
လေယာဉ်ကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ‘၀ယ်လင်တန်’ လေဆိပ်ပြေးလမ်းပေါ်တွင် အရှိန်သတ်၍ ရပ်လိုက်သည်။ လေယာဉ်ကြီးပေါ်မှ ဦးအောင်ဆန်း ဆင်းလာ၏။ ဒေလီ၏ ဆောင်းသည် အရိုးကွဲမတတ် အေးစက်၏။ သော့သောလေတွင် ရေခဲမှုန်လေးများ တွဲခို၍ပါလာသည့်အလား၊ ဒေလီ၏ ဆောင်းလေသည် စိမ့်၍အေးသည်။ နှင်းမှုန်များက ဖွေးဖွေးလှုပ်၍ကျနေ၏။ ဦးအောင်ဆန်း၏ ခရီးစဉ်က အင်္ဂလန်ကျွန်းသို့။
လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ဗြိတိသျှနန်းရင်းဝန် မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဖြစ်သည်။ ထိုစဉ်က ဦးအောင်ဆန်းသည် (ဖဆပလ) တပ်ပေါင်းစု၏ ခေါင်းဆောင်တဦး။ (ဖဆပလ) သည်ကား မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဦး။
ပြီးလျှင် ဦးအောင်ဆန်း ဦးဆောင်သည့် (ဖဆပလ) သည် ရန်ကုန်ရှိ ဘုရင်ခံနှင့် ညှိနှိုင်း၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ၁၁ နေရာတွင် (ဖဆပလ) မှ ၇ ဦး ပါဝင်ထား၏။ အမှုဆောင် ကောင်စီသည်ပင် အစိုးရအဖွဲ့ ဖြစ်နေ၍၊ ဘုရင်ခံက အမှုဆောင်ကောင်စီတွင် သဘာပတိတာဝန်ယူပြီး၊ ဦးအောင်ဆန်းက ဒုသဘာပတိအဖြစ် တာဝန်ယူသည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနတို့အား ဦးအောင်ဆန်းမှ တာဝန်ယူ၍၊ ဘုရင်ခံက တောင်တန်းဒေသ အုပ်ချုပ်ရေးကို တာဝန်ယူသည်။
ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အစိုးရအဖွဲ့တွင် (ဖဆပလ) နှင့် ဦးအောင်ဆန်းတို့ တာဝန်ယူခဲ့ပြီး တလအကြာ ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် (ဖဆပလ) သည် မြန်မာ့လွတ်လပ်ရေးအတွက် တောင်းဆိုမှု အသစ်တခုကို ထပ်မံ၍ တောင်းဆိုကြ၏။
“ဗြိတိသျှ အစိုးရအနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို ၁ နှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မတိုင်မီ လန်ဒန်ရှိ လေဘာအစိုးရက ကြေညာပေးရန်။ ဗြိတိသျှအစိုးရမှ မကြေညာပေးပါက ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အစိုးရအဖွဲ့မှ (ဖဆပလ) ကိုယ်စားလှယ်များ နုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေးတိုက်ပွဲများ ဆင်နွှဲသွားမည်”
ဦးအောင်ဆန်းနှင့် (ဖဆပလ) ၏ နောက်တွင် လူထု ရှိ၏၊ ဗမာ့မျိုးချစ်တပ်မတော် ရှိ၏၊ ၀န်ထမ်းပေါင်းစုံ ပါဝင်သည့် ‘စက်တင်ဘာ အရေးတော်ပုံကြီး’ ရှိ၏။ ဖက်ဆစ်တို့ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည့် အတွေ့အကြုံရှိသော ပြည်သူ့ရဲဘော်တပ်သားများ ရှိ၏။ (ဖဆပလ) ၏ စည်းရုံးရေး ဖြန့်ကျက်မှုက ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ အဆင့်တိုင်းတွင် စုဖွဲ့တည်ရှိထားပြီး ဖြစ်သည်။
ဤတွင် လန်ဒန်ရှိ ဒေါင်းနင်းလမ်းသည်၊ ဦးအောင်ဆန်းတို့ကို မြန်မာလွတ်လပ်ရေးအတွက် ဆွေးနွေးရန် အင်္ဂလန်သို့ ဖိတ်ခေါ်ရတော့၏။ ဤအတွက် ဦးအောင်ဆန်းတို့ လန်ဒန်ခရီးစဉ် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
ကင်မရာမီးရောင်များက တဖျတ်ဖျတ်နှင့် လင်းလက်၍နေသည်။ ဦးအောင်ဆန်းကို သတင်းထောက်များက ဓာတ်ပုံရိုက်နေကြသည်။ ‘၀ယ်လင်တန်’ လေဆိပ်၏ ခန်းမကြီးအတွင်း၌ နယူးဒေလီရှိ သတင်းထောက်များက လန်ဒန်ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန်မာ့လွတ်လပ်ရေးနှင့် ပတ်သက်၍၊ ဦးအောင်ဆန်းကို မေးခွန်းများ မေးကြ၏။ ဦးအောင်ဆန်း၏ အဖြေစကားက တိုတိုရှင်းရှင်းပင်။
“I hope for the best but I am prepared for the worst”
(၂)
၁၉၄၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂၇ ရက်၊ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။
ဒေါင်းနင်းလမ်း အမှတ် ၁၀ က ဗြိတိသျှဝန်ကြီးချုပ်တို့ နေထိုင်ရာ အိမ်ဖြစ်သည်။ အင်္ဂလိပ်ဗိသုကာ ဆန်သော သာမန်တိုက်ကြီးမျှသာ။ ထူးထူးခြားခြား ထည်ဝါခန့်ညားခြင်းများ မရှိလှ။ အပြင်ဘက်မှ မြင်ရသော အမြင်ဖြစ်၏။ အတွင်း၌မူ ခမ်းနား၏၊ ထည်ဝါ၏၊ ခန်းလုံးပြည့် ခင်းထားသော ကော်ဇောကြီးများ။ ဗြိတိသျှ ပါလီမန်လွှတ်တော်၊ ဗြိတိသျှ နိုင်ငံရေးသမိုင်းတို့နှင့် ပတ်သက်စပ်ဆိုင်သော ပန်းချီကားများ၊ ဓာတ်ပုံကြီးများအား အခန်းနံရံများတွင် ချိတ်ဆွဲ၍ထားသည်။
အစည်းအဝေးခန်းမက ကျယ်ဝန်းပြီး ခမ်းနားသပ်ရပ်သန့်ရှင်း၏။ ပရိဘောဂများသည်လည်း ခေတ်မီပုံစံများ မဟုတ်။ ၀ိတိုရိယ ဘုရင်မခေတ် ပရိဘောဂ အသုံးအဆောင်များ ဖြစ်သည်။ ထုထည်ကြီးသည်၊ ခိုင်ခန့်သည်။ ပြီးလျှင် တော်ဝင်ဆန်ပြီး လက်ရာမြောက်လှ၏။ ဤနေရာတွင်ပင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ နေ့စဉ်ရက်ဆက် ဆွေးနွေးခဲ့ကြသည်။
ယခုမူ အပြီးသတ် သဘောတူညီချက်ပင် ရရှိခဲ့ပြီ။ လန်ဒန် ရာသီဥတုက ညနေပိုင်းသို့ ရောက်လာသည်နှင့် အေးခဲ၍လာတော့သည်။ စနိုး ခေါ် မိုးပွင့်များက အဆက်မပြတ် သိပ်သည်းစွာ ကျလျက်ရှိသည်။ သဘောတူညီချက်တွင် အပိုဒ် ၉ ပိုဒ်သာ ပါသည်။ သို့သော် မြန်မာ့လွတ်လပ်ရေးအတွက် အာမခံချက်ရှိသည်။ စည်းနှောင်မှု ခိုင်ခန့်၏။ အပြင်တွင် အေးခဲနေသော်လည်း အစည်းအဝေး ခန်းမတွင်းတွင်မူ နွေး၍နေသည်။ (ဖဆပလ) ကိုယ်စားလှယ် သခင်မြနှင့် ဦးဘဘေတို့က သဘောတူညီချက် အပိုဒ် ၈ အပိုဒ်ခွဲ ခ နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကို ထပ်၍ ဆွေးနွေးစေလိုသည်။ အပိုဒ် ၈ အပိုဒ်ခွဲ (ခ) က …
“နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထား မေးမြန်းခြင်းကို ရှေ့လ (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ) ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင်ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်”
အဓိပ္ပာယ်က တောင်တန်းဒေသ တိုင်းရင်းသားများအနေဖြင့် မြန်မာတို့၏ အင်ပါယာအတွင်း ဒိုမီနီယံအဆင့်နှင့် နေမလား။ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ရယူမလားဟူ၍ သဘောထား တောင်းခံရန် ဖြစ်သည်။ ဤသည်ကို သခင်မြနှင့် ဦးဘဖေတို့မှ စိုးရိမ်စိတ်ဖြင့် ဘ၀င်မကျခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ ယုံယုံကြည်ကြည်နှင့် …
“ ဒီကိစ္စအတွက် ဘာမှမပူကြပါနဲ့၊ ပင်လုံကျရင် ကြည့်ပါ။ အင်္ဂလိပ်တွေ မြှောက်ပင့်သလို မဖြစ်ပါဘူး”
(၃)
လန်ဒန်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်၍သွားခဲ့သည့် အချိန်၌ ဦးအောင်ဆန်း၏ အသက်သည် ၃၂ နှစ်မျှသာ ရှိသေးသည့် လူရွယ်တဦး။ သူက နှစ်ပေါင်း ၁၀၀ ကျော် ကျွန်သက်အတွင်း နစ်ဆင်းနေခဲ့သည့် မြန်မာနိုင်ငံတော်ကြီးကို ‘တနှစ်အတွင်း လွတ်လပ်ရေး’ ရ,ရမည်ဟု ကတိပေး၏။ တိတိကျကျပေးခြင်း ဖြစ်၏။ အချိန်အကန့်အသတ်နှင့် ပေးရဲခြင်း ဖြစ်၏။ လူထုကြီးမှလည်း ဗျာဒိတ်တော်ကဲ့သို့ပင် ယုံကြည်ကြ၏။ ယုံကြည်စရာ သမိုင်းဖြစ်တည်မှုများမှာလည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းမှသည် သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း စသည်ဖြင့် မှတ်ကျောက်များက အထပ်ထပ် အစားခံပြီးသား ဖြစ်သည်။
မည်သည့်အချိန်မျှ ကိုအောင်ဆန်းသည် မဖောက်ပြန်ခဲ့။ မည်သည့်အရေးတွင်မျှ သခင်အောင်ဆန်းသည် ခေါင်းမရှောင်ခဲ့။ မည်သည့်အခါမျှ ဗိုလ်ချုပ်အောင်ဆန်းသည် နောက်မတွန့်ခဲ့။ မည်သည့်အရာတွင်မျှ ဦးအောင်ဆန်းသည် မမှားယွင်းခဲ့။ ဤသည်အား လူထုကြီးသည် သိ၏။ ယုံကြ၏။ ယုံကြည်သည့်အတိုင်းလည်း အမျိုးသားသူရဲကောင်း၏ အနောက်မှ မားမားမတ်မတ်နှင့် မယိုင်မလဲ ရပ်ခံ၍လိုက်ပါကြ၏။
ဒေါင်းနင်းလမ်းမှ ပြန်ရောက်ပြီးသည့်နောက် ဦးအောင်ဆန်းသည် သူနှင့် မစ္စတာ အက်တလီတို့ ချုပ်ဆိုခဲ့သည့် စာချုပ်၏ အနှစ်သာရများအား လူထုသို့ ရှင်းပြ၏။
‘ကြားဖြတ်အစိုးရသည် အမျိုးသား ကြားဖြတ်အစိုးရ အာဏာကို ရရှိခဲ့သည်။ ဗြိတိသျှပါလီမန်က ဥပဒေပြု၊ ပြုလုပ်ပေးခြင်းက မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ တိုင်းပြည်အာဏာပိုင် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။ ကြားဖြတ်အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာနများကို အုပ်ချုပ်နိုင်သည်။ နိုင်ငံခြားသို့ သံတမန်များ စေလွှတ်နိုင်ခွင့် ရှိသည်။ တိုင်းရင်းသား စစ်တပ်များကို လုံးဝအုပ်ချုပ်နိုင်ပြီး နိုင်ငံခြားစစ်တပ်များမှာကား ကြားဖြတ်အစိုးရ၏ လက်အောက်တွင် မရှိသေး။
တိုင်းပြုပြည်ပြု လွှတ်တော်သည် ၁၉၃၅ အုပ်ချုပ်ရေး ဥပဒေအရ ရွေးကောက်ခြင်းမျိုး မဟုတ်ဘဲ၊ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ နိုင်ငံသားများသာ ၀င်ရောက် အရွေးခံနိုင်သော လွှတ်တော် ဖြစ်ရပေမည်။ တိုင်းပြုပြည်ပြု လွှတ်တော်သည် အချုပ်အခြာ အာဏာပိုင်၊ မပိုင်ကိုက မဆုံးဖြတ်ရသေး။ တိုင်းပြုပြည်ပြု လွှတ်တော် အချုပ်အခြာအာဏာ ရှိသလားဆိုသည်ကို လူထုအင်အား အပေါ်တွင်သာ အဓိကမူ တည်ပါမည်။’
လူထုအားရှင်းပြရင်း ဦးအောင်ဆန်း၏ အတွေးက ‘ပင်လုံ’ သို့ ရောက်၏။ ပင်လုံတွင် ‘တောင်တန်းဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကို၊ မည်သည့်ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း’ တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒသဘောထားကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ဆွေးနွေးကြမည်။
သို့သော် မမှု။ ဦးအောင်ဆန်း၏ ရင်အတွင်း နှလုံးသည်းပွတ်အတွင်း၌ ယုံကြည်မှုများက အပြည့်ရှိ၏။ ပြီးလျှင် သူ့တွင် တရားရှိ၏၊ ထိုတရားက …
“I hope for the best but I am prepared for the worst”
“အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ”
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment