အေးချမ်းမြေ့
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီးဟာ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက် တွေမှာတောင် ခါတိုင်းနဲ့ မတူဘဲ စည်ကားမှု ကင်းမဲ့ နေတာ တွေ့ရပါတယ်။ အရင်လို ခေါင်းရွက် ဗျပ်ထိုး ဈေးသည်တွေရဲ့ အော်ဟစ်သံတွေ၊ ဈေးဝယ်တွေရဲ့ ဈေးဆစ် သံတွေ လျော့ပါးသွားသလို၊ လမ်းဘေးဈေးသည်တွေ စီတန်းနေရာယူထားလေ့ရှိတဲ့ ဈေးလမ်းတွေပေါ်မှာ ဈေးသည်တွေ ကျဲပါးနေတယ်။
မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကြီးကို မြန်မာ အာဏာပိုင်တွေ ဘက်က ၁၀ ရက် ကျော်ကြာတဲ့ အထိ ဆက်တိုက် ပိတ်ထား တာကြောင့် မြ၀တီကနေ မဲဆောက်ဈေးကို နေ့စဉ် လာရောက် ရောင်းချလေ့ ရှိတဲ့ ခေါင်းရွက် ဗျပ်ထိုး ဈေးသည်တွေ အတွက် အခက်အခဲနဲ့ ကြုံတွေ့ နေကြရပြီး နေ့စဉ် လာရောင်း နေကျရဲ့ တဝက်လောက် လျော့ကျ သွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
“အရင်တုန်းက တခါကူးရင် ကျပ် ၅၀၀ လောက်ပဲ ပေးရတယ်၊ အခု ၃၀၀၀ နီးပါးလောက် ကုန်တယ်။ အဆင့်ဆင့် တောက်လျှောက် ၅၀၀၊ ၁၀၀၀ အဲဒီလို ပေးသွားရတာ။ တံတားက ဖြတ်ခွင့် မရတော့ ဂိတ်တွေ ကနေ ပိုက်ဆံပေးပြီး ဖြတ်ရတာပေါ့” လို့ ကုန်စိမ်း ရောင်းချသူ အမျိုးသမီး တဦးက ဆိုတယ်။
တံတားပိတ်ထားတဲ့ နေ့တွေမှာတော့ မြဝတီဘက်ကနေ မဲဆောက်ကို ဈေးသွားရောင်းဖို့အတွက် ဈေးသည်တွေဟာ မနက် ၄ နာရီလောက်ကတည်းက စတင် ပြင်ဆင်ရပြီး စစ်အစိုးရနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ ပူးပေါင်း ကောက်ခံလေ့ရှိတဲ့ ဇီးကုန်းဂိတ်၊ ကိုးသုံးလုံးဂိတ်၊ သုညဂိတ်၊ ၂ ဂိတ် အစရှိတဲ့ ဂိတ်တွေကနေ ဂိတ်ကြေးပေးပြီး ဖြတ်သန်းလာကြရတာပါ။ သူတို့တွေနဲ့အတူ မြန်မာပြည်ထွက် ဟင်းသီးဟင်းရွက်၊ ဒညင်းသီး၊ ပန်းနဲ့ မြစ်ငါးတချို့ ပါလာတတ်ပါတယ်။
တံတားပိတ်ထားလို့ လမ်းစရိတ်ပိုသုံး ခဲ့ရပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းလို့မရဘူးလို့ ပန်းရောင်းတဲ့ မမီးမီးက ဆိုပါတယ်။
“ပုံမှန် ပန်း ၁၀ စည်းလောက် ယူရောင်းရတယ်ဆိုရင် ဂိတ်ကြေးတွေပိုပေးရတော့ ကာမိအောင် အစည်း ၂၀ ပိုယူခဲ့ရတာပေါ့။ ဈေးကတော့ တင်လို့ မရဘူး” လို့ သူက ပြောတယ်။
မြန်မာပြည်ဘက်က ကုန်ခြောက်တွေကို လှောင်ရောင်းတဲ့ သူတွေကတော့ အရောင်းအဝယ်ပါးပေမယ့် တလစာ လှောင်ထားတဲ့ ကုန်တွေရှိနေလို့ အခြေအနေ သိပ် မဆိုးရွားလှဘူး၊ ဟင်းသီးဟင်းရွက်သည်တွေသာ လှောင်ထားလို့မရတဲ့ ပုပ်ကုန်တွေ ဖြစ်တာကြောင့် အရင်းအနှီး မရှိတော့တဲ့သူတွေအတွက် ဈေးရောင်း နားထားရတယ်လို့ သိရပါတယ်။
“ဆိုင်ခန်းနဲ့ ရောင်းတဲ့ သူတွေက လှောင်ထားတဲ့ ကုန်နည်းနည်းရှိတော့ ဈေးတင်ပြီး ဆက်ရောင်းနေလို့ ရသေးတယ်။ ကျမတို့လို လမ်းဘေးဈေးသည်တွေက ကုန်စိမ်းတွေရောင်းတာဆိုတော့ လတ်ဆတ်မှလေ၊ ဒီနေ့ သယ်လာ ဒီနေ့ရောင်း ဆိုတော့ ဒီဘက်လာရောင်းဖို့ ပိုက်ဆံမရှိတဲ့ သူတွေဆို မလာနိုင်တော့ဘူး” လို့ ကုန်စိမ်းသည်တဦးက ဆိုတယ်။
မြဝတီ - မဲဆောက် တံတားရဲ့ မဲဆောက်ဘက်ခြမ်း တံတားရင်းမှာရှိတဲ့ ဈေးလေးဟာလည်း စည်ကားမှု ကင်းမဲ့နေတဲ့ အပြင် ပစ္စည်း ပြတ်လပ်နေတာတွေပါ ကြုံတွေ့နေရပါတယ်။
ရန်ကုန်ကနေ မိန်းမစီး ကတ္တီပါ ဖိနပ်မျိုးစုံတင်သွင်းပြီး အဲဒီဈေးလေးမှာ ဆိုင်ဖွင့် ရောင်းနေသူ တဦးက “အရောင်းအဝယ်လည်း တော်တော်ပါးသွားတယ်၊ ပစ္စည်းတွေလည်း ပြတ်နေပြီ။ တံတားမဖွင့်မချင်း ရှိတာလေးပဲ မှေးရောင်းရမယ်” လို့ ပြောပါတယ်။
အဲဒီဈေးလေးဘေး ကမ်းနဖူးပေါ်မှာတော့ မြန်မာပြည်ဘက်ကလာတဲ့ ကဏန်းအရှင်တွေ၊ ငါးခြောက်နဲ့ ကြက်သွန်နီတွေ ရောင်းချ နေပါတယ်။ ကဏန်းတကီလိုကို ဘတ် ၂၀၀၊ ၂၅၀ (ကျပ် ၆၀၀၀ ကနေ ၇၅၀၀ ခန့်)၊ ကြက်သွန်နီ တကီလို ၁၅ ဘတ် (ကျပ် ၄၅၀ ခန့်) နဲ့ ငါးခြောက်ကတော့ တထုပ်ကို ဘတ် ၆၀၊ ၇၀ (ကျပ် ၂၀၀၀) ဝန်းကျင် အထုပ်ငယ်တွေ ထုပ်ရောင်း နေတာပါ။
“တံတားပိတ်ထားလို့ လမ်းစရိတ်ကာမိအောင် ဈေးနည်းနည်း တင်ရောင်းရတာပါ” လို့ ကဏန်းရောင်းတဲ့ အမျိုးသမီးက ပြောပါတယ်။
မဲဆောက်ဘက် မြစ်ကမ်းနဖူးပေါ်မှာရှိတဲ့ DKBA ပိုင် ဂိတ် ၁၇ ဝန်းထဲမှာလည်း ကုန်ပစ္စည်းတွေ တောင်ပုံရာပုံ ဖြစ်နေတာ တွေ့ရပါတယ်။ ဂျပန်လုပ် ရေခဲသေတ္တာတွေ၊ စက်ဘီးတွေ၊ ကားတွေအပြင် ပုစွန်နှစ်ကောင် တံဆိပ် စားအုန်းဆီ ပုံးဝါတွေဟာ မြန်မာပြည်ဘက်ကမ်းကို သွားဖို့ စောင့်ဆိုင်းနေကြတာပါ။
တကယ်တော့ မဲဆောက်မြို့ကကုန်ပစ္စည်းတွေသာ မြဝတီဘက်ကို ကူးဖို့ စောင့်နေရတာ မဟုတ်ဘဲ မြဝတီမြို့ပေါ်က ဂိုဒေါင်တွေထဲမှာ ရောက်နေပြီးဖြစ်တဲ့ ထိုင်းပစ္စည်းတွေဟာလည်း မြန်မာပြည်အရပ်ရပ်ကို ဆက်လက် စီးဆင်းသွားဖို့ စောင့်ဆိုင်း နေရတာ ၁၀ ရက်ကျော်ပါပြီ။
“တံတားဖွင့်တုန်းက တနေ့တနေ့ကို ဆယ်ဘီးကားကြီး အစီးပေါင်း ၃၀၀၊ ၄၀၀ နဲ့ တင်ပို့နေရာကနေ ပိတ်လိုက်တော့ တနေ့ အစီး ၁၀ ဂဏန်းလောက်ပဲ သွားနိုင်တော့တယ်” လို့ ကုန်သည်တွေနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့က စပြီး မြဝတီ - မဲဆောက် တံတားကို မြန်မာဘက်ကနေ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေရာက ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ ပိတ်ထားတဲ့အတွက် ထိုင်း၊ မြန်မာ ၂ ဘက်စလုံးက ကုန်သည်တွေမှာ ထိခိုက် နစ်နာမှု အများကြီး ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
တကယ်တော့ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားတာနဲ့ တပြိုင်နက် မြန်မာပြည်ထဲက ဂိတ်အသီးသီးမှာ ဂိတ်ကြေး ရယူနေသူ တွေလည်း ဝင်ငွေမရှိတော့သလို ကုန်ပစ္စည်း ပြတ်လပ်မှုကြောင့် ဈေးတက် လိုက်ရတဲ့အတွက် လက်လီလက်ကားဖြန့်သူတွေ၊ စားသုံးသူတွေပါ နစ်နာကြရတယ်လို့ သိရပါတယ်။
အခုလို တံတားပိတ်ရတာဟာ ထိုင်းဘက်ခြမ်းက မြစ်ကမ်းတာရိုးဆောက်တဲ့အတွက် မြန်မာဘက်ခြမ်းမှာ ကမ်းပါးပြိုတာတွေ ပိုဖြစ်လာနိုင်တယ်ဆိုပြီး ကန့်ကွက်တဲ့အနေနဲ့ ပိတ်တာလို့ မြန်မာအာဏာပိုင်တွေက တရားဝင် စာထုတ်ခဲ့ပေမယ့် တကယ့် တကယ်မှာတော့ အဲဒီထက်မကတဲ့ အကြောင်းရင်းတွေ ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုပါတယ်။
မဲဆောက်အခြေစိုက် ထိုင်း ကုန်သည်ကြီးများ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တဦးကတော့ “မြစ်ကမ်းတာရိုးဆောက်လို့ မြန်မာဘက်က ပိတ်တာဆိုတော့ ထိုင်းကုန်သည်တွေက တာရိုးဆက် မဆောက်ဖို့ ထိုင်းအစိုးရကို ကန့်ကွက်ကြတယ်။ အဲဒီမှာ မဲဆောက်အာဏာပိုင်တွေက မြဝတီဘက်က အာဏာပိုင်ကို အကြောင်းရင်း လှမ်းမေးတော့ တာရိုးကြောင့် မဟုတ်ဘူး လုံခြုံရေးကြောင့် ပိတ်တာဆိုပြီး ပြန်ပြောတယ်လို့ သိရတယ်” လို့ ပြောပြပါတယ်။
လုံခြုံရေးအရဆိုတာဟာ ထိုင်းမြန်မာနယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်နေတဲ့ DKBA တပ်တွေနဲ့ နယ်စပ် အခြေစိုက် မြန်မာ အစိုးရ အတိုက်အခံအဖွဲ့တွေကို ထိုင်းအာဏာပိုင်တွေ အနေနဲ့ ထိန်းချုပ်စေချင်တာကို ဆိုလိုတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
၂၆ ရက်နေ့ကတော့ မြဝတီမြို့မှာ မြန်မာနိုင်ငံက ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဦးမောင်မြင့်ကို ထိုင်းနိုင်ငံက စီးပွားရေးနဲ့ ကူးသန်းရောင်းဝန်ရေး ဒုဝန်ကြီး Alongkorn Ponlaboot က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ဦးမောင်မြင့်က ချစ်ကြည်ရေး တံတားပိတ်ရတာဟာ ထိုင်းဘက်က မြစ်ကမ်း တာတမံ ဆောက်တဲ့အတွက် ဖြစ်တယ် လို့ပဲ ပြောခဲ့ပါတယ်။
လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာတော့ ချစ်ကြည်ရေး တံတားကိစ္စကို မြန်မာနဲ့ ထိုင်း ဆက်လက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဘယ်လိုကြောင့် တံတားပိတ်တယ် ဆိုဆို ၁၀ ရက်ကျော် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေတာကြောင့် နှစ်ဘက် ကုန်သည်တွေကတော့ စီးပွားရေးအရ သိသိသာသာ ထိခိုက်နစ်နာနေကြပါတယ်။
မဲဆောက်အခြေစိုက် ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက “အခုလို တံတားပိတ်ထားတာ ကျနော်တို့ တော်တော်လေး ထိခိုက်နစ်နာပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ထိုင်းဘက်က မြန်မာဘက်ကမ်းကို နေ့စဉ် ဘတ် သန်း ၁၀၀ (ကျပ်သန်း ၃၀၀၀ ခန့်) လောက် တန်ဖိုးရှိတဲ့ ကုန်စည်တွေ တင်ပို့နေရတာဖြစ်ပြီး တချို့ ထိုင်း ကုန်သည်ကြီးတွေက ဘဏ်တွေက ငွေချေးပြီး စီးပွားရေး လုပ်နေရတာ ဖြစ်တဲ့အတွက် လည်ပတ်မှုရပ်ဆိုင်းနေတဲ့ အချိန်မှာ ဘဏ်တိုးတွေတက်ပြီး နစ်နာမှု ကြီးမားတယ်လို့ ထိုင်း ကုန်သည်ကြီးများအသင်းနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေအနက် ချစ်ကြည်ရေးတံတား တည်ရှိတဲ့ မဲဆောက်မြို့ဟာ ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး မြန်မာနိုင်ငံကနေ ထိုင်းကို သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုးတွေ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့နေတာပါ။
မြန်မာကနေ ထိုင်းကို တင်ပို့တဲ့ ကုန်ပစ္စည်းတန်းဖိုးဟာ တလ ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ပဲရှိပေမယ့် ထိုင်းနိုင်ငံက မြန်မာဘက်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတန်ဖိုးကတော့ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။
စနေ၊ တနင်္ဂနွေ နေ့တွေတုန်းက ခြောက်ကပ်နေတဲ့ မဲဆောက်ဈေးဟာ ဇူလိုင် ၂၆ ရက်နေ့ တနင်္လာနေ့မှာတော့ နည်းနည်း ပြန်စည်ကား လို့နေပါတယ်။ မြန်မာတွေရဲ့ ဝါဆိုလပြည့်နေ့ ဖြစ်တာကြောင့် မဲဆောက်က စက်ရုံ၊ အလုပ်ရုံတွေပိတ်ပြီး မြန်မာအလုပ်သမားတွေ အားလပ်ရက် ရလို့ ဖြစ်ပါတယ်။
မြန်မာဝတ်စုံလေးတွေ လှလှပပ ဝတ်စားထားပြီး သနပ်ခါး ခပ်ထူထူ လိမ်းထားတဲ့ မိန်းကလေးတွေဟာ သစ်သီး၊ ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သင်္ကန်း စတာတွေကို ဈေးထဲမှာ သူ့ထက်ငါ ဝယ်ယူနေကြလို့ ဈေးက ခါတိုင်းတံတားပိတ် ရက်တွေထက် စည်ကားနေတာလို့ ဈေးသည်တွေက ဆိုပါတယ်။ နောက်နေ့တွေမှာတော့ မြန်မာအလုပ်သမားတွေလည်း အလုပ် ပုံမှန် ပြန်ဆင်းကြမှာဖြစ်ပြီး ဈေးကြီးလည်း ပြန်လည် ခြောက်ကပ်သွားတော့မှာပါ။
သေချာတာကတော့ ဈေးသည်တွေနဲ့ ကုန်သည်တွေရဲ့ ပင်မသွေးကျော တခုလို ဖြစ်နေတဲ့ မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတားကြီးကို အမြန်ဆုံး ပြန်ပွင့်ဖို့ အားလုံး စောင့်မျှော်နေကြတယ် ဆိုတာပါပဲ။
No comments:
Post a Comment