ရဲဘော်ဖိုးသံချောင်း
ကြံ့ဖွံ့အသင်းဆိုတာကနေ ကြံ့ဖွံ့ပါတီဆိုတာ ဖြစ်သွားပြီပေါ့။ အရင်က ထောင်ထောင် ထောင်ထောင်နဲ့ နေရာတကာမှာ တွင်ကျယ်နေတဲ့ အမျိုးသမီးရေးရာဆိုတာဟာလည်း အခုတော့ ကြံ့ဖွံ့အမျိုးသမီးအဖွဲ့ရယ်လို့ ဖြစ်သွားပါပြီ။ (၁၀) နှစ်ကျော် အရေခြုံထားတာတွေ ခွာချလိုက်ကြပြီလို့ဆိုရင် ရမလားပါပဲ။ ဒီနေ့လို ရွေးကောက်ပွဲ ဗိန်းမောင်းသံ၊ လေးခင်းသံတွေ ပေါ်ထွက်လာတဲ့အခါမှာ နအဖစစ်အုပ်စုရဲ့ အမာခံတွေဟာ အပေါ်ကအ၀တ်အစားကိုခွာပြီး လက်ဝှေ့ဝိုင်းထဲကို ၀င်လာ၊ လက်ဝှေ့ရေးပြကြသလား အောက်မေ့ရပါတယ်။ လက်ခမောင်းတဖောင်ဖောင်နဲ့ပါ။ သွားလေရာညောင်မြစ် တဖြာဖြာဆိုတာလို သူတို့ “စည်းရုံးရေး” သွားတဲ့နေရာတိုင်းမှာ ပြဿနာတွေလည်း တက်ချင်တိုင်း တက်နေပါတော့တယ်။ ဒါကြောင့်လည်း တချို့နေရာတွေမှာ သူတို့ကို လက်နက်ကိုင်တပ်နဲ့တောင် အစောင့်အရှောက်ပေးနေတာ တွေ့ရပါတယ်။ တချိန်တည်းမှာ မြင်တွေ့ရတာတခုကတော့ နဂိုအမျိုးသမီးရေးရာထဲက ဟန်ရေးပြရုံလောက်သာအသုံးဝင်တဲ့ ဗိုလ်ချုပ်ကတော်တွေဟာ ဒီအဆင့်မှာ ဘေးထွက်ထိုင်လိုက်ကြတာပါပဲ။
ဒါပေမယ့် ဒ်ီကတော်တွေလိုပဲ အရင်က ကြံ့ဖွံ့အဖွဲ့ဝင်တွေဖြစ်ခဲ့ကြပေမယ့် အထွက်မှာတော့ ကတော်တွေလိုမဟုတ်ဘဲ ကန်ထုတ်ပစ်တာ ခံလိုက်သူတွေကတော့ နဂိုကကြံ့ဖွံ့ထဲကို အတင်းမ၀င်မနေရဆွဲသွင်းထားတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဖြစ်ပါတယ်။ အသုံးမ၀င်၊ အလိုမရှိတော့ပြီမို့ အခုတော့ သူတို့ကို စစ်ဗိုလ်တွေက စာရင်းထဲ မထည့်တော့ပါဘူး။ နဂိုက (၂၃) သန်းကျော် ရှိတယ်လို့ ဗိုလ်သန်းရွှေပါးစပ်က ကြွားနေတဲ့ ကိန်းဂဏန်းကနေ တနေ့ကတော့ ကြံ့ဖွံ့မှာ ပါတီဝင် (၈) သန်း ရှိသေးတယ်လို့ ကြုံးဝါးတာ ကြားလိုက်ရပါတယ်။ ဒါဆိုရင် နဂိုကြံ့ဖွံ့အဖွဲ့ဝင် (၁၅) သန်းလောက်ကို ခါထုတ်ပစ်လိုက်တဲ့ အဓိပ္ပာယ်ဖြစ်နေပါတယ်။
တချိန်ကတော့ နိုင်ငံတကာပါတီပေါင်းစုံအစည်းအဝေးတွေ၊ အမျိုးသမီးအစည်းအဝေးတွေတက်ခဲ့တဲ့၊ ပြည်တွင်းမှာ ညီလာခံတွေ အချီချီလုပ်ခဲ့တဲ့ အဖွဲ့ကြီးတွေဟာ ဘာညီလာခံ၊ ဘာအစည်းအဝေး၊ ဘာဆုံးဖြတ်ချက်မှမချဘဲ ချက်ချင်း အသွင်ပြောင်းကုန်ကြပါတယ်။ အံ့သြစရာမကောင်းဘူးလား။ မျက်လှည့်ဆရာက လက်ဖျောက်တချက်တီးလိုက်တာနဲ့ ဖားကနေဖွတ်ဖြစ်၊ ဖွတ်ကနေဖားဖြစ်ဆိုတာမျိုးတွေပါ။ ပြီးခဲ့တဲ့ နအဖစစ်တပ်ထိပ်သီးတွေရဲ့ လေးလပတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ကွေးသောလက်မဆန့်မီ ဆုံးဖြတ်အသွင်ပြောင်းလိုက်ရတာဖြစ်ပါတယ်။ အဖွဲ့ဝင်သန်းပေါင်း (၂၀) ကျော် ရှိတယ်ဆိုတဲ့ အဖွဲ့ကြီးတခုဟာ ပျောက်သွားတယ်ဆိုတော့လည်း ရေပေါ်မှာ ရေးထားတဲ့အရုပ်လိုပါပဲ။ ဗိုလ်သန်းရွှေက ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက်။ အင်း၊ ပြန်စဉ်းစားလိုက်တော့ သူတို့ပေါ်လာတုန်းကလည်း ဒီလိုပဲပေါ်လာခဲ့တာပဲ မဟုတ်ပါလား။ အရှင်မွေးမို့ နေ့ချင်းကြီးခဲ့သလို အရှင်က မလိုတော့လည်း နေ့ချင်းပဲ ပျောက်ရပါတော့တယ်။ တဆက်တည်း ဆက်တွေးမိတာက အခုအသစ်ဖွဲ့စည်းကြတဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီအဖွဲ့အစည်းတွေရော၊ နအဖဆီက ‘ပျောက်စေ’ ဆိုတဲ့ အမိန့်မျိုးထွက်လာရင် ဆက်တည်ရှိနေပါ့မလားဆိုတာပါ။ လောလောဆယ်မှာတော့ ပါတီအသစ်ဖွဲ့ချင်သူတွေကို မဖွဲ့စေရဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့်မို့ မဖွဲ့နိုင်ဘဲဖြစ်နေတာတွေ တွေ့နေရပြီ။ အဲဒီကနေ တဆင့်တက်တွေးလိုက်ရင် နောင်ရွေးကောက်ပွဲလွန်လို့ လွှတ်တော်ဆိုတာတွေ ဘာတွေပေါ်လာရင်ရော။ ဒီတချက်လွှတ် အမိန့်ပေးတဲ့ အာဏာကြီးဟာ (ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်) တည်ရှိနေဦးမှာလား။ မတည်ရှိတော့ပါဘူးလို့တော့ အာမ မခံရဲ ကြဘူးမဟုတ်ပါလား။
အဲဒါကို တချို့က နောင်ခါလာနောင်ခါဈေးလို့ ပြောကောင်းပြောကြပါလိမ့်မယ်။ လောလောဆယ်မှာတော့ အဲဒီ ကြံ့ဖွံ့မဟုတ်သူတွေ ခေါင်းခဲနေတဲ့ကိစ္စဟာ ကြံ့ဖွံ့က ဒီလိုနိုင်ငံတော်ရဲ့အရင်းအနှီး၊ အထောက်အကူတွေနဲ့ မတော်မတရား ရွေးကောက်ပွဲဝင်တော့မယ်ဆိုတာ သေချာသထက်သေချာလာတဲ့ ကိစ္စပဲဖြစ်ပါတယ်။ အခုအချိန်ကျမှတော့ ‘အစက ငါမပြောလား’ လို့ သူတို့ကို အပြစ်တင်နေလို့လည်း အပိုပဲဖြစ်မှာပါ။ ကျားနဲ့သမင် လယ်ပြင်မှာတွေ့ကြတာကို စောင့်ကြည့် ကြရုံပဲရှိပါတယ်။ ဒီလိုနဲ့ အခုတလော ပြည်ပရေဒီယို အသံလွှင့်ချက်တွေမှာ နအဖရဲ့ရွေးကောက်ပွဲမှာ ချစ်တီးခေါင်းသန်းရှာ သလို စပေ့စ်ရှာပုံတော်ဖွင့်မယ့် အဖွဲ့တိုင်းနီးပါးဟာ မီဒီယာတွေကမေးတိုင်း မကျေမနပ်တွေ ပြောထွက်နေကြတာကို နေ့တိုင်းလိုလို ကြားနေရပါတယ်။ ဒါပေမယ့်လည်း တဆက်တည်း သတိထားမိတာက ကြံ့ဖွံ့ကို ဒီလိုအခွင့်အရေးတွေ တဖက် သတ်ပေးထားတာဟာ မတရားဘူးလောက်ပဲ ပြောရဲပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒါကြောင့် မတရားဘူး၊ ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမျိုးတော့ မပြောဝံ့ကြပါဘူး။
ဒီလို အားလုံးက တရားမျှတခြင်းမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြချိန်မှာပဲ နအဖဟာ လက်နက်သစ်တခုကို ထုတ် သုံးလာခဲ့ပါတယ်။ အဲဒါကတော့ ဘာသာရေးလက်နက်ဖြစ်ပါတယ်။ နအဖဟာ သာသနနုဂ္ဂဟအသင်းဆိုတာကို ဖန်တီးပေးပြီး ကြံ့ဖွံ့အတွက် မဲရှာဖို့လုပ်ပါတော့မယ်။ ဒါကိုကြည့်ပြီး နအဖစစ်အစိုးရဟာ နိုင်ငံရေးလောကမှာ ရှေးအကျဆုံး မသမာမှုတခု ဖြစ်တဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့နည်းကိုလည်း ချန်မထားဘူးလို့သာ မှတ်ချက်ချရပါတော့တယ်။ မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ (၂၁) ရာစုနှစ်ထဲမှာကိုပဲ (၁၂) ရာစုနှစ်တုန်းက ခရူးဆိတ်စစ်ပွဲ ဆင်နွှဲနေတုန်းပါလားလို့ စိတ်မကောင်း ဖြစ်ရပါတယ်။
အခုနောက်ဆုံးကြားနေရတဲ့ ကြံ့ဖွံ့တွေရဲ့မဲဆွယ်ရာမှာ လက်သုံးစကားတခုကတော့ ‘နောက်တခါ အာဏာသိမ်းတာ မတွေ့လိုရင် ကြံ့ဖွံ့ကိုမဲပေးကြ’ ဆိုတာပါပဲ။ သူတို့အနေနဲ့ မဲဆွယ်ရာမှာ ချော့မြှူတဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း စသဖြင့် နည်းမျိုးစုံ အသုံးပြုနေရာမှာ အခုနောက်ဆုံး ကြားရတဲ့နည်းတခုကတော့ ချော့မြှူတာလား၊ ခြိမ်းခြောက်တာလား အတော်ကို စဉ်းစားရကြပ်ပါတယ်။ ဒီစကားသာမှန်ခဲ့ရင် ကြံ့ဖွံ့တွေအနေနဲ့…
- စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မကောင်းဘူးလို့ အသိအမှတ်ပြုတာလား။
- နအဖစစ်တပ်ဟာ ရွေးကောက်ပွဲမှာ သူတို့လိုလားတဲ့ အဖြေမထွက်ရင် အာဏာသိမ်းလိမ့်မယ်လို့ အပိုင်ပြောနေတာလား။
- သူတို့ကိုမဲမပေးရင် စစ်တပ်ကို အာဏာသိမ်းခိုင်းနိုင်စွမ်း သူတို့မှာရှိတယ်လို့ ၀န်ခံတာလား။
- ဒါမှမဟုတ် သူတို့နောက်မှာ စစ်တပ်ရှိနေတယ်လို့ ကြေညာတာလား။
ဒင်းတို့အလဟဿပြောနေတာတော့ ဟုတ်ဟန်မတူပါ။ အကြောင်းရှိမှာပါ။ ဒါတွေကိုကြားတော့ “ပေးနေတုန်းမှာ ပေးတာလေးတွေ ယူထားလိုက်ကြ” လို့ နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်သူတွေ၊ “ဒီရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုသူတွေဟာ ပြည်တွင်းအခြေအနေကို ဘာမှမသိဘဲ ပြည်ပကနေ ရမ်းပြောနေတယ်” လို့ လှမ်းရမ်းနေသူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာနေတဲ့ သူတို့တတွေ ဒီအခြေအနေတွေကို တကယ်မသိတာလားလို့။ သူတို့ပြောတာ နောက်တခွန်းရှိပါသေးတယ်။ အဲဒါက “ဒီမိုကရေစီကို နောက်တော့မှ တဖြည်းဖြည်း တိုးချဲ့သွားကြတာပေါ့” တဲ့။ အာဏာမသိမ်းသေးရင်ပေါ့လေ။
No comments:
Post a Comment