ရဲနည်
၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တဖက်သတ် ရေးဆွဲ အတည်ပြု ပြဌာန်းခဲ့သော စစ်အာဏာရှင် စနစ် ဆွဲဆန့်ရေး အခြေခံဥပဒေကို အသက်သွင်းသည့် ခြေလှမ်း ဖြစ်သည်။
၂၀၀၈ မေလအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ လူမှုဒုက္ခဘေး ဆိုက်စေခဲ့သော နာဂစ်မုန်တိုင်းလွန်ကာလတွင် အဓမ္မ လိမ်ညာ အတည်ပြုခဲ့သည့် ယင်းအခြေခံဥပဒေအရ ကျင်းပမည့် ရွေးကောက်ပွဲ ဥပဒေသည်လည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတရား အကျဉ်းချခံရသည့် နိုင်ငံရေးခေါင်းဆောင်များအား နိုင်ငံရေး ပါဝင်လုပ်ဆောင်ခွင့်ကို ကန့်သတ်ထုတ်ပယ်ထားသည်။
ထို့အတွက်ကြောင့်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် တိုင်းရင်းသား မဟာမိတ်များက ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်ကို ငြင်းဆိုခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြု မဲပေးကြမည် မဟုတ်ချေ။
အလားတူစွာ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒေသများတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ပေ။ စစ်အစိုးရ၏ ဖုတ်ပူမီးတိုက် နယ်ခြားစောင့်တပ်ဖွဲ့ရေး အစီအစဉ်နှင့် မရိုးမသား ဆောင်ရွက်ခြင်းကြောင့် လက်နက်အသင့် ငြိမ်းချမ်းရေးအဆင့်သာ ရှိတော့ပြီး နယ်စပ်တကြော ပြည်တွင်းစစ်မီး အချိန်မရွေး ပြန်တောက်နိုင်သည်။
မျိုးဆက်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားရေးရာ ပြဿနာများကို ယခုရွေးကောက်ပွဲက ဖြေရှင်းပေးနိုင်မည် မဟုတ်ဟု ခံယူသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD နှင့် နိုင်ငံရေးမဟာမိတ်များ၊ ကျောင်းသား၊ ရဟန်းနှင့် တခြားဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသော အဖွဲ့များ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားသော တိုင်းရင်းသားအဖွဲ့များ၏ နိုင်ငံရေးသြဇာကြောင့် မဲမထည့်မည့် မဲဆန္ဒရှင် အများအပြား ရှိပါသည်။
သို့ရာတွင် မဲမပေးမနေရဟု ဖိအားပေးခံရမှုအောက်တွင် ဝေခွဲမရသူများနှင့် မိမိစိတ်ကြိုက် ကိုယ်စားလှယ်ကို အသည်းကြားက မဲတပြားဖြင့် ရွေးချယ်ချင်ကြသည့် နိုင်ငံသားကောင်း ပီသချင်သူ တခြားမဲဆန္ဒရှင် အမြောက်အမြားကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ သူတို့ ဆန္ဒမဲကို ဖော်ထုတ်ကြရမည်။
သူတို့သည်လည်း နေ့စဉ်ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေရသည့် ရေနှင့်မီး လုံလောက်စွာရရှိရေး ပြဿနာမှသည် ခြစားပျက်စီး နေသည့် အကျင့်စာရိတ္တနှင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး လိုလားနေသူများဖြစ်သည်။ နိုင်ငံ့သားကောင်း စိတ်ဓာတ် ရှိသည့် မြန်မာနိုင်ငံသားအဖြစ် ဒေသတွင်းနှင့် ကမ္ဘာတွင်ပါ ဂုဏ်ယူလိုသူများလည်း ဖြစ်သည်။ သူတို့အတွက် ယခုရွေးကောက် ပွဲတွင် တခြားရွေးစရာတခုကား လတ်တလော စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ကိုယ်စားပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲမပေးဘဲနေခြင်းဖြင့် ရွေးချယ်ခြင်းဖြစ်မည်။
ရွေးချယ်စရာ ကိုယ်စားလှယ်ရှိခဲ့ပါက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် အသွင်ပြောင်းခဲ့ရ သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ကိုပင် မချစ်သော်လည်း အောင့်ကာနမ်းမည်ဟု စိတ်ထားခဲ့ကြကြောင်း ဧရာဝတီမှ စုံစမ်းမေးမြန်းခဲ့သည့် မဲဆန္ဒရှင် အမြောက် အမြားက ပြောကြသည်။
အချိန်၊ ငွေနှင့် လူအင်အား လုံလောက်စွာ မရရှိသော်လည်း လွတ်လပ်သော တခြား နိုင်ငံရေးပါတီများပင်လျှင် စစ်အစိုးရ က သာ မဲကို ရိုးရိုးသားသား ရေတွက်ခဲ့ပါက ၄င်းတို့ နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြသည်။
မဲဆန္ဒရှင် မြန်မာလူထု၏ နိုင်ငံရေးဆုံးဖြတ်ချက်များသည် မလွတ်လပ်သော မဆလခေတ်မှ လွဲ၍ မြန်မာ့လွတ်လပ်ရေး အကြိုနှင့် လွတ်လပ်ပြီးနောက်ပိုင်း ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတိုင်းတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လိုလားကြောင်း ပြခဲ့ကြသည်။
အကယ်၍ ယခုရွေးကောက်ပွဲ ရလဒ်သည် စစ်အုပ်ချုပ်ရေးစနစ် ကိုယ်စားပြု ကြံ့ဖွံ့ပါတီ အပြတ်အသတ် အနိုင်ရရှိကြောင်း ကြေညာခဲ့သည်ဆိုပါက ပြုလုပ်နေကြ အမူအကျင့်အတိုင်း စစ်အာဏာရှင်များ မပြောင်းလဲဟု သတ်မှတ်ရုံသာ။ ကြံ့ဖွံ့ပါတီ ရှုံးသည့်ရလဒ် ထွက်ပေါ်လာပါကလည်း မြန်မာနိုင်ငံသားတို့၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် တရားမျှတ ရေး မျှော်မှန်းချက် ရင်တွင်းမီးတောက်များကား မငြိမ်းသေးဟုပင် ဆိုရပေတော့မည်။
No comments:
Post a Comment