Sunday, October 31, 2010

လွိုင်ကော်မြို့ပြင် ဂိတ်များတွင် အာဏာပိုင်များ ပိုစစ်လာ

ကို(၂)

ကရင်နီပြည် လွိုင်ကော်မြို့ပြင်ဘက်ရှိ စစ်ဆေးရေး ဂိတ်များတွင် အာဏာပိုင်များက ရွေးကောက်ပွဲ လုံခြုံရေးအတွက် ယခုလဆန်းပိုင်မှ စ၍ စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာကြောင်း ဒေသခံများက ပြောသည်။
အာဏာပိုင်များသည် ရွေးကောက်ပွဲ မဖြစ်မြောက်ရန် နှောင့်ယှက်ဖျက်ဆီးလိုသူများအား ကာကွယ်ရန် အကြောင်းပြပြီး မြို့အ၀င် ဂိတ်များ၌ သွားလာသူများကို နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပြခိုင်းခြင်းနှင့် ပါလာသော အိတ်များနှင့် ပစ္စည်းများ စစ်ဆေးခြင်းတို့ကို ပြုလုပ်နေသည်ဟု လွိုင်ကော်မြို့ခံ တဦးက ပြောသည်။

“ကျနော်တို့ ခုလွိုင်ကော်မြို့မှာ မြို့အပြင် ထွက်တော့မယ်ဆိုရင် ဂိတ်တွေ ရှိတယ်။ အဲဒီဂိတ်တွေကိုမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာ။ အကုန်လုံး စစ်တယ်။ မှတ်ပုံတင်တော့ ကိုယ်နဲ့ အမြဲဆောင်ထားမှ။ တော်ရုံတန်ရုံနဲ့ မှတ်ပုံတင် မရှိတဲ့ လူတွေ သွားလာလို့ မရဘူ” ဟု ၎င်းက ပြောသည်။

မြို့ထဲသို့ ၀င်သည်ဖြစ်စေ၊ မြို့ပြင်သို့ ထွက်သည်ဖြစ်စေ စစ်ဆေးရေး ဂိတ်များ၌ ရောက်ရှိရာတွင် မှတ်ပုံတင်များ မပါလာပါက အာဏာပိုင် များမှာ သွားလာခွင့် မပြုကြောင်း အခြားသော လွိုင်ကော်မြို့ခံ တဦးကလည်း ပြောပါသည်။

သူက “စစ်ဆေးမှုတော့ တအားကြပ်တယ်။ စစ်ဆေးတာကတော့ မြို့အ၀င်မှာ မှတ်ပုံတင်တွေ စစ်တယ်။ မပါရင် မြို့ထဲကို လုံးဝ ၀င်လို့  မရဘူး။ ဒီးမော့ဆိုက လာရင် ဒီးမော့ဆိုကို ပြန်ပဲ။ ပါသမျှ ပစ္စည်း အိတ်တွေ ဆိုင်ကယ်ဖုံးတွေ အကုန်စစ်ပါတယ်” ဟု ပြောသည်။

ယခုလို အာဏာပိုင်များက အစစ်အဆေး တင်းကြပ်လာရခြင်းမှာ ရွေးကောက်ပွဲတွင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ နှောင့်ယှက်မှုများ ပေးမည်ကို စိုးရိမ်သည့်အတွက်နှင့် ၀င်ရောက်မနှောင့်ယှက်နိုင်အောင် လုံခြုံရေး ကြိုတင်ယူထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)သည် မြန်မာစစ်အစိုးရမှ အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသည့်အတွက်ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနှင့် အလားတူ ကရင်နီတပ်မတော်မှာလည်း ရွေးကောက်ပွဲကို စစ်ရေးအရ ဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ကြေညာထားခြင်းများလည်း ရှိခဲ့သည်။

No comments: