Wednesday, October 27, 2010

မဲရုံဆောက် လုပ်အားပေးစေခိုင်း

သျှမ်းသံတော်ဆင့်

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရုံဆောက်ရာတွင် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ်၌ ကျေးလက်ပြည်သူများအား လုပ်အားပေးစေခိုင်းနေကြောင်း သိရသည်။

ယခုလ ၂၅ ရက်နေ့ မူစယ်မြို့နယ် တုန့်ခန်ကျေးရွာ စာသင်ကျောင်းဝင်းအတွင်း၌ မဲရုံဆောက်ရာ တုန့်ခန်ကျေးရွာအုပ်စုဝင် ရွာ ၄ ရွာမှ ရွာသား ၄၀ ခန့်သည် နံနက် ၈ နာရီမှ ၁၂ နာရီအထိ လုပ်အားပေးခဲ့ရကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ရွာ သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၀၅ မိုင်နားက တုန့်ခန်ရွာအုပ်စုမှာ မဲရုံဆောက်တယ် အုပ်စုထဲမှာ ၄ ရွာပါတာပေါ့ တစ်ရွာကို ၁၀ ယောက်နူန်း ၀ါး ၁၀ လုံး ယူခဲ့ရမယ်ဆိုပြီး တုန့်ခန်အုပ်စုဥက္ကဋ္ဌ စစ်မှုထမ်းဟောင်း ဦးစံမောင်က ခေါ်ခိုင်းတယ်” ဟု သူက ဆိုသည်။

အဆိုပါ ကျေးရွာအုပ်စုတွင် အထကတုန့်ခန်၊ အောက်တုန့်ခန်၊ ဟိုလောင်နှင့် ကချင်ရွာတစ်ရွာတို့ ပါဝင်ကြောင်း သိရသည်။

မူစယ်ခရိုင် မဲဆန္ဒနယ်မြေ၌ မဲရုံများအား ယခုလ ၂၅ ရက်နေ့ အပြီးဆောက်ရန် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အစည်း အဝေးက ဆုံးဖြတ်ထားရာ မူစယ်မြို့ပေါ်နှင့် ကျေးရွာအချို့တွင် မဲရုံများ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

No comments: