Saturday, October 23, 2010

သူတို့မဟုတ်ရင် ပြီးရော ...

ဆက်လင်း

စစ်အစိုးရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ရက်၂၀ လောက်ပဲ လိုပါတော့တယ်။ ဒီနေ့အချိန် အထိ မဲဆန္ဒရှင် ပြည်သူ လူထု အနေနဲ့ သူတို့ ရွေးခြယ်ရမယ့် လွှတ်တော် ကိုယ်စားလှယ် လောင်းဟာ ဘယ်သူဘယ်ဝါဖြစ်တယ်။ ဘယ်ပါတီတွေက သူတို့ရဲ့ မြို့နယ်မှာ ယှဉ်ပြိုင်မယ်ဆိုတာတွေကို တိကျသေချာတဲ့ သတင်း အချက်အလက်တွေ မရကြသေးပါဘူး။

ဒါပေမယ့် ပြည်သူလူထုကြားမှာ စကားလုံး တလုံး က ရေပန်းစားလာပါတယ်။

အဲဒါကတော့“သူတို့မဟုတ်ရင် ပြီးရော” ဆိုတာ ပါပဲ။

ပြည်သူတွေပြောတဲ့ သူတို့ဆိုတာကတော့ စစ်အစိုးရဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်လဲ တည်ထောင်ထားပြီးတော့ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ သြဇာခံ စီးပွားရေးသမားတချို့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပါ။

သာမန် ပြည်သူ လူထုကတော့ ရွေးကောက်ပွဲဆိုရင် ကြံ့ဖွံ့ပါတီနဲ့ ခြင်္သေ့တံဆိပ်ကိုသာ သေသေချာချာသိပြီးတော့ ကျန်တဲ့ ပါတီ တွေ ကိုတော့ ခမောက်၊ ခွပ်ဒေါင်းဆိုတာလောက်သာ သိကြပါတယ်။

“ကျနော်တို့ကတော့ ခမောက်ပဲ။ ကြံ့ဖွံ့ကိုတော့ လုံးဝမပေးဘူး”လို့ သာကေတ မြို့နယ်က ဆိုက္ကား ဆရာ ကိုမြင့်စိန်က ပြောပါ တယ်။

တကယ်တော့ ဆိုက္ကားဆရာ ကိုမြင့်စိန်ဟာ ကြံ့ဖွံ့ပါတီ တခုကိုသာသိပြီးခမောက်ဆိုတာ ဘယ်ပါတီကို ကိုယ်စားပြုတယ်ဆိုတာကို သေသေချာချာမသိပါဘူး။ ဒါပေမယ့် သူတို့ဆိုက္ကား ဂိတ်က ဆိုက္ကားသမား တယောက်ယူလာတဲ့ NDF ပါတီရဲ့ လက်ကမ်း စာစောင် ကို ကြည့်ပြီးတော့ ကြံ့ခိုင်ရေး မဟုတ်တဲ့ သူသိတဲ့ တခုတည်းသောပါတီ ခမောက်ကို မဲပေးဖို့ဆုံးဖြတ်ခဲ့တာပါလို့ ဆိုပါတယ်။

တနေ့ဝင်ငွေ နှစ်ထောင်ကျပ် ၀န်းကျင်သာရှိတဲ့ ဆိုက္ကားဆရာ ကိုမြင့်စိန်ဟာ ပါတီတွေအကြောင်း ရွေးကောက်ပွဲအကြောင်း သိဖို့ ဂျာနယ်တွေလည်း ၀ယ်မဖတ်နိုင်သလို ရေဒီယိုက သတင်းတွေကို နားထောင်ဖို့ လည်း အချိန်မရဘူးလို့ ဆိုပါတယ်။

“ကြံ့ဖွံ့ကတော့ တသက်လုံးကောင်းခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ တခြားဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် လက်ရှိအစိုးရနဲ့ ကြံ့ဖွံ့နဲ့ မဟုတ်ရင်ပြီးတာပဲ။ သူတို့လောက်တော့ ဘယ်သူမှ ဆိုးမယ်မထင်ဘူး”လို့ ကိုမြင့်စိန်က သူ့ရဲ့ ခံစားချက်ကို ပြောပြပါတယ်။

ကိုမြင့်စိန်ရဲ့ စိတ်ထဲမှာတော့ ပြည်သူလူထုက ကြံ့ဖွံ့မဟုတ်တဲ့ တခြား ပါတီ တခုကို ၀ိုင်းပြီးမဲပေး လိုက်ရင်တော့ သူတို့ပြုတ်ကျ သွားပြီး တခြားအစိုးရသစ်တရပ် တက်လာမယ်လို့ ထင်နေပါတယ်။

“ကြံ့ဖွံ့မနိုင်မှ ဒီအစိုးရလည်း ဆင်းသွားမှာ။ သူတို့ဆက်ရှိနေဦးမယ်ဆိုရင်တော့ လူတွေက စီးပွားရေး ဆက်ကျပ်တည်း နေဦးမှာ” လို့ကိုမြင့်စိန်က သူနားလည်သလို ပြောပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်တော့ ဆိုက္ကားဆရာ ကိုမြင့်စိန် ထင်ထားသလို ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့်လည်း အစိုးရသစ်တရပ် ပေါ်ထွန်းလာမှာမဟုတ်ဘဲ လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့်၊ တောင်းဆိုခွင့်လောက်ရရုံသာရကြမှာ ဖြစ်ပါတယ်။
“ကြံ့ဖွံ့လို့ဆိုလိုက်တာနဲ့ လူတွေက ချဉ်နေကြတယ်။ နှစ်ပေါင်းများစွာ လူတွေကို အနိုင်ကျင့် နှိပ်စက်လာတာတွေက ခဏလေး ကောင်းပြရုံနဲ့ လူတွေရဲ့ ရင်ထဲက မကျေနပ်ချက်တွေကို ပျောက်သွားအောင် လုပ်လို့မရ ဘူး” လို့ရှေ့နေတဦးဖြစ်တဲ့ ဦးအေးလွင် က ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို စဉ်ဆက်မပြတ်လေ့လာနေတဲ့ ရှေ့နေ ဦးအေးလွင်က “ဥပမာဗျာ ယုဇန ဦးဌေးမြင့်က တသက်လုံး သူများတွေအပေါ် ခေါင်းပုံဖြတ်လာတယ်။ ယုဇန အိမ်ရာတွေ ဆောက်ရင် နေတဲ့လူတွေနဲ့ အဆင်မပြေဘူး။ ဆီအုန်းခြံ တွေ လုပ် တယ်။ အလုပ်သမားတွေကို အမျိုးမျိုးခေါင်းပုံဖြတ်တယ်။ အဲဒီတော့ အခုမှ မြို့မှာ ပိုက်ဆံတွေလှူပြယုံနဲ့ ဘယ်လိုမှ လူထု ထောက် ခံမှု မရနိုင်ဘူး။ မဲရတယ် ဆိုရင်တော့ မသမာမှုနဲ့ လူတွေရဲ့အကြောက်တရားကြောင့်ပဲ ဖြစ်လိမ့်မယ်”လို့ ထောက်ပြ ပါတယ်။

ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် သုတစွယ်စုံ စာပေတိုက်နဲ့ မြန်မာတိုမ်း ဂျာနယ် ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦး ၏ ဂျာနယ်တိုက်တွင် လုပ်ကိုင်ခဲ့ဖူးသူ အယ်ဒီတာတဦးကလည်း“အမြဲတမ်း ၀န်ထမ်း လစာတွေကို တခြားဂျာနယ် တိုက် တွေနဲ့ ယှဉ်ရင် အများကြီးနှိမ်ပေးတယ်။ ဂျာနယ်တိုက်နားက အိမ်တွေနဲ့လည်း အမြဲ ပြဿနာဖြစ်တယ်။ အခုမှ ပုဇွန်တောင် မြို့နယ်အတွက် ကောင်းကျိုးတွေ အများကြီးလုပ်ပေးပါတယ် ဆိုပြီးတော့ ပိုက်ဆံတွေလှူပြနေတယ်။ လူတွေက သူ ဘယ်လိုလူမျိုး လဲ ဆိုတာ အားလုံး သိပြီးသား”ဟု ဆိုသည်။

၂၀၀၇ စက်တင်ဘာ တော်လှန်ရေးကာလအတွင်းက ရဟန်းသံဃာတော်များကို ရိုက်နှက်ဖြိုခွင်းရာမှာ ကြံ့ခိုင်ရေးက အဓိကအခန်း ကဏ္ဍက ပါဝင်နေခြင်းကလည်း ကြံ့ဖွံ့ပါတီကို လူတွေ ရွံမုန်းရခြင်းရဲ့အဓိက အကြောင်းအရင်းဖြစ်တယ်လို့ ရှေ့နေဦးအေးလွင်က ဆိုပါတယ်။

“ဗုဒ္ဓဘာသာနိုင်ငံဗျာ။ သူတို့က လူတွေကို အနိုင်ကျင့်နေရုံတင် မကဘူး။ ဘုန်းကြီးကိုရိုက်ထားတယ် ဆိုတာလည်း တနိုင်ငံလုံး သိတယ်။ အဲဒီတော့ သူတို့ကို ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”လို့လည်း ဦးအေးလွင်က ပြောပါတယ်။

မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ကြံ့ဖွံ့အပေါ်အမုန်းတရားတွေက တခြားပါတီတွေကို လက်ခံလာစေတာကိုတွေ့ရပါ တယ်။

ကြံ့ဖွံ့ပါတီအပေါ်လူတွေထောက်ခံမှုရှိမရှိဆိုတာကို ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ပါတီ လက်ကမ်းစာရွက်တွေက သက်သေခံနေတယ်လို့ ရန်ကုန်မြို့က သတင်းသမားတဦးက ပြောပါတယ်။

“မြို့ထဲကိုသွားလိုက်ရင် လမ်းတိုင်းလမ်းတိုင်းမှာ ကြံ့ဖွံ့ပါတီက Pamphlet(လက်ကမ်းစာစောင်)တွေကိုဖြဲပြီး ပစ်ချထားတယ်။ တခြားပါတီတွေက စည်းရုံးရေးဆင်းတာတွေကို လိုက်ပြီးသတင်းယူရင် လိုလိုလားလားနဲ့ယူပြီး သိမ်းသွားတာကိုတွေ့ရတယ်”လို့ အဲဒီ သတင်းသမားက ပြောပြပါတယ်။

မဲဆွယ်စည်းရုံးရေးတွေ ဆင်းတဲ့အခါမှာတော့ ပြည်သူလူထုက ကြံ့ဖွံ့ပါတီကိုယှဉ်ပြိုင်မယ့် ပါတီတွေ ဆိုပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆို မှုတွေနဲ့ ကြုံရတယ်လို့ ဒီမိုကရက်တစ် အင်အားစုတွေလို့ ခံယူထားတဲ့ ပါတီတွေ က ပြောပါတယ်။

ရွေးကောက်ပွဲကြိုကာလ မဲဆွယ်စည်းရုံးမှုတွေမှာ ကြံ့ဖွံ့ပါတီက အာဏာပိုင်တွေ အကူအညီကိုယူပြီး မလာမနေရလုပ် မဲဆွယ်တာ။ တအိမ် တယောက် ကြံ့ဖွံ့ပါတီ မ၀င်မနေရ ၀င်ခိုင်းတာတွေက လူတွေသူတို့ ပါတီကို ပိုပြီးမကြိုက်ဖြစ်စေတဲ့အချက်တွေ ဖြစ်တယ် လို့ ကွမ်းခြံကုန်းမြို့ ဒေသခံ တဦးက ပြောပါတယ်။

“ကျနော်တို့မြို့မှာပြိုင်တဲ့ တခြားပါတီတွေကိုလည်း သိပ်မကြိုက်ကြပါဘူး။ ကျနော်တို့ လေးစားလောက်တဲ့ လူတွေလည်း မပါဘူး။ ဒါပေမယ့် မဲပေးရင်တော့ ကြံ့ဖွံ့မဟုတ်တဲ့ တခြားပါတီတခုခုကိုပဲ ပေးဖြစ်မှာပါ။ သူတို့က ပြည်သူတွေရဲ့ထောက်ခံ မဲကို လိုတာ တောင် အာဏာနဲ့တောင်းဖို့ လုပ်နေတယ်”လို့ အဲဒီကွမ်းခြံကုန်း ဒေသခံက ဆိုပါတယ်။

ကြံ့ဖွံ့ပါတီ စည်းရုံးရေးတွေမှာ အာဏာပိုင်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ တအိမ်တယောက် မလာမနေရ ခေါ်တာတွေလုပ်တဲ့ အပေါ်ကို ရန်ကုန်မြို့ ကလေးဆေးရုံကြီးရှေ့မှာ ဂိတ်ထိုးလေ့ရှိတဲ့ တက္ကစီ သမားတဦးကတော့“သတ္တိရှိရင် ကျနော့်အိမ်ကို လာခေါ် ကြည့်ပါလား။ အကုန်လုံးတောင် မောင်းထုတ် လိုက်ဦးမယ်။ ဥပဒေအရ ခေါ်ပိုင်ခွင့်လည်းမရှိဘူး။ ရွေးကောက်ပွဲကော်မရှင် ကို တိုင်လို့လည်းရတယ်။ ဒါတွေက မသိနားမလည်တဲ့သူတွေကိုပဲ လုပ်လို့ရမယ်”လို့ ဒေါ်သသံဖြင့် ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ ကြံ့ဖွံ့ပါတီက တအိမ်တယောက် မလာမနေရဆိုပြီး မဲဆွယ်စည်းရုံးရေး လုပ်တာကို ပြည်သူလူထုက မကျေနပ်ကြလို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ နိုင်ငံရေးဦးဆောင် ကော်မတီ ဒုတိယ ခေါင်းဆောင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းညွှန့်က ပြောပါတယ်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ ကြံ့ဖွံ့ပါတီက တခြားပါတီတွေထက် ခြေလှမ်းသွက်နေပေမယ့် ပြည်သူတွေကတော့ ဒီမိုကရက်တစ် အင်အားစုတွေကိုပဲ လှိုက်လှိုက်လှဲလှဲရှိကြတယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဗဟိုစည်းရုံးရေး တာဝန်ခံ ဒေါ်တင်တင်မြ က ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေ မသတ်မှတ်ရသေးခင် တိုက်ကြီးကို စည်းရုံးရေးဆင်းတဲ့အခါ “ကျေးဇူးရှင်ကြီးတွေ” လို့ အခေါ်ခံရ တယ်။ ကြံ့ဖွံ့ပဲလာ ကြံ့ဖွံ့ပဲ စည်းရုံးနေတော့ ကြံ့ဖွံ့မဟုတ်တဲ့ ပါတီ ဘယ်ပါတီ လာမလဲလို့ မြို့ခံတွေက မျှော်နေကြတာ”လို့ ဒေါ်တင်တင်မြက သူ့ရဲ့ စည်းရုံးရေး အတွေ့အကြုံကို ပြောပြပါတယ်။

“ဒီမိုကရက်တစ် အင်အားစု ပါတီတွေ စည်းရုံးရေး ဆင်းတဲ့အခါ ထောက်လှမ်းရေးတွေ၊ ရပ်ကွက် အာဏာပိုင်တွေ စောင့်ကြည့်နေ တဲ့ကြားက ကျနော်တို့ကို အအေးတိုက်ကြတယ်။ ရေတိုက်ကြတယ်။ ဧည့်ခံတယ်။ ကျနော်တို့ကလည်း တအိမ်တက် တအိမ်ဆင်း သွားတယ်။ လမ်းကြိုလမ်းကြားပါ မကျန်ပေါ့။ သူတို့သိချင်တာ ကျနော်တို့ကို မေးတယ်။ လူထုနဲ့ ကျနော်တို့နဲ့ တသားတည်းပဲ။ ကြံ့ဖွံ့ကို လုံးဝလက်မခံကြဘူး”လို့ NDF ပါတီက ဦးသိန်းညွှန့်က သင်္ဃန်းကျွန်းမြို့နယ်မှာ စည်းရုံးရေး ဆင်းရတဲ့ အခြေအနေကို ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)က အမျိုးသမီးစည်းရုံးရေး တာဝန်ခံတဦးဖြစ်သူ ဒေါ်မီနီသင်းကျော်ကလည်း ကြံ့ခိုင်ရေး ပါတီအနေနဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ အကူအညီကိုယူပြီး သူတို့ပါတီတွေအပေါ်ကို အသာရဖို့ကြိုးစားပေမယ့် လူထုကတော့ သူတို့ကိုသာ လက်ခံကြိုဆိုတယ်လို့ ဆိုပြန်ပါတယ်။

“ကျမတို့ ဥက္ကဌ ဦးသုဝေပြိုင်မယ့် မင်္ဂလာတောင်ညွှန့်မှာဆိုရင် ကျမတို့စည်းရုံးမယ့်လမ်းတိုင်း သူတို့က ကြိုသိပြီး ကြိုရောက်နေ တယ်။ ထောက်လှန်းရေးက အားလုံးကို Report သတင်းလုပ်ထားတယ်။ ဒါပေမယ့် သူတို့စာရွက်တွေ ပေးပြီဆိုရင် တစ်ချို့က မယူဘူး။ တချို့က ချက်ခြင်းဖြဲပြီး ပြစ်ချပြစ်တယ်။ ကျမတို့သွားရင် တချို့ဆို လက်ခုပ်တီး လှမ်းခေါ်ပြီး စာရွက်တောင်းတာတွေ ရှိတယ်”လို့ ဒေါ်မီနီသင်းကျော်က ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမယ့် ဒီမိုကရက်တစ်အင်အားစု ပါတီတွေကတော့ လာမယ့်ရွေးကောက်ပွဲ မှာ မဲလိမ် မဲမသမာမှုတွေသာ မရှိဘူးဆိုရင် သူတို့ဒီမိုကရက်တစ် အင်အားစုထဲက ပါတီတွေပဲ အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေကြ ပါတယ်။

ကြံ့ဖွံ့ပါတီဆိုရင်လူတွေက ဘယ်နိုင်ငံရေးပါတီ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိဘဲ ဆန့်ကျင်တာတွေပြုလုပ် လာတာလို့ နိုင်ငံရေး ပါတီတွေက ပြောပါတယ်။

ဒီလိုဆန့်ကျင်မှုရဲ့ ထင်ရှားတဲ့ ဥပမာတခုကတော့ ပဲခူးတိုင်း သာယာဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေပေါ်ကို ဆေးနီတွေနဲ့ ပက်ပြီးတော့ သူတို့ပါတီကို ဆန့်ကျင်တာတွေ ရေးသွားတာပါ။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအောင်သန်းက“ကျနော်တို့အပေါ် ပြည်သူတွေက လိုလို လားလားရှိတယ်။ ကြံ့ဖွံ့က လွဲရင်ဘယ်သူဖြစ်ဖြစ်ပေါ့။ ဒီမိုကရေစီ အင်အားစုတွေကိုပဲ ရင်ထဲမှာရှိကြတယ်။ မညှိဘဲနဲ့ ညီနေကြတယ်။ သူတို့ရဲ့ ရင်ထဲက ဆန္ဒအတိုင်းသာ မဲပေးကြရင် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေပဲ အနိုင်ရမှာ သေချာတယ်”လို့ ဆိုပါတယ်။

No comments: