ရဲဘော်ဖိုးသံချောင်း
ဒီနေ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ တွေးခေါ်မှုနှစ်ရပ်နဲ့ ပဋိပက္ခကို အထင်ရှား တွေ့နေရပါတယ်။
လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ အများကြီးရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အချိန်အခါလိုက်လို့ တခုသော ပဋိပက္ခဟာ အဓိက ရှေ့တန်းရောက်နေတတ်ပါတယ်။ ဒါဟာ တရားပါ။ အခုလည်း မြန်မာပြည်နိုင်ငံရေး တွေးခေါ်မှုတွေထဲမှာ အဓိက ရှေ့တန်းရောက်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ ဆက်ပြီး သွားနေလို့ကတော့ တိုင်းပြည်ဟာ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးဆိုတဲ့ တွေးခေါ်မှုတို့ရဲ့ ပဋိပက္ခဟာ အဓိက ဆုံချက်ဖြစ်ပါတယ်။
မှန်ပါတယ်။ ဒီနေ့တည်ရှိနေတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အထက်မှာပြောဆိုခဲ့တဲ့ စကားလုံးတွေအတိုင်း ဒီအတွေးအခေါ်တွေကို ဖော်ပြတာ၊ ပြောဆိုတာ မဟုတ်ပါဘူး။ ကိုယ့်နည်းနဲ့ကိုယ် ဖော်ပြကြတာဖြစ်ပါတယ်။ တချို့က ဒီအတိုင်း တိုက်ရိုက်ပြောမယ်၊ တချို့က ကွေ့ပတ်ပြောမယ်၊ တချို့က သကာလူးပြီးပြောမယ်၊ တချို့က စောင်းပါးရိပ်ခြေပြောမယ်။ အလားတူပဲ နအဖစစ်အစိုးရရဲ့ ဒီမိုကရေစီအောက်မှာ ဒုတိယအမျိုးအစား အတွေးအခေါ် ရှိသူတွေကတော့ ကိုယ့်အနေအထားနဲ့ကိုယ် သတိထားပြောကြရပါတယ်။ သဘာဝကျစွာပဲ ပြည်တွင်းမှာနေသူနဲ့ ပြည်ပမှာနေသူတို့ဟာလည်း ပြောကြားပုံ၊ တင်ပြပုံတွေ ခြားနားကြပါတယ်။
စစ်အစိုးရလက်အောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်သွားနိုင်မယ်ဆိုတဲ့ တွေးခေါ်နည်းကို ကိုင်စွဲထားသူတွေထဲမှာ “အမျိုးသားနိုင်ငံရေးမှာ တပ်မတော်၏ဦးဆောင်မှုအခန်း” ဆိုတာကို တင်နေကြသူတွေ၊ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီအတွက် အာမခံချက်တွေ အပြည့်အစုံ မပါပေမယ့် တဖြည်းဖြည်းချင်း ပြုပြင်ယူသွားမယ်” လို့ဆိုသူတွေ၊ “ခြေတလှမ်းရရ၊ နှစ်လှမ်းရရ ယူထားရမယ်” လို့ ဆိုသူတွေ၊ “ဒီအချိန်မှာ လူထုတိုက်ပွဲစကားပြောသူတွေဟာ မိုက်ရူးရဲတွေ၊ နိုင်ငံရေးသူငယ်နာ မစင်သူတွေ” လို့ ပြောနေသူတွေ၊ “အခြားအစားထိုးစရာနည်းလမ်းတွေမရှိဘဲ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာဖြစ်သည်” လို့ဆိုသူတွေ၊ လေမတူသော်လည်း အခြေခံစိတ်သဘောထားတူသူတွေ အားလုံးပါဝင်ပါတယ်။ ဒီနေရာမှာ စိတ်သဘောထားဆိုတာက လာတော့မယ့်ရွေးကောက်ပွဲကို ထောက်ခံတာကို ဆိုလာတာဖြစ်ပါတယ်။
တဖက်မှာကတော့ နအဖ ဒီလိုလုပ်နေပုံမျိုးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရဲ့ အောက်မှာဖြစ်စေ၊ ရွေးကောက်ပွဲကတဆင့်ပဲဖြစ်စေ၊ တခြားဘယ်နည်းနဲ့ပဲဖြစ်စေ ဆက်လက်လုပ်ဆောင်သွားတာကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို စစ်အုပ်စုရဲ့ အရိပ်သြဇာအောက်က လုံးဝလွတ်ကင်းတဲ့ အစိုးရတရပ် ပေါ်ထွက်ရေးအတွက် လုံးပန်းရမယ်လို့ဆိုသူတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါကို ပြည်ပမှာ နေထိုင်သူတွေသာ ဒီအတိုင်းတိုက်ရိုက် ပြောဆိုနိုင်ကြပါတယ်။ ပြည်တွင်းမှာနေတဲ့လူတွေကတော့ အမြီးရှိတဲ့လူတွေ ရိပ်မိကြနော်ဆိုတာမျိုးလောက်ပဲ အလွန်ဆုံးပြောနိုင်ပါတယ်။
အခုတင်ပြနေတာဟာ တွေးခေါ်မှုပြဿနာဖြစ်ပါတယ်။ သာမန်အယူအဆတခုကိစ္စကို ပြောတာမဟုတ်ပါဘူး။ ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ဟာ ဖြစ်ပါတယ်။ နောက်ပြီး အယူအဆအားလုံးတို့ရဲ့ အခြေခံ အစပြုရာလည်း ဖြစ်ပါတယ်။ လူရဲ့ တွေးခေါ်မှုဆိုတာ သူချည်းသီးခြား တည်ရှိနေတာမဟုတ်ပါဘူး။ နောက်ခံသမိုင်း၊ မြစ်ဖျားခံရာ စသဖြင့် ရှိပါတယ်။ ဒီနေရာမှာတော့ အဲဒီအထိ တင်ပြဆွေးနွေးဖို့ မသင့်သေးဘူးထင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေတာတွေကိုပဲ တင်ပြသွားပါမယ်။
ဒီတွေးခေါ်မှုနှစ်မျိုးရဲ့ ဆုံချက်နေရာဟာ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်ပြီး အယူအဆအရ အခြေခံအားဖြင့် ညှိမရတာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဆိုတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီနေ့ နိုင်ငံရေးရဲ့စံ၊ မှတ်ကျောက်လို့ ဆိုရင် မမှားဘူးထင်ပါတယ်။
အခုအခါမှာ အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ နိုင်ငံရေးစကားတွေ ဝေအောင်ပြောနေကြပါတယ်။ လူကြားကောင်းမယ့် ဝေါဟာရမှန်သမျှလိုလိုကို အသုံးပြုနေကြတာပါ။ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီရေး” စတာတွေကို လိုလားထောက်ခံပါကြောင်း အဖွဲ့အစည်းတိုင်း၊ လူတိုင်းလိုလိုပဲ ပြောကြရေးကြပါတယ်။ ဒါပေမယ့် အဲဒီအသံရှင်တွေကို အထက်က စံ-မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ရင် ဘီလူးစည်း လူ့စည်း ကွဲသွားတာ တွေ့ရပါမယ်။ အဲဒီကိစ္စတွေအပေါ် ဘယ်လိုသဘောထားသလဲလို့ ဖြေခိုင်းလိုက်ရင် ရပ်တည်ချက်အမှန်ဟာ ပေါ်ထွက်လာမှာပါ။
မြန်မာပြည်နိုင်ငံရေးမှာက နိုင်ငံရေးဝေါဟာရတွေကို လက်တလုံးခြားအသုံးချကြတဲ့ အစဉ်အလာသာမက လူနာမည်၊ အမှတ်အသားစတာတွေကိုလည်း ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက် အသုံးချလေ့ရှိတာဟာ လွတ်လပ်ရေးရပြီးကတည်းကလို့ ဆိုရမလိုပါပဲ။ ဖဆပလတွေဟာ ရွေးကောက်ပွဲဝင်တဲ့အခါမှာ မဲပုံးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို တင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အသုံးချပြီး မဲတောင်းတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက သင်္ကြန်တခုမှာ သံချပ်ထိုးကြတော့ “ဗိုလ်ချုပ်အောင်ဆန်း သနားစရာ-သူ့ခမျာ မဲပုံးတံဆိပ်” လို့ အော်တာ ကြားခဲ့ရဖူးပါတယ်။ အလားတူပဲ ဒီတခါ နအဖရဲ့ ရွေးကောက်ပွဲမှာလည်း ခမောက်တံဆိပ်ကို မောင်ပိုင်စီးချင်တာ၊ မြန်မာတမျိုးသားလုံးက ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်းအလံကိုတောင်မှ ကိုယ်မဲရရေးအတွက် မဲပုံးတံဆိပ်အဖြစ် အသုံးချချင်တာ စတဲ့ မရိုးသားတဲ့ ကြံစည်မှုတွေကို တွေ့ရတယ်မဟုတ်ပါလား။ ဒါတင်မက တချို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လမ်းခွဲခဲ့ပြီးတာတောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ဂုဏ်ကို အသုံးချနိုင်အောင် ပြောဆိုနေတာလည်း ကြားရပါတယ်။ ဒီတော့ သူတို့ဘာသာသူတို့ ဘာခမောက်ပဲဆောင်းဆောင်း၊ ဘာအလံပဲထူထူ အထက်ကကိစ္စတွေအပေါ် ဘယ်လိုသဘောထားသလဲလို့ မေးလိုက်ရင် သဲကွဲသွားမှာပါ။
ထပ်ပြောပါမယ်။ ပထမအမျိုးအစားတွေးခေါ်မှုကို နအဖစစ်အုပ်စုထိပ်သီးတွေက လက်ခံသဘောကျပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားတွေးခေါ်မှုကိုတော့ သူတို့က အကြီးအကျယ် မုန်းတီးဆန့်ကျင်ပါတယ်။ ဒီလို နအဖထိပ်သီးတွေရဲ့ သဘောထားကိုက ဒီ စံ၊ မှတ်ကျောက်ကို အတည်ပြုနေတာလို့ပြောရင် ရမယ်ထင်ပါတယ်။
စိတ်ပျက်စရာကောင်းတာက ပထမအမျိုးအစား တွေးခေါ်မှုရှိသူတချို့က ဒီနေ့နိုင်ငံရေးမှာ ပြည်သူလူထုကို လိမ်လို့ရနိုင်မယ်လို့ ထင်နေကြတာပါပဲ။ လိမ်လို့မရမှန်း သူတို့သိတဲ့အခါကျတော့ ကိစ္စတွေက နောက်ကျကုန်ပြီဆိုတာကို တွေ့ကြရပါလိမ့်မယ်။
No comments:
Post a Comment