Thursday, October 28, 2010

အလံသစ်နှင့် မဲပြား သယ်လာသည့် စစ်ကြောင်းကို KNU ဝင်တိုက်

ဘစောတင် Thursday, 28 October 2010

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်တွင် နိုင်ငံတော် အလံသစ်နှင့် မဲပြားများ သယ်လာသော နအဖ စစ်ကြောင်း တကြောင်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောက်ကျား တပ်ဖွဲ့က ယခု ရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးစီးသော မခရ ၄၀၅ စစ်ကြောင်း ၂ ကို KNU တပ်ရင်း ၁၆၊ တပ်ခွဲ ၂ မှ ပြောက်ကျားတပ်ဖွဲ့ က ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။

“၂၆ ရက်နေ့ က အပလုံနဲ့ မြိုင်သာယာ ရွာကြားမှာ တိုက်ပွဲတပွဲဖြစ်တယ်။ ကျနော်တို့ ပြောက်ကျားတပ်ဖွဲ့က လမ်းက စောင့်တိုက်တာ။ နအဖ တပ်သား ၂ ယောက်ကျပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ နောက်တပွဲကတော့ ၂၇ ရက်နေ့မှာ ချောင်းဆုံရွာ မရောက်ခင် ဇီးဖြူတောင်နဲ့ တားတိန် ရွာကြားက ဇီးဖြူတောင် ကားလမ်းပေါ်မှာဖြစ်တယ်။ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး” ဟု ဗိုလ်ကြီး စောထဲနေက ဆိုသည်။

ယင်းစစ်ကြောင်းသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြီးကြပ်ရန် ကြာအင်းဆိပ်ကြီး မှ ရွေးကောက်ပွဲ ကော်မရှင်လူကြီး ၂ ဦး၊ မဲပြားများနှင့် နိုင်ငံတော်အလံသစ်များကို သယ်ဆောင်လာစဉ် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့နယ် အာဏာပိုင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“မဲကြီးကြပ်ဖို့ ကြာအင်းဆိပ်ကြီးက ကော်မရှင်လူကြီး ၂ ယောက်နဲ့ မဲပြားတွေပါတယ်။ အလံသစ်လည်း ပါတယ်။ အဲဒါကို KNU က လမ်းမှာ ဆွဲမိုင်းနဲ့ ခြုံခိုတိုက်တယ်။ ပါလာတဲ့ လူကြီး ၂ ယောက်က ကျောင်းဆရာတွေလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

နအဖတပ် ခြုံခို တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ Guiding Star မွန်သတင်းစာ အယ်ဒီတာ ကိုနိုင်အာကာက “ဇီးဖြူတောင် မရောက်ခင်မှာ တားတိန်ဆိုတဲ့ မွန်ဂိတ်ရှိတယ်။ အဲဒီဂိတ်ကို ဖြတ်ပြီး ဇီးဖြူတောင်ကို တက်ရတယ်။ ဒီတောင်က တော်တော်မတ်တယ်။ တောင်တက်ကို လမ်းလျှောက်လို့ပဲရတယ်။ အပေါ်က စီးကြည့်နေရင် အကုန်မြင်နေရတယ်။ အဲဒီအတက်မှာ အခုလို တိုက်ခိုက်ခံရတာဖြစ်တယ်”ဟု ဆိုသည်။

ယခုကဲ့သို့ ခြုံခိုတိုက်ခိုက်ခြင်းကို KNU နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်ဟု နအဖ ဘက်မှ စွပ်စွဲကြောင်း ကိုနိုင်အာကာ က ပြောသည်။

ကြာအင်းဆိပ်ကြီးမှ လိုက်ပါလာသူ ရွေးကောက်ကော်မရှင် အဖွဲ့ဝင် ကျောင်းဆရာ ၂ ဦး၏ အမည်များကို မသိရသေး ပေ။

ရွေးကောက်ပွဲ ကျင်းပရန် ၉ ရက်သာ လိုတော့သည်။

No comments: