Wednesday, October 27, 2010

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

မင်းချမ်း၊ ကောင်းဝါ

မင်းချမ်း(အောက်တိုဘာ-၂၇)။ ။ လက်ရှိနိုင်ရှောင်းဦးစီးသော မွန်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ ယမန်နေ့တွင် စစ်အစိုးရထံလက်နက်ချအခမ်းအနားပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်အသွင်ပြောင်းလဲဖွဲ့စည်းလိုက်ပြီဟု ယင်းအဖွဲ့နှင့်နီးစပ်သူ မြဝတီမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနားကို မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာချုပ်ဝင်းအတွင်း၌ ယမန်နေ့မွန်းလွဲပိုင်း(၃) နာရီခန့်တွင်ကျင်းပခဲ့သည်ဟု မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးအတည်ပြု ပြောကြားသည်။

“အခမ်းအနားက မြို့ခံတွေတောင်မှ သိပ်မသိကြပါဘူး၊ ဌာနဆိုင်ရာကအရာရှိအချို့နဲ့ နိုင်ရှောင်းတို့အဖွဲ့ဝင်တွေပဲ အကျဉ်းရုံးလုပ်လိုက်တာတာဖြစ်တယ်” ဟု မြဝတီမြို့ခံစီးပွားရေးလုပ်ငန်းက ဆက်ပြောသည်။

အဆိုပါအခမ်းအနားကို ယခင်ရတခတိုင်းမှူးဟောင်း ဗိုလ်ချုပ်သက်နိုင်ဝင်း တက်ရောက်ခဲ့သည်ဟု စရဖနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အခမ်းအနားကျင်းပသည့်သတင်းများကို ယနေ့ညပိုင်းတွင် စစ်အစိုးရတီဗွီသတင်းဌာနများမှ တုတ်လွှင့်နိုင်ဖွယ်ရှိသည်ဟု ယူဆနေကြသည်။

ယခုပြောင်းလဲဖွဲ့စည်းလိုက်သော ပြည်သူ့စစ်တပ်ဖွဲ့အမည်အပြည့်အစုံနှင့် အသေးစိတ်အချက်အလက်များကို မနက်ဖြန်စစ်အစိုးရထုတ်သတင်းစာများတွင် ဖတ်ရှုနိုင်မည်ဟု ယူဆနေကြသူများလည်း ရှိကြသည်။

“အခုနိုင်ရှောင်းတို့အဖွဲ့ကို မွန်ငြိမ်းချမ်းရေးပြည်သူ့စစ်အဖွဲ့လို့ စရဖတွေပြောဆိုနေတာကြားမိတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

အတည်မပြုနိုင်သောသတင်းအရ စစ်အစိုးရအားနိုင်ရှောင်းတို့အဖွဲ့မှ လူအင်အား(၁၂၀) ကျော်၊ လက်နက်အင်အား(၆၀)လက်ခန့်၊ မှီခိုသူမိသားစုဝင်ပေါင်း (၄၀၀)ခန့် စာရင်းပေးထားသည်ဟု သိရသည်။

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကို ကွယ်လွန်သူမွန်ပြည်သစ်ပါတီမှ ဗိုလ်ချုပ်ဟောင်းအောင်နိုင်(၂၀၀၈) ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည်။

လွန်ခဲ့သည့်သြဂုတ်လတွင် နိုင်အောင်နိုင်ကွယ်လွန်ပြီးနောက် နိုင်ရှောင်းက မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဌအလိုလိုဖြစ်လာသည်။

နိုင်ရှောင်းသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် မွန်ပြည်သစ်ပါတီမှအနားယူပြီးနောက် စစ်အစိုးရအားတိုက်ခိုက်ရန် ရာမညတပ်ဖွဲ့(မွန်ခွဲထွက်)အားဖွဲ့စည်းခဲ့ပြီး ယမန်နှစ်တွင်စစ်အစိုးရထံလက်နက်ချခဲ့ပြန်သည်။

“နယ်ခြားစောင့်တပ်မဖွဲ့တဲ့ မွန်ပြည်သစ်ပါတီကို တနည်းတဖုံဖိအားပေးဖို့စစ်အစိုးရဖန်တီးမှုတရပ်ပါ” ဟု ထိုင်းနယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူများ သုံးသပ်ကြသည်။

No comments: