Thursday, October 28, 2010

ကြံ့ဖွံ့ပါတီမှ ဖါးကန့်တွင် ယာယီမှတ်ပုံတင် အခမဲ့ လုပ်ပေးပြီး လူထုစည်းရုံး

KNG

ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်သည် မှတ်ပုံတင်မရှိသူများအား အဝါရောင် ယာယီမှတ်ပုံတင် အခမဲ့ ပြုလုပ်ပေးခြင်းဖြင့် မဲဆွယ်စည်းရုံးနေသည်ဟု ဒေသခံများပြောသည်။

“ယာယီကဒ် အဝါရောင်မှာ၊ မှတ်ပုံတင်နံပါတ် PKK (Phakant Kachin) မှာ နံပါတ်ရေးကပ်ထားပေးတာပါ။ လဝက တွေ ပေးတာပါ။” ဟု ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာမှ ဆယ်အိမ်မှူးတစ်ဦးပြောသည်။

၎င်းယာယီမှတ်ပုံတင်ကဒ်ပြားသည် အကျယ် ၆လက်မရှိပြီး အမည်၊ နေရပ်လိပ်စာနှင့် PKK နံပါတ်များပါရှိသည်။ သို့သော် ယာယီမှတ်ပုံတင်ကဒ်တွင် ဓါတ်ပုံ မ ပါ ရှိကြောင်း ဆယ်အိမ်မှူးမှ ပြောသည်။

ယာယီလက်မှတ်အား ရပ်ကွက်စုပေါင်းရုံးသို့ မှတ်ပုံတင်မရှိကြောင်းနာမည်ပေးသူအားလုံးအတွက် လဝကနှင့် ဦးအုန်းမြင့်တို့ ပူပေါင်းကာ ကြံ့ဖွံ့ပါတီထံ မဲထည့်နိုင်ဖို့ရန် အခမဲ့ လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ဆယ်အိမ်မှူးက ပြောသည်။

၂၀၀၅-၂၀၀၈ ကချင်ပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူးဟောင်း ဦးအုန်းမြင့်သည် အခမဲ့ ယာယီမှတ်ပုံတင်ဖြင့် မဲဆွယ်ခြင်းသာမက ရောက်ရှိသည့် ဒေသခံအိမ်များသို့ ကျပ် ၁၀၀တန်နှင့် ငွေအကြွေစေ့များပေးကာ လိုက်လံစည်းရုံးနေသည်။

“၁၀၀ဆိုတာ ငွေစက္ကူ ကျပ် ၁၀၀တန်တစ်သောင်းနဲ့ အကြွေစေ့ ၅၀တွေ လိုက်ပေးနေတယ်။” ဟု ငွေလက်ခံရရှိသည့် ဖားကန့်ဒေသခံတစ်ဦးပြောသည်။

ဦးအုန်းမြင့်သည် ကျောက်စိမ်းလောင်းပန်းများထံမှ ငွေလိုက်ကောက်နေသည်ကို “သူကတော့ မဟုတ်ဘူး။
သူ့လက်အောက်က ဗျူဟာမှူးတွေကို သူဌေးတွေဆီကနေ ကျပ် ၁၀သိန်း၊ ၁၀သိန်းစီ ကောက်ပြီး အဲပိုက်ဆံနဲ့ပဲ လောင်ပန်း၊ သူဌေး၊ လူထုတွေကို ပြန်စည်းရုံးနေတယ်။” ဟု ဒေသခံတစ်ဦးပြောသည်။

ရပ်ကွက်ဥက္ကဋ္ဌများအား ဦးအုန်းမြင့်၏ကိုယ်ရေးအကျဉ်းစာရွက်နှင့် ငွေစက္ကူများ ဝေခိုင်းနေသည်။

ငွေလက်ခံသူ ဒေသခံများသည် ကြံ့ဖွံ့ပါတီမှ ဦးအုန်းမြင့်အား မ ကြိုက် မ နှစ်သက်သော်လည်း မဲထည့်ပေးရတော့မည်ဟု ဒေသခံများ ဝေဖန်ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကဒ်ပြား မှတ်ပုံတင်တစ်ခုလုပ်ရန် ကျပ် ၁သိန်းခွဲ ကုန်ကျသည်ဟု မှတ်ပုံတင်လုပ်ထားသည့် ဒေသခံတစ်ဦးပြောသည်။

No comments: