Tuesday, October 26, 2010

ကိုးကန့်ပါတီအသုံးစရိတ်အားလုံး အေးရှားဝေါလ်ကုမ္မဏီပိုင်ရှင်အကုန်ကျခံ

သျှမ်းသံတော်ဆင့်

လားရှိုး၊ သိန္နီ၊ ကွန်လုံဘက်၌ အဓိကထားယှဉ်ပြိုင်သည့် ကိုးကန့်ဒီမိုကရေစီနှင့် စည်းလုံးညီညွတ်ရေးပါတီ KDUP ၏ ကုန် ကျမှုစရိတ် အားလုံး အေးရှားဝေါ ကုမ္မဏီပိုင်ရှင် လော်ရှင်းဟန်နှင့် လော်ရှင်းမင်တို့ညီအစ်ကိုက အကုန်ကျခံ သည်ဟု စုံစမ်းသိရှိရသည်။

“အဓိက လားရှိုး၊ သိန္နီ၊ ကွန်လုံ သုံးမြို့နယ်ထဲတင် အသုံးစရိတ်က ကျပ်သိန်း ၂၄၀ လောက်ကုန်ကျနေပြီ။ ပျှမ်းမျှ တမြို့နယ် ကျပ်သိန်း ၈၀ လောက်ကုန်တာပေါ့။ အချိန်မရွေးလိုသလောက် ပိုက်ဆံထုတ်နိုင်တယ်။ လောရှင်းဟန် လော်ရှင်းမင်တို့ ညီအစ်ကိုက ထုတ်ပေးတယ်” - ကိုးကန့်ပါတီဝင်တဦးက ပြောပြသည်။

ကိုးကန့်ပါတီ စည်းရုံးရေးဆင်းရာတွင်လည်း “KDUP ကိုမဲမပေးချင်ရင်လဲ USDP ကိုမဲပေးလို့ရတယ်” ဟု လော်ရှင်းဟန်က ပြောဆိုစည်းရုံးခိုင်းကြောင်း လားရှိုးသားတဦးကပြောသည်။

ကိုးကန့်ဒီမိုကရေစီနှင့်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ လော်ရှင်းကွမ်းမှာ လားရှိုးမှ အမျိုးသားလွှတ်တော် အဆင့် ယှဉ်ပြိုင်မည်ဖြစ်ပြီးလော်ရှင်းဟန်၊ လော်ရှင်းမင်တို့နှင့်မျိုးနွယ်စုချင်းတော်စပ်ကာ “ကော်ဝင်ရှောက်ရှော်” တရုတ်အထက် တန်းကျောင်း ကျောင်းအုပ်ဆရာ လည်းဖြစ်၏။ ကျောင်းမှရသော လခ ကျပ် နှစ်သိန်း ငါးသောင်းနှင့် လော်ရှင်းဟန်က ပေးသော ကျပ် တစ်သိန်း စုစုပေါင်းတလကျပ် သုံးသိန်း ငါးသောင်း ရရှိသည်ဟု အဆိုပါကျောင်းမှ ကျောင်းသူဟောင်း တဦးကပြောပြသည်။

“ကျမတို့ ကော်ဝင်ရှောက်ရှော် တရုတ်အထက်တန်းကျောင်းဟာ လားရှိုးကြီး ရပ်ကွက် ၁၂ (ဟတ်ကာ လမ်းထဲ) ကန်မိန်း ကျောင်း တိုက်ရှေ့နားမှာရှိတယ်။ ကျောင်းသား ခုနှစ်ရာကျော်ရှိတယ်။ ဦးလော်ရှင်းကွမ်း ကျောင်းအုပ် လုပ်တာ ငါးနှစ် ခြောက်နှစ်ရှိပြီ” ဟု အဆိုပါကျောင်းသူက ရှင်းပြသည်။

အဆိုပါ ကော်ဝင်ရှောက်ရှော်ကျောင်းအပါအ၀င် လားရှိုးမြို့တွင် တရုတ်စာသင်ကျောင်း ၄ ကျောင်းရှိရာ ၀မ့်အိုင်တိုက်ရွာ ရပ်ကွက် ၅ ၌ ဟေမိုးလုံ ချူးကျုံးအထက်တန်းကျောင်း၊ ပန်လုံးရပ်၌ ကော်ပန်း အလယ်တန်း ကျောင်း နှင့် ပန်အွတ်ရပ်ရှိ (လော်ရှင်း ဟန်နာမည်ဖြင့်ဖွင့်ထားသော) ကော်ရှင်းကျောင်းတို့ဖြစ်သည်။ ကော်ရှင်းကျောင်း၏ ကျောင်းဆရာများမှာ ကိုးကန့်တရုတ်လူမျိုးသိပ်မရှိဘဲ တရုတ်ကြီးများသာ ဖြစ်သည်ဟု ကျောင်းသားမိဘ တဦး ကပြောသည်။

လောရှင်းဟန် နှင့် လောရှင်းမင် ညီအစ်ကိုတို့သည် MTA ခေါင်းဆောင် ခွန်ဆာလက်နက်မချ မီကတည်းက နာမည် ကျော် ဘိန်းဘုရင်များဖြစ်ခဲ့ကြသည်။ ၎င်းတို့အား စစ်အစိုးရက အကာအကွယ်ပေး ပြီး ငွေမည်းမှ ငွေဖြူခ၀ါချရန် အေးရှားဝေါလ် ကုမ္မဏီ တည်ထောင်ခွင့်ပေးခဲ့သည်။ အာရှတိုက်၏ အမှတ် ၁၄ လမ်းမ မန္တလေး - လားရှိုး - မူဆယ် မှ တရုတ်ပြည်ရွှေလီသို့ ဆက်သွယ်သည့်လမ်းကိုလည်း အေးရှားဝေါလ် ကုမ္မဏီတာဝန်ယူ တည် ဆောက်၍ လမ်းခွန်များ စောင့်ကြပ်ကောက်ယူဆဲဖြစ်သည်။

No comments: