Friday, October 22, 2010

မိမိကျေးရွာဝန်းကျင်အနီးတိုက်ပွဲဖြစ်လျှင် တရွာလုံးအရေးယူခံရမည် ဟု နအဖဗျူဟာမှူးပြော

မွေခေါဝ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း သျှမ်းတပ်နှင့်တိုက်၍သေပြီးနောက်ပိုင်း ရွာဝန်းကျင်၌ သေနတ် သံကြားလျှင် သက်ဆိုင်သည့်ရွာအားအရေးယူမည်ဟု ပုံပါကျင်ဗျူဟာမှူးညွှန်ကြားထားကြောင်း နယ်စပ် သတင်းများအရသိရှိရပါသည်။

မဲ့ကဲန်းဘက်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးတဲ့နောက် သေနတ်သံကြားရတဲ့ပတ်ဝန်းကျင်ရွာတွေကို အရေး ယူမယ်လို့ မနေ့က ပုံပါကျင်ဗျူဟာမှူးက ညွှန်ကြားတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

အိမ်ခြံဝင်းများလည်း အ၀င်/ အထွက်တစ်ပေါက်တည်းရှိသည့် ခြံစည်းရိုးကာထားရှိရမည်ဟု ညွှန်ကြားထားကြောင်း ၎င်းက ဤကဲ့သို့ဆက်ပြောပါသည်။

“ခြံဝင်းတွေ အ၀င်/ အထွက်တစ်ပေါက်ဘဲ ထားရမယ်။ အပေါက်ဖြစ်နေတဲ့ခြံစည်းရိုးတွေလဲ ပြင်ခိုင်းတယ်။ တစ်အိမ်နဲ့တစ် အိမ် ခြုံစည်းရိုးမပေါက်ရဘူး။ လုံလုံခြုံခြုံခတ်ရမယ်တဲ့”

ပြည်သူ့စစ်နှင့်ရွာသားအား လမ်းတံတားများ၌စောင့်ကြပ်ခိုင်းပြီး သတင်းထူးလျှင် နီးစပ်သည့်စစ်တပ်ထံ အချိန်မှီပေးပို့ရန် လည်း ညွှန်ကြားထားသည်ဟုဆို၏။

အောက်တိုဘာ ၁၉ ရက် မိုင်းတုံအခြေစိုက် ခမရ ၅၁၉၊ ခလရ ၂၇၇ နှစ်တပ်နှင့် SSA တောင်ပိုင်းအကြား၊ အောက်တိုဘာ ၂၀ ရက် မိုင်းတုံအခြေစိုက် ခလရ ၆၅ နှင့် တောင်ပိုင်း ၀ တပ်ဖွဲ့အကြား တိုက်ပွဲနှစ် ကြိမ်ဖြစ်ပွါးခဲ့သည်ဟု ပုံပါကျင်ဒေသခံ တစ်ဦးက ပြောပါသည်။

“ခမရ ၅၁၉ နဲ့ ခလရ ၂၇၇ နှစ်တပ်ပေါင်းပြီး SSA တောင်ပိုင်းနဲ့တိုက်ပွဲဖြစ်တာက မဲ့ကဲန်းအနောက်ဘက် ၂ မိုင်လောက်ဝေး တဲ့ လွယ်နောက်တောင်အဆင်းမှာ။ မိနစ် ၂၀ လောက်ကြာတယ်။ နအဖတပ်နှစ်တပ်စလုံး တစ်ယောက်စီကျဆုံးပြီး ခမရ ၅၁၉ က ၆ ယောက်၊ ခလရ ၂၇၇ က ၄ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်ကတော့တပ်ဆုတ်သွားတယ်။ ခလရ ၆၅ နဲ့ ၁၀၀၇ နယ်ခြားစောင့်တပ်တို့ ကင်းလှည့်တော့ မဲ့ကဲန်းအရှေ့ဘက် ၀ တပ်နဲ့တိုးမိပြီး တိုက်ပွဲဖြစ်တာ။ လားဟူတစ်ယောက်၊ ၀ နှစ်ယောက်ကျဆုံးတယ်”

ကင်းလှည့်လည်နေသော ခလရ ၆၅ နှင့် နယ်ခြားစောင့်တပ်ပူးပေါင်းစစ်ကြောင်းတို့ ဟွေအော့အရှေ့ဘက် လွယ်ဖာဖိန့်၌ တပ်စခန်းချထားပြီး လီစူးရွာသူရွာသားများက နအဖတပ်အတွက်တောင်ပေါ်ရေထမ်းပို့နေ ရကြောင်း သိရှိရသည်။

No comments: