Saturday, October 30, 2010

သျှမ်းတပ်သတင်းကြောင့် ကျေးလက်လူထုရွာပြင်ထွက်လျှင် အပစ်ခံရမည်ဟု နအဖတပ် ခြိမ်းခြောက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်က မိုင်တုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း တပ်သားသစ် စုဆောင်းရေးအတွက် ဒေသခံအား ၀င်ခေါ်သည့်သတင်း ထွက်ပြီးနောက်ပိုင်း ဒေသခံ နအဖ စစ်တပ်က လူထုအား ရွာပြင်မထွက်ရ၊ အိမ်ပြင်မထွက်ရ ကာဖျူး နေ၀င်မီးငြိမ်းအမိန့်ချထားသဖြင့် အခက်ကြုံ နေကြရကြောင်း ထိုင်းနယ်စပ် ရောက် မိုင်းတုံဒေသခံတဦးကပြောသည်။

“ယာခင်းတွေသွားမကြည့်ရ။ နေ့ခင်းပိုင်းလဲ ရွာပြင်မထွက်ရ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အိမ်ပြင်မထွက်ရလို့ အမိန့်ထုတ် ထားတယ်။ ယာစပါးတွေလဲ ရိတ်ချိန်တန်ပြီ။ နှမ်းတွေလဲ တချို့ဆို သီးကွဲနေပြီ။ သွားယူလို့မရဘူး” ဟု ပြောသည်။

ရွာပြင်မထွက်ရအမိန့် မလိုက်နာဘဲ နယ်လှည့်စစ်ကြောင်းနှင့် ပက်ပင်းတိုးမိပါက အပစ်ခံရမည်ဟုဆိုသဖြင့် ဒေသခံများ အခက်တွေ့ နေရ၏။ ထို့ပြင် ပုံပါကျင်မြို့နယ်ခွဲ ၅ ရပ်ကွက်စလုံးအား သျှမ်းသူပုန် များသတင်း တနေ့ ၃ ကြိမ် ဗျူဟာရုံး သို့သတင်း ပို့ရမည်ဟုလည်း ဗျူဟာမှူးက အမိန့်ထုတ်ထားသည်။

“သျှမ်းသူပုန်သတင်းက ရှိရှိ မရှိရှိ မနက် နေ့လည် ညနေ တနေ့ ၃ ကြိမ် ပို့ကိုပို့ရမယ်တဲ့” - ဟု မိုင်းတုံ ၀မ့်မိုင်ရပ်ကွက် သားများ ပြောပြသည်။

ယခုလ ၁၆ ရက် မိုင်းတုံမြို့နယ် ၀မ့်မိုင်ရပ်ကွက် ဖယောင်းတိုင်တထောင် မီးပူဇော်ပွဲ၌ သျှမ်းတပ်ဖွဲ့က ဒေသခံ ၂၅ ယောက် အား ဖမ်းဆီးခေါ်ဆောင် သွားရာ အရပ်ဝတ် နအဖ စစ်သား ၅ ယောက်ပါ ပါသွားသည်ဟုလည်း အဖမ်းခံရသည့် မိသားစုဝင် တဦးက ပြန်လည် ပြောပြသည်။

“အဲ့ နောက်ပိုင်း လူငယ်တွေက ကြောက်လို့ တချို့လဲ ခမရ ၂၂၅ နဲ့ ၂၂၇ တပ်ထဲသွားအိပ်တာ။ တပ်ရင်းမှူး က သူတို့ကို - ကြောက်ရင် ပြည်သူ့စစ်လုပ်။ သေနတ်ထုတ်ပေးမယ်။ သျှမ်းတပ်ဖွဲ့ကိုသွားပစ်ပေါ့ လို့ပြော တော့ အဲ့လူငယ်တချို့လဲ ချက် ချင်းအိမ်ထပြန် တယ်ဆိုဘဲ” ဟု ၄င်းကဆက်ပြောသည်။

ယခုလ ၁၂ ရက် ပုံပါကျင်ဗျူဟာမှူး မိုင်းတုံသို့ရောက်နေစဉ်ပုံပါကျင်၌ သျှမ်းပြည်တပ်မတော်က တပ်သား သစ်စုစောင်း ခဲ့ပြီး ၁၆ ရက် ပုံပါကျင်သို့ ဗျူဟာမှူးပြန်လည်ရောက်ရှိသော် မိုင်းတုံ မီးပူဇော်ပွဲ၌ ၀မ့်မိုင် ဒေသခံများ သျှမ်းစစ်သားထပ် သွားကောက် ခြင်းဖြစ်၏။ ဘီဘီစီသတင်းဌာနမှ ထိုအကြောင်း အသေးစိတ်သတင်း ထုတ်လွှင့်ချက်ကို ဗျူဟာမှူးသိသွား သဖြင့် ဒေါသပေါက်ကွဲကာ သျှမ်းသူပုန်များလှုပ်ရှားမှုစောင့်ကြည့်ရန် ထိုကဲ့သို့ ကာဖျူးအမိန့် ချလိုက်ခြင်းဖြစ်သည်ဟု ကြားသိရသည်။

No comments: