Friday, October 22, 2010

မြစ်ကြီးနားတွင် ရွေးကောက်ပွဲ ဆန့်ကျင်စာရွက် ကပ်ခဲ့

KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ပြည်သူများ ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာသားများ အောက်တိုဘာ ၂၀ရက် ယနေ့နံနက်တွင် လိုက်လံကပ်ထားသည်ကို အာဏာပိုင်များမှ ဖြုတ်ယူသွားခဲ့သည်။

အေ ၄ (A-4) စာရွက် (၅၀)ခန့်ရှိပြီး နိုဝင်ဘာလ ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စာသားများနှင့် ရွေးကောက်ပွဲ မလိုလား ကြက်ခြေခတ်ပါရှိကြောင်း မြင်တွေ့ခဲ့ရသူတစ်ဦးပြောသည်။

“ရွေးကောက်ပွဲမလိုလား ကြက်ခြေခတ်ပေါ့နော် ၂၀၁၀ လုံးဝမလိုလားတဲ့သဘောပေါ့နော ဒါသူတို့ တာဝန်ရှိတဲ့သူ၊ သက်ဆိုင်ရာက တစ်ခါထဲ ဖြုတ်လိုက်တာပေါ့။ နည်းနည်းပေါ့။ အရပ်ဝတ်စုံပဲ ၀တ်ပါတယ်။ အရပ်ဝတ်စုံနဲ့ပေါ့ ဒီမျိုးလာဖြုတ်သွားတယ်။ ထင်ရတာတော့ ဒီရဲတွေပေါ့။ ဒီ ဌာနဆိုင်ရာပေါ့နည်းနည်း ဒီ တာဝန်ရှိတဲ့လူတွေပေါ့။” ဟု မြင်တွေ့ခဲ့ရသည့် ဒေသခံမှ ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက် အစောင် ၅၀လောက်ကို ကဒ်ထူဖြင့် ကပ်ထားပြီး လာမည့် ရွေးကောက်ပွဲအား အလိုမရှိကြောင်း၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဟန့်တားသွားမည် ဖြစ်သောကြောင့် ကပ်ရခြင်းဖြစ်သည်ဟု ပါဝင်လှုပ်ရှားသူတစ်ဦးပြောသည်။

“ကျနော်တို့ ဒီကပ်တာတော့ဒီ ပထမဆုံးလို့ပြောလို့ရတာပေါ့နော်။ များသောအားဖြင့် ကျတော်တို့ဒီ ၂၀၁၀ ရွေးကောက်ပွဲက သူတို့က ဘာပဲဖြစ်ဖြစ်ပေါ့ကွာ ဒီ တရားမျှတမှုမရှိဘူးဆိုတာ အများပြည်သူအားလုံးလဲ သိကြပြီးသားလဲဖြစ်ပါတယ။် ဒါကိုစိုးရိမ်တယ်ဆိုပေမယ့်လည်း ကြောက်ကြောက်နဲ့လုပ်နေရတာ။” ဟု ပါဝင်လှုပ်ရှားသူမှ ပြောသည်။

၎င်းသို့ ဆန့်ကျင်သည့် စာရွက်လိုက်ကပ်သည့် လူငယ်တွေအနေနဲ့ ပြည်သူတွေ ရွေးကောက်ပွဲအား စိတ်ဝင်စားမှုမရှိကြောင်း၊ အလိုမရှိကြောင်း ပြောပြခြင်း သက်သက်သာဖြစ်သည်ဟု လှုပ်ရှားသူမှပြောသည်။

“ကျွန်တော်တို့ဟာလည်း မကြိုက်ပါဘူး. ကျွန်တော်တို့လုံးဝ မကြိုက်တဲ့လူရှိပါတယ်ဆိုတဲ့ဟာကိုပေါ့ ကျွန်တော်တို့ပြချင်တဲ့အနေနဲ့ ပြောပြခြင်းဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကရယ်လို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီပြည်သူလူထုတစ်ယောက်အနေနဲ့ပေါ့နော်။ ဒီလှုပ်ရှားမှုလူငယ်တွေ လုပ်သွားတာပါ။ ပြည်သူလူထုလှုပ်ရှားမှုလို့ပြောလို့ရပါတယ်။” ဟု လှုပ်ရှားသူ လူငယ်မှ ဆက်ပြောသည်။

ယခုလို လှုပ်ရှားမှုတွေကို ပြီးခဲ့သည့်အကြိမ်တိုင်း ကချင်ကျောင်းသားများသမဂ္ဂ (All Kachin Students’ Union, AKSU) မှ ဦးဆောင်ခဲ့သော်လည်း ယနေ့ လှုပ်ရှားမှုသည် ခေါင်းဆောင်မပါ လူငယ်များသာလုပ်ရှားခြင်း ဖြစ်ကြောင်း သိရသည်။

No comments: