Monday, October 25, 2010

KIO လိုင်ဇာ ဈေးကြီးမီးလောင်ပျက်စီး

KNG

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ် လိုင်ဇာမြို့ရှိ အမှတ်(၁) ဈေးကြီးတွေ ယမန်နေ့ည သန်းခေါင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးကြီးတစ်ခုလုံးပါသွားခဲ့သည်ဟု အရပ်ဖက်အုပ်ချုပ်ရေး (ကယ်ဆယ်ရေး ကော်မတီမှ တာဝန်ခံ) ဗိုလ်မှူး နော်အောင် ပြောသည်။

လိုင်ဇာအမှတ် (၁) ဈေးကြီး ဆိုင်ခန်းနံပါတ် C-7 မှ တရုတ် အမျိုးသား၊ အမျိုးသမီး အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းတန်းမှ စလောင်ခြင်းဖြစ်ကာ “လျှပ်စစ်ကြောင့်လဲ မဟုတ်ဘူး၊ ဘယ်လိုလောင်တယ်ဆိုတာ ကျတော်တို့ စစ်ဆေးနေဆဲပါ” ဟု ဗိုလ်မှူးမှ ပြောသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၆ခန်း၊ အိမ် ၉အိမ်နှင့် ရပ်ကွက် ကော်မတီရုံး မီးလောင်ကျွမ်းသွားခြင်းဖြစ်သည်။

ပစ္စည်းတန်ဖိုး မြန်မာကျပ်ငွေ သိန်း၄၀၀၀ကျော်ခန့်၊ တရုတ်ငွေ သီးသန့် (၃၅သိန်း) ဆုံးရှုံးသွားတယ်လို့ လိုင်ဇာတွင် ရောက်ရှိနေသည့် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်ဝါပြောသည်။

“ဆုံးရှုံးမှုတွေတော့ရှိတယ် တစ်ဆိုင်ထဲမှာကို မန္တလေးစတိုးဆိုင်အတွင်းမှာကို သိန်း ၂၀၀၀ ၀န်းကျင်လောက်ဆုံးရှုံးမှုရှိတယ်။ တချို့ကပုံမှန်အ၀တ်အထည်ဈေးတန်းနဲ့ နောက် အလှကုန်ပစ္စည်းဆိုင်တွေပဲ။ တချို့ကရွှေဆိုင်တွေ နောက်ပြီးမှ အဖိုးတန် နာရီဆိုင်တွေ ရှိလို့လေ။” ဟု ဗိုလ်မှူးနော်အောင်မှ ဆက်ပြောသည်။

မီးစတင်လောင်သည့် တရားခံဟု ယူဆရသော ဆိုင်ခန်းပိုင်ရှင် တရုတ် လင်မယား နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်ဖြစ်၍ လိုက်လံဖမ်းဆီးရန် တရုတ်အစိုးရထံအကူအညီတောင်းခံထားကြောင်း ဗိုလ်မှူးမှ ပြောသည်။

မီးလောင်မှုအတွင်း သေဆုံးမှု၊ မီးလောင်ဒဏ်ရာရမှု မရှိသော်လည်း ကြောက်လန့်တကြား ဈေးအနီး အိမ်မှ ခုန်းဆင်းမှုကြောင့် နှစ်ယောက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“ကေအိုင်အေ ဒီလိုင်ဇာမြို့က မီးသတ်အဖွဲ့ရှိပါတယ်၊ မီးသတ်ဌာန ရှိပါတယ်၊ အဲသူတို့အဖွဲ့ မီးသတ်ကားနှစ်စင်းနဲ့တော့ မီးငြိမ်းရှာပါတယ်၊ တစီးက အလုပ်မဖြစ်တော့ဘူး၊ တစ်စီးနဲ့ပဲ ခေါက်တုန့်ခေါက်ပြန် မီးက အရှိန်ကောင်းတော့ ဘယ်လိုနည်းမှ မီးငြိမ်းသတ်လို့မရဖြစ်နေခဲ့ပါတယ်၊ မနက် ၅နာရီမှ ငြိမ်းသွားတယ်လို့ ပြောလို့ရတယ်” ဟု မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးပြောသည်။

ယင်းမီးလောင်မှုဖြစ်ပွားနေချိန်အတွင်း ကယ်ဆယ်ရေးကော်မတီ ချက်ချင်းဖွဲ့ကာ KIO ဗဟိုကော်မတီမှ သိန်းတစ်ထောင်ချပေးပြီး လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းစလုပ်နေခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီမှ ပြောသည်။

“နီးစပ်ရာတရုတ်မြို့တွေမှာလည်း အကြောင်းကြားအကူအညီတောင်းထားတယ်။ KIA (ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) တပ်မတော်သားတွေနဲ့ အလှူဒါနကူညီဖို့ရာ သူတို့ စီစဉ်ထားတယ်။ နောက်မှ ပြည်သူုတွေအားလုံးကို ဒီဟာ မီးလောင်တဲ့အခက်အခဲကို ကူညီဖို့ရန်သူတို့ စီစဉ်နေတယ်။” ဟု ဗိုလ်မှူး နော်အောင်မှ ပြောသည်။

မီးလောင်မှုတွင် ပါသွားသော ဆိုင်ခန်းပိုင်ရှင်များအား အထက်တန်းကျောင်း၊ ခရစ်ယာန်နှစ်ခြင်း အသင်းတော်ကျောင်းတွင် နေရာ ချထားကြောင်း ဒေသခံများမှ သိရသည်။

၎င်းဈေးကြီးသည် ၁၉၉၄ခုနှစ် မြန်မာစစ်တပ်နှင့် ကေအိုင်အိုနှစ်ဖက်ကြား ငြိမ်းချမ်းရေးယူထားသည့်နောက်ပိုင်းမှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

No comments: