Tuesday, October 26, 2010

သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ ကျားဖြူနှင့် အခြားပါတီ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိ

သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲအတွင်း၌ ကျားဖြူပါတီနှင့် တခြားနိုင်ငံရေးပါတီများ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ဒေသမှာ ကြံဖွတ်ရှိမယ်၊ တစညတော့ အဲလောက်မကောင်းဘူး၊ နောက်ပြီး လားဟူပါတီလဲ ရှိသေးတယ်၊ အစ တုန်းကတော့ ကြံဖွတ်အားသာမလိုလိုနဲ့ အခုတော့ ကျားဖြူပါတီကိုဘဲ လူငယ်တွေ စိတ်ဝင်စားလာတယ်။ ရွေးကောက်ပွဲ လဲ ၁၂ ရက်ဘဲလိုတော့တယ်ဆိုတော့ ဘယ်ပါတီအားကောင်းမလဲဆိုတာ သိသာလာတယ်၊ ကြံ့ဖွတ်အတွက်လဲ အကြိတ် အနယ်ယှဉ်ပြိုင်ရလိမ့်မယ်” - ခေတ် ပညာတတ်လူငယ်တဦးကပြောပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မဲဆန္ဒနယ်အမှတ် ၇ အမျိုးသားလွှတ်တော် အမတ်လောင်း၏ စည်းရုံးဟော ပြောမှု ကောင်းသဖြင့် ပုံပါကျင်လူငယ်အများအပြားသျှမ်းပါတီအား ပြန်လည်စိတ်ဝင်စား နားလည်လာကြောင်း စုံစမ်းသိရှိရ သည်။

“ကျနော်တို့ ကျားဖြူပါတီက ၂၃-၂၄ ရက်က စပြီး ပုံပါကျင်ဘက် စည်းရုံးရေးပြန်ဆင်း နေပြီ။ စစ်သားကောက်မှုပြသနာ ဖြစ်ပြီးနောက်ပိုင်း အခုစည်းရုံးရေးပြန်ဆင်းတော့ လူတွေတော်တော်များများပြန်ပြီး စိတ် ၀င်စားနားလည်လာတယ်။ ကျနော် တို့လဲပိုပြီးအားတက်တယ်” ဟု စည်းရုံးရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြော၏။

အောက်တိုဘာလကုန်နောက်ဆုံးထား စည်းရုံးရေးအပြီး လုပ်ရမည်ဟုဆိုသဖြင့် အလျင်မီရန်လုပ်နေရကြောင်းစည်းရုံးရေး လုံးဝရပ်နားထားပါကလည်း ရွေးကောက်ပွဲ ဥပဒေ ညှိစွန်းရာရောက်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြော၏။

“အစကတည်းက ပုံပါကျင်မှာ ကျားဖြူကိုဘဲ ထောက်ခံအားပေးတယ်လေ။ အခုလဲ လူငယ်တွေ ပြန်ပြီး နားလည်လာတော့ ကြံ့ဖွတ်တို့၊ စပါးနှံတို့ဆိုတာ ၀င်နိုင်မယ့်ပုံ မရှိတော့ဘူး” - ကျားဖြူပါတီကိုထောက်ခံသော ပုံပါကျင်မှ အစိုးရ၀န်ထမ်း တဦး က ပြောသည်။

ယခုလ ၁၆ ရက် သျှမ်းပြည်တပ်မတော်တောင်ပိုင်းက ပုံပါကျင်ဒေသခံများအား စစ်သား သစ်ကောက်ယူ စုဆောင်းမှုကိစ္စ ဖြစ်ပွါးပြီးနောက်ပိုင်း ကျားဖြူပါတီက စည်းရုံးရေးပြန်ဆင်းခြင်းဖြစ်သည်။

၁၄ ရက်နေ့ကလည်း မိုင်းတုံမြို့နယ် USDP ဥက္ကဌ ဦးစိုင်းအောင်ကြည်၏ ဇာတိ မဲ့ကဲန်း သို့ ကျားဖြူပါတီ စည်းရုံးရေး အဖွဲ့ ၀င်ရောက်စည်းရုံးရာ သျှမ်းလူဦးရေများသော ထိုဒေသ၌၄င်းတို့အဖွဲ့အား အားတက် သရောကြိုဆိုအားပေးကြောင်း၊ အကျဉ်း ချုံး အနည်းငယ်သာ ဟောပြောခဲ့ရသော်လည်း ဒေသခံလူထုတို့နားလည်လွယ်ကြောင်း အဆိုပါ စည်းရုံးရေးအဖွဲ့ ၀င်တဦးက ပြောသည်။

“နန်းငွေမြက စည်းရုံးရေးမှာ အားတက်သရောရှိတယ်။ ဖြစ်နိုင်တာတွေဘဲပြောသွားတော့ မလွန်ဆန်နိုင်လို့ ကြံ့ဖွတ်ပါတီ ကိုဘဲ မဲပေးကြမယ့် လူငယ် လူထုတွေ ကျားဖြူပါတီဘက် ပြန်ပြီးယိမ်းယိုင်လာကြတယ်”-ဟု ပုံပါကျင်ဒေသခံလူလတ်ပိုင်း အမျိုး သမီးတဦးကပြော၏။

“၂၈ ရက်နေ့ကျရင် မိုးတုံ မိုင်းဆတ်ဘက်ထပ်သွားဦးမယ်။ ပုံပါကျင်က လားဟူဒေသခံတချို့ကတောင် ကျားဖြူပါတီကို ထောက်ခံအားပေးကြတယ်။ ပြည်သူ့စစ်တပ်ဆောက်ဖို့အညာအကြေကလာတဲ့ ဗမာအလုပ် သမား ၁၅၀ ကျော်တောင်မှ ကျားဖြူပါတီကို စိတ်ဝင်စားအားပေးကြတာ။ သူတို့တွေဟာ ဧည့်သည်တွေဆို ပေမယ့်လဲ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဆီ နာမည်စာရင်းသွားပေးရင် မဲပေးလို့ရတယ်လေ”- ဟု ၄င်းက ရှင်းပြသည်။

အောက်တိုဘာ ၁၆ ရက် မိုင်းတုံမြို့နယ် နှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း သျှမ်းပြည်တပ်မတော်တောင်ပိုင်းက တပ်သားသစ် အဓမ္မကောက်ယူစုဆောင်းသည့်သတင်း ဘီဘီစီမှထုတ်လွှင့်ပြီးနောက်ပိုင်း သျှမ်းပါတီ သျှမ်းအဖွဲ့အစည်းအပေါ် အထင် အမြင် လွှဲနေသည့်လူထုက ကျားဖြူပါတီစည်းရုံးရေးကိုပါ လက်မခံသောကြောင့် ဆိုက်ဆင်းခရီးစဉ်ရပ်နားထားရာမှ ယခုလ ၂၃ နှင့် ၂၄ ရက် နေ့တွင် စည်းရုံးရေးခရီး ပြည်လည်စတင်ခဲ့ခြင်းဖြစ်သည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ၊ ကြံ့ဖွတ်ပါတီဟု လူသိများသည့် ပြည်ခိုင်ဖြိုးပါတီ နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ဖြစ်ပါသည်။

No comments: