Friday, October 29, 2010

အထူးအယူခံက ဥပဒေစိုးမိုးမှုကို သက်သေပြရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဝီရ / ၂၉ အောက်တိုဘာ ၂၀၁၀

ယနေ့ အပြီးသတ်လျှောက်လဲချက်ပေးသည့် ၎င်း၏အထူးအယူခံသည် မြန်မာနိုင်ငံတရားရုံး၏ ဥပဒေစိုးမိုးမှု မည်မျှရှိကြောင်း သက်သေပြရန် ဥပမာကောင်းတရပ် ဖြစ်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ နိုင်မနိုင် ဆိုတာက ဒီအထူးအယူခံဟာ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လောက်ရှိသလဲ၊ အဲဒီ ဥပဒေစိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ သက်သေပြဖို့ ဖြစ်တယ်။ တကယ်လို့ တရားဥပဒေ စိုးမိုးမှုရှိရင် နိုင်မှာပေါ့။ တရားသေ လွှတ်ပေးရမယ်ပေါ့။ ဒါကြောင့် တရားရုံးက ဘယ်လိုအမိန့်ချမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြည့်ရမယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်နှင့်ပတ်သက်၍ အောက်တိုဘာ (၂၉) ရက်နေ့ နံနက် (၁၀) နာရီမှစ၍ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ (၅) ဦးထိုင် တရားသူကြီး ရှေ့မှောက်တွင် နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ကြားနာခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် ၁၉၇၄ ခုနှစ် ဥပဒေပါ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

ချမှတ်ထားသည့် အဆိုပါပြစ်ဒဏ်သည် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဖျက်သိမ်းကြောင်း လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ ဥပဒေကြောင်းအရ လွဲချော်နေသဖြင့် ပြင်ဆင်ပေးရန် ယနေ့ နောက်ဆုံးအဆင့် လျှောက်လဲခဲ့ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“အမိန့်ချဖို့ သာမန်အားဖြင့် အနည်းဆုံး (၁) ပတ် ကြာတတ်ပါတယ်။ အခုလည်း ဘယ်နေ့ အမိန့်ချမလဲဆိုတာ သေချာ မသိသေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် (၁၈) လသက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့၌ ကုန်ဆုံးမည် ဖြစ်ပြီး အဆိုပါ လွတ်မြောက်ရက်သည် ရွေးကောက်ပွဲ ကျင်းပရက်နောက်ပိုင်း (၆) ရက်အကြာတွင် ဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “အခု အယူခံဝင်တာက တရားလမ်းကြောင်းအရ အသက်မရှိတော့တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ပေးတာကို ထောက်ပြတာ ဖြစ်တယ်။ ကျနော်တို့ဘက်က အနိုင်ရရင် မြန်မာပြည်အတွက် နိုင်ငံတော် တရားရုံးက တရားဥပဒေအတိုင်း လိုက်နာမှုရှိတဲ့ ဥပမာကောင်းတခု ဖြစ်မှာပါ” ဟု ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက်ပိုင်း ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ နောက်ဆုံးအဆင့် လျှောက်လဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားရာမှ ရှေ့လအတွင်း ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာစီယံ) ထိပ်သီးညီလာခံ တက်ရောက်နေသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာသီ နတ်တလီဂါဝါက ပြောဆိုခဲ့သည်။

No comments: