Friday, October 22, 2010

နိုင်ငံတော်အလံသစ်များ စတင်သုံးပြီ

သျှမ်းသံတော်ဆင့်

၂၀၀၈ ဖွဲ့စည်းပုံက သတ်မှတ်လိုက်သည့် မြန်မာနိုင်ငံတော်အလံနှင့် အထိမ်းအမှတ်တံဆိပ်များကို နိုင်ငံတစ်ဝန်းလုံးရှိ စစ်အ စိုးရရုံးများတွင် မနေ့ညနေ ၃ နာရီတွင် စတင်အသုံးပြုလိုက်ပြီ ဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က နိုင်ငံတော် အလံဟောင်းကို ဖြုတ်ချ၍ ယခု အလံသစ်ဖြင့် အစားထိုး လိုက်ပြီး အလံနှင့်တံဆိပ်အဟောင်းများအား ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ဋ္ဌာနဆိုင်ရာ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

အလံနဲ့ တံဆိပ်အသစ်တွေကို တစ်နိုင်ငံလုံးမနေ့ကညနေ ၃ နာရီမှာစသုံးတယ်။ အခုစသုံးနေပြီ နိုင်ငံတော် သီချင်းတော့ မပါသေးဘူး အဟောင်းတွေကိုတော့ ဖျက်ဆီးမယ်”- ဟု သူက ပြောသည်။

တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့အလယ်ဂိတ်ပေါက်ရှိ ယခင်အလံဟောင်းကို ၀န်ထမ်းများက ဖြုတ်ချ၍ အလံသစ် တင်နေသည်ကို ဒေသခံများ မြင်တွေ့လိုက်ရသည်။

ယခုအလံသစ်သည် အ၀ါရောင် အစိမ်းရောင် အနီရောင် စသည့် အရောင် ၃ မျိုးခြယ်ထားပြီး အလယ်ဗဟို တွင်ကြယ်ဖြူ တစ်လုံးပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၃ တွင် နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် နေပြည်တော်ကို မြို့ တော်သစ်အဖြစ်သတ်မှတ်ရန် ပြဋ္ဌာန်းထားသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်၍ ဧရာဝတီတိုင်းအတွင်း လူပေါင်း ၁ သိန်းခွဲကျော် အသက်ဆုံးရှုံးချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တစ်ဘက်သတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

No comments: