Sunday, October 24, 2010

ဒုက္ခသည်များအား မြန်မာနိုင်ငံ ပြန်ပို့မည်မဟုတ်

ရဲရင့်

မြန်မာဒုက္ခသည်များအား လုံခြုံစိတ်ချရမှုမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့မည်မဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ်ဖိရုန်းက ပြောကြားသည်။

နိုင်ကဆစ်ဖိရုန်းက “ထိုင်းနိုင်ငံကနေ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မယ်လို့ သတင်းတွေထွက်နေတာက ကောလာဟလတွေပါ၊ တည်ငြိမ်အေးချမ်းမှု လုံခြုံစိတ်ချရမှုမရှိဘဲ ထိုင်းအစိုးရက ပြန်ပို့မှာမဟုတ်ဘူး” ဟု မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ပြောကြားခြင်းဖြစ်သည်။

ယခုလ (၃) ရက်နေ့က အမေရိကန်နိုင်ငံ နယူးယော့ခ်တွင်ပြုလုပ်သည့် အေရှားဆိုဆိုင်တီ ဖိုရမ်တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ်ဖိရုန်းက မြန်မာနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲပြီးလျှင် မြန်မာဒုက္ခသည်များအား နေရပ်ရင်းပြန်ပို့မည်ဟု ပြောကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ မြန်မာဒုက္ခစခန်းသို့ လာရောက် လေ့လာကာ ပြောဆိုခြင်းဖြစ်သည်ဟု သိရသည်။

မယ်လစခန်း ဥက္ကဌ မန်းထွန်းထွန်းက “ထိုင်းဝန်ကြီးနဲ့ ကျနော်တို့ စခန်းတာဝန်ရှိသူတွေ ဒီနေ့ မယ်လစခန်းမှာ ဆွေးနွေးကြတယ်။ ၀န်ကြီးက လုံခြုံစိတ်ချရမှုမရှိတဲ့အပြင် ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့မှာ မဟုတ်ဘူးလို့ပြောတယ်၊ ၀န်ကြီးက ကျနော်တို့အမြင်နဲ့ သူ့တို့အမြင်တူတယ်လို့လည်း ပြောပါတယ်”ဟုဆိုသည်။

နအဖ၏ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသကဲ့သို့ လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း၊ ဒုက္ခသည်များသည် အိမ်ပြန်ချင်ကြသော်လည်း လက်ရှိအနေအထားအရ ပြန်၍မရနိုင်သေးသည့်အကြောင်းကိုလည်း ဒုက္ခသည်များ၏ကိုယ်စား ၀န်ကြီးကို တင်ပြခဲ့သည်ဟု မန်းထွန်းထွန်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက တရားမျှတသည့်ပွဲဟု မမြင်ကြောင်း၊ ဒီမိုကရေစီစနစ်အတွက် ပဏာမခြေလှမ်းမျှသာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀န်ကြီးက ပြန်လည် ပြောကြားသွားသည်ဟု သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲ (၂) နာရီခွဲ၌ မယ်လစခန်းသို့ ရောက်ရှိလာပြီး ဒုက္ခသည်စခန်း တာဝန်ရှိသူများ၊ အစိုးရမဟုတ်သည့်အဖွဲ့များနှင့် လာရောက်တွေ့ဆုံပြီး စခန်းရှိကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

No comments: