Friday, October 22, 2010

ဒု ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့် ကချင်တွင် ကြံ့ဖွံ့အတွက် စည်းရုံး

နရီလင်းလက် Friday, October 22, 2010

မြောက်ပိုင်း တိုင်းမှူးဟောင်းနှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ မှူး) ဖြစ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့်သည် ကချင်ပြည်နယ် ဖားကန့် မြို့နှင့် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) အတွက် ငွေကြေးထောက်ပံ့၍ မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြောင်း သိရသည်။

“မြို့ပေါ်ရော၊ နီးစပ်ရာရွာတွေမှာ ဒေသခံတွေကို ပြောလို့ရမယ့် ရွာလူကြီးတွေ ၊ ရပ်ကွက်လူကြီးတွေကို ငွေထောက်ပံ့ ပေး ထားလိုက်တယ်။ ဥပမာ- ရွာလူကြီး တယောက်ကို ၃-၄ သောင်းပေးလိုက်တယ်။ အဲဒီလူက ကြံ့ဖွံ့ပါတီကို မဲထည့်ပြီးသား ဖြစ်သွားတယ်”ဟု မြစ်ကြီးနားမြို့ရှိ ကြံ့ဖွံ့ပါတီဝင် တဦးက ပြောသည်။

ဒု ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့်သည် ကြံ့ဖွံ့ပါတီမှ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားပြု၍ ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်သောကြောင့် ယခုကဲ့သို့ စည်းရေးများ ပြုလုပ်နေခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

စည်းရုံးရေးပြုလုပ်သည့် နေရာတွင် ဒေသခံများကို ငွေပေး၍ စည်းရုံးခြင်း၊ ဟိုတယ်များတွင် ခေါ်၍ အစားအသောက် ကျွေး မွေးပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ရန် စည်းရုံးခြင်းများ ပြုလုပ်ကြောင်း ဖားကန့် ဒေသခံ တဦးက ပြောသည်။

“အဓိက ဒီနယ်တွေ စည်းရုံးရေးဆင်းတဲ့ နေရာမှာ ငွေကြေးအင်အားကို များများသုံးပြီး စည်းရုံးတာပေါ့။ ကျောက်စိမ်း ထွက်တဲ့ နေရာလည်းဖြစ်တယ် ဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေများတယ်၊ ဒီလူတွေကို စီးပွားရေးလုပ်ကွက် ဘယ်လို ပေးမယ် ဘာညာဆိုပြီး စည်းရုံးတယ်။ ကျောက်တူးသမားတို့လို သာမန်လူတွေကျတော့ ငွေများများပေးပြီး ပါတီထဲ ၀င်ဖို့ စည်းရုံး တယ်”ဟုလည်း ၎င်းက ဆိုသည်။

ဒု ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့်သည် ရွေးကောက်ပွဲဝင်ရန်အတွက် သြဂုတ်လအတွင်းက ရာထူးမှ အနားပေးခံထားရသူဖြစ် သည်။

၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၇) ဆင်းဖြစ်ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ် တာဝန်ဖြင့် ၂ဝဝ၂ ခု၊ ဇူလိုင်မှ ၂ဝဝ၃ ခု၊ သြဂုတ် အထိ ဆောင်ရွက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ တိုင်းမှူး အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့သည်။၂ဝဝ၃ ခုမှ ၂ဝဝ၈ ခု ဇွန်လအထိ မပခတိုင်းမှူး တာဝန်ယူခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်းတို့အား တာဝန် ယူကွပ်ကဲရသည့် ကစထမှူးဖြစ်လာခဲ့ပြီး ယခုနှစ် မေလတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် မကွေးတိုင်းတို့အား ကွပ်ကဲရသည့် ကစထမှူး အဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။

ရာထူးမှ နုတ်ထွက်လိုက်သည့် ဗိုလ်ချုပ်ကြီးဟောင်းများအပြင် ဌာနဆိုင်ရာ ၀န်ကြီးများသည်လည်း သက်ဆိုင်ရာ ပြည်နယ် များတွင် ကြံ့ဖွံ့ပါတီကိုယ်စားပြု၍ အရှိန်အဟုန်မြှင့် စည်းရုံးရေးပြုလုပ်နေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့်ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဦးသိန်းဇော်သည် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်သာသနာပြုကျောင်းများအား ငွေကြေးလှူဒါန်း၍ စည်းရုံးခဲ့ကြောင်း မြစ်ကြီးနား မြို့မှ ဒေသခံတဦးက ပြောပြသည်။

“ဘာသာရေးကိုပါ ခုတုံးလုပ်ပြီး မဲဆွယ်နေတာ။ ပြီးခဲ့တဲ့ အပတ်ကပဲ မြို့ပေါ်က ခရစ်ယာန်ကျောင်းတကျောင်းကို ၀န်ကြီးက ကျပ် သိန်း ၃၀ လှူပြီး ကြံ့ဖွံ့ကို မဲထည့်ဖို့ ပြောတယ်။ အလှူရှင်လည်းဖြစ်တယ် ၊ အာဏာရှိတဲ့ လူလည်းဖြစ်တယ် ဆိုတော့ ကျောင်းက တာဝန်ရှိတဲ့ သူတွေက မဲပေးလိုက်တယ်ပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် ကချင်ပြည်နယ် မိုးမောက်မြို့တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်များပေးကာ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ် စည်းရုံးမှု ပြုလုပ်နေသည်ဟုလည်း ဒေသခံတဦးက ပြောဆိုသည်။

“မိုးမောက်က စီးပွားရေးလုပ်ငန်းရှင်တချို့ဆိုလည်း ကြံ့ဖွံ့အတွက် မဲလိုက်ဆွယ်ပေးနေတာတွေ ရှိတယ်။ တချို့ စီးပွားရေး လုပ်ငန်းရှင်တွေကျတော့ အကျိုးအမြတ် ရမယ်ဆိုတာ သိတော့ မဲဆွယ်ပေးနေတာတွေ ရှိတယ်။ အဲဒီလူတွေ အကုန်လုံးက သစ်လုပ်ငန်းတွေ၊ ကျောက်စိမ်းလုပ်ငန်းတွေ လုပ်ခွင့်ရနေတဲ့ လူတွေ ချည်းပဲ”ဟု အဆိုပါ ဒေသခံက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံများအား CDMA ကျပ် ၅ သိန်းတန် ဖုန်းလိုင်းများချပေးကာ မဲဆွယ် စည်းရုံးမှု ပြုလုပ်နေသည်ဟု တခြားသော မြစ်ကြီးနားမြို့ ဒေသခံ တဦးကလည်း ပြောသည်။

“မြစ်ကြီးနားမြို့ပေါ်မှာနေတဲ့ ရပ်ကွက်လူကြီးလို ပြောလို့ဆိုလို့ ရမယ့် လူတွေကို အဓိကချပေးပြီး ကြံ့ဖွံ့အတွက် မဲဆွယ် ခိုင်း တယ်။ ရပ်ကွက်လူကြီးတွေကတော့ ကြံ့ဖွံ့ကို မဲပေးလိုက်ပြီပေါ့နော်။ အခုလောလောဆယ် မြို့ပေါ်မှာ ချပေးတာ အလုံး ၆၀ လောက်ရှိပြီ။ ထပ်ချပေးဖို့လည်း စာရင်းကောက်သွားတယ်”ဟု သူက ဆိုသည်။

ဝန်ကြီး ဦးသိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားသားဖြစ်ပြီး ကြံ့ဖွံ့ ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံလည်း ဖြစ်သည်။

ယင်းကဲ့သို့ ကြံ့ဖွံ့ပါတီမှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ပိုင်ခွင့် ရနေသော်လည်း၊ ကချင်လူမျိုးများဖွဲ့စည်းထား သည့် ဒေါက်တာ မနန်တူးဂျာ ခေါင်းဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) မှာမူ ပါတီတည်ထောင်ခွင့် မရပေ။

KSPP ပါတီသည် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခွင့်ကို ဧပြီလတွင် လျှောက်ထားခဲ့သော်လည်း သြဂုတ်လ တွင် ပယ်ချခံရသည်။ ပါတီအဖြစ် မှတ်ပုံတင်ခွင့် မရရှိသည့် အတွက် ပါတီဝင်များ တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် အရွေးခံရန် လျှေက်ထားခြင်း ကိုလည်း ထပ်မံ ပယ်ချသောကြောင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။

No comments: