Friday, October 22, 2010

ကော့ကရိတ်တွင် ကြံ့ဖွံ့ ခြိမ်းခြောက် မဲဆွယ်

သန်းထိုက်ဦး Friday, October 22, 2010

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်များက အစိုးရ အာဏာပိုင်များ၏ အကူအညီဖြင့် ပြည်သူများကို တအိမ်ထောင်လျှင် တဦး မတက်မနေရ အစည်းအဝေးခေါ်၍ ခြိမ်းခြောက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ပြည်သူများ ငွေလိုအပ်ပါက အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီကို မဲပေးရမည် ဖြစ်ကြောင်း၊ မဲမပေးပါက နောက်ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း ပြောဆိုခြိမ်းခြောက်၍ မဲဆွယ် စည်းရုံးခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဒေသခံတဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ၁၇ ရက်နေ့အထိ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၅ နှင့် အမှတ် ၆ ရပ်ကွက်ရှိ ဒေသခံ ပြည်သူများကို မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မဲဆွယ်စည်းရုံးသူများမှာ ကြံ့ဖွံ့ပါတီမှ ကော့ကရိတ်မြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးအောင်မြင့်သိန်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းလှမြိုင်တို့ ဖြစ်ကြောင်း၊ ဦးအောင်မြင့်သိန်း၏ အကြောင်းကို မသိရှိရသေးသော်လည်း မန်းလှမြိုင်သည် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်တဦး ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အလားတူပင် ဘားအံမြို့နယ်နှင့် ကျေးရွာများတွင်လည်း အထက်ပါ ၃ ပါတီတို့ အပြိုင်အဆိုင် စည်းရုံးရေးများ ဆင်းနေ ကြောင်း ဖလုံ-စဝေါ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ အပြိုင်အဆိုင် စည်းရုံးရေးဆင်းရာတွင် ကြံ့ဖွံ့ပါတီဝင်များက ဖလုံ-စဝေါ်ပါတီသည် ပါတီသစ် ဖြစ်သောကြောင့် အတွေ့အကြုံမရှိကြောင်း ဒေသခံများကို ပြောဆိုသည်ဟု သိရသည်။

“သူတို့ စကားကိုပဲ အန်ကယ်တို့က ဟုတ်တယ်၊ ပြည်သူတွေကို တခါမှ မလိမ်ဘူး၊ အဲဒါကြောင့်မို့လို့ နိုင်ငံရေး အတွေ့အကြုံ ဆိုတာက အခုမှသာ ပါတီစုံ ဒီမိုကရေစီစနစ် လုပ်ခွင့်ရလို့ ပါတီထူထောင်ခဲ့တာ။ အသစ်စက်စက်ပဲ၊ အသစ်ကို လိုချင်တဲ့ ပြည်သူရဲ့ဆန္ဒအရ အန်ကယ်တို့ ပါတီကိုတော့ ထည့်စဉ်းစားပေါ့။ သူတို့စကားကို ပြန်ပြီးတော့ တုံ့ပြန်လိုက်ရတယ်”ဟု ဦးခင်မောင်မြင့်က ရှင်းပြသည်။

ဖလုံ-စဝေါ်ပါတီ၏ ရုံးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဘားအံမြို့ အမှတ် ၇ ရပ်ကွက် ဘားအံ-ထုံးအိုင်လမ်းရှိ မိုးကယ် ဘုန်းကြီးကျောင်း အနီး၌ မနက်ဖြန် နံနက် ၉ နာရီတွင် ပြုလုပ်ကျင်းပမည်ဟု သိရှိရသည်။

၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL) နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) ဟူ၍ ကရင်နိုင်ငံရေးပါတီ ၃ ခု ရှိခဲ့ပြီး ယင်းတို့ အနက် KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့ကြောင်း၊ ထိုရွေးကောက်ပွဲ၌ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခုအနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများအရ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးအဖြစ် သတ်မှတ်ထားသည်။

No comments: