Thursday, October 28, 2010

ရွေးကောက်ပွဲနေ့ နှောင့်ယှက်လျှင် အစစ်အဆေးမရှိ ထောင်ချမည်

ဆက်နိုင် Thursday, October 28, 2010

ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့သည် တနင်္ဂနွေနေ့ ဖြစ်သော်လည်း တရားရုံးများကို ဖွင့်လှစ်ထားမည် ဖြစ်ပြီး မဲရုံများတွင် ရမ်းကား နှောင့်ယှက်မှုများ ပေါ်ပေါက်လာပါက အစစ်အဆေး အမေးအမြန်းမရှိ ထောင်ချမည်ဟု သတင်းရရှိ သည်။

ရှမ်းပြည်နယ်မှ မြို့နယ် တရားသူကြီး တဦးက “အဲဒီနေ့ အမှုအခင်းတွေဖြစ်လာရင် အမေးအမြန်းမရှိ၊ တခါတည်း ထောင်ချ ပစ်မှာ။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တရားရုံးတွေအားလုံး ဖွင့်လှစ်ဖို့ မှာထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မဲရုံများ လုံခြုံရေးအတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့၊ ရဲအထူးသတင်း တပ်ဖွဲ့ (SB) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်ဟောင်းများက ပူးတွဲတာဝန်ယူသွားကြမည်ဖြစ်ကြောင်း ရပ်ကွက်များတွင် မဲရုံစောင့် တာဝန်ယူမည့် ကျောင်း ဆရာမများထံမှ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ မဲဆန္ဒပေးရန် ထားရှိသည့် မဲစာရင်းများကို ဆုတ်ဖြဲခြင်း၊ ဆန္ဒမဲလက်မှတ်၊ မဲရုံတို့ကို ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်း၊ အယောင်ဆောင် မဲပေးခြင်း၊ တကြိမ်ထက်ပိုပြီး မဲပေးခြင်း၊ မဲလက်မှတ်အတုကို မဲပုံးထဲ ထည့်သွင်းခြင်း၊ အရွေးချယ်ခံ ပါတီကိုယ်စားလှယ် လောင်းများအား တားဆီးနှောင့်ယှက်ခြင်း၊ မဲရုံမှ ကိုက် ၅၀၀ အတွင်း အသံချဲ့စက် စသည့် ဆူညံသံများ အော်ဟစ်ခြင်းများပြုလုပ်ခြင်း၊ မဲဆွယ်ခြင်း၊ မဲပေးရန် တိုက်တွန်းခြင်း စသည့် အပြု အမူ များသည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများဖြစ်သည်ဟု စစ်အစိုးရသတင်းစာများတွင် ရေးသားထားသည်။

ယင်းပြစ်မှုများ ကျူးလွန်ဖောက်ဖျက်ပါက ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်တနှစ် အထိဖြစ်စေ၊ ဒဏ်ငွေ ကျပ် တသိန်း အထိ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အဆိုပါပြစ်မှုများ ကျူးလွန်ကြောင်း လိမ်လည်တိုင်တန်းသူကိုလည်း ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် သုံးသိန်းအထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထား သည်။

ရွေးကောက်ပွဲနေ့ စည်းကမ်းဖောက်ဖျက်မှုများမှာ အခြားပါတီများထက် စစ်အစိုးရ ကျောထောက် နောက်ခံပြု နိုင်ငံရေး ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ကသာ ကျူးလွန်ဖွယ်ရှိသည်ဟု နိုင်ငံရေးပါတီများက ဝေဖန်သည်။

အမျိုးသားဒီမိုကရေစီ အင်အားစု(NDF) အတွက် မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးရန် ပြင်ဆင်နေသူတဦးက “လိမ်လည်တိုင်တန်းသူကို ထောင်ဒဏ် သုံးနှစ်အထိဆိုတော့ ကြံ့ဖွံ့ပါတီက တခုခုကျူးလွန်လို့တိုင်ရင် တိုင်တဲ့သူတောင် ထောင်ပြန်ကျမယ့်ကိန်း ဖြစ်နေတယ်။ တခြားပါတီတွေက မဲရုံကိုယ်စားလှယ်တွေ ရဲရဲဝံ့ဝံ့ မလုပ်ရဲအောင် တားမြစ်ထားတာနဲ့ တူနေတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်၍ “ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလမှာလည်း ကော်မရှင်ကထုတ်ထားတဲ့ စည်းကမ်းတွေကို ကြံ့ဖွံ့ ပါတီ တခုတည်းကချည်း ဒိုင်ခံဖောက်ဖျက်နေတယ်။ ရွေးကောက်ပွဲနေ့မှာလည်း သူတို့ပဲ အမျိုးစုံ လုပ်ကြဦးမယ်။ ဒါတွေကို ကျန်တဲ့ပါတီတွေက မတိုင်ရဲအောင် လုပ်ထားတာ”ဟု ထောက်ပြသည်။

စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၇၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တနိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်းကျော် ထားရှိသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲဆန္ဒပေးရန် ၉ ရက်သာ လိုတော့သည်။

No comments: