Wednesday, October 27, 2010

ဝန်ထမ်းများအား မဲပေးရန် ဖိအားပေး

လင်းနိုင်ဦး / ၂၇ အောက်တိုဘာ ၂၀၁၀

အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများအား ရွေးကောက်ပွဲတွင် မဲပေးရန် ပုံစံစာရွက်များ ဖြည့်ခိုင်းနေကြောင်း သိရသည်။

အဆိုပါ ပုံစံစာရွက်တွင် မဲပေးမည့်ပုံစံ၊ မိမိတို့၏မဲရုံတည်နေရာ၊ မဲရုံအမှတ်နှင့် မဲစာရင်းနံပါတ်တို့ကို ရေးသားတင်ပြရကြောင်း ဌာနဆိုင်ရာဝန်ထမ်းတို့က ပြောသည်။

တနင်္သာရီတိုင်း မြိတ်မြို့နယ်တွင် တာဝန်ကျနေသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးတဦးက “ကျနော်တို့ရုံးကို အထက်ကနေ ပုံစံတခုပို့လာတယ်။ အဲဒီပုံစံမှာ ၀န်ထမ်းအမည်၊ နေရပ်လိပ်စာ၊ ရပ်ကွက်ကော်မရှင်ရုံးအမည်၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်၊ မဲကိုကြိုပေးမှာလား၊ မဲရုံမှာသွားပေးမှာလား ဆိုတာတွေ ဖြည့်ပေးရပါတယ်” ဟု ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများအနက် ၎င်းတို့အမည် မဲစာရင်းတွင် ပါမပါ သွားရောက်ကြည့်ရှုသူ နည်းပါးပြီး ထိုသို့ ပုံစံဖြည့်စွက်ရန် တောင်းခံလာသည့်အခါမှသာ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးသို့ သွားရောက်ပြီး အမည်စာရင်းကြည့်ကြကြောင်း၊ မဲစာရင်းတွင် နာမည်မပါသူများက အထက်ညွှန်ကြားချက်အရဟုဆိုကာ ရပ်ကွက်ကော်မရှင်ရုံး မဲစာရင်းတွင် ထည့်ပေးရန် တောင်းဆိုကြသည့်အတွက် ရပ်ကွက်ကလည်း ထည့်ပေးကြောင်း အဆိုပါ အခွန်ဦးစီးမှူးက ပြောသည်။

၎င်းက “တချို့ရပ်ကွက်ကျတော့ မဲစာရင်းမှာ အမည်ထည့်မပေးရဲဘူး။ ဒါနဲ့ သေသွားတဲ့သူနေရာမှာ အစားထိုးထည့်လိုက်တာမျိုး လုပ်တယ်။ အခုတော့ ၀န်ထမ်းတွေက ရပ်ကွက်ကော်မရှင်ရုံးသွား၊ မဲစာရင်းနံပါတ်တောင်း၊ ပုံစံမှာ ဖြည့်ကြပြီး အထက်ကို တင်ပြလိုက်ပြီ” ဟု ပြောသည်။

၎င်း၏ပြောပြချက်အရ ကြိုတင်မဲပေးသည့်စံနစ်ကို လူကြီးများက ကြိုက်နှစ်သက်ကြောင်း မြို့နယ်မှူးက ပြောဆိုသော်လည်း ၎င်းတို့ရုံးဝန်ထမ်း အားလုံးနီးပါးက မဲရုံသို့ ကိုယ်တိုင်သွားရောက်မဲပေးမည်ဟု တင်ပြထားကြောင်း သိရသည်။

ယခုကဲ့သို့ မဲပေးမည့်ပုံစံစာရွက် ဖြည့်တင်းမှုမျိုးကို ရန်ကုန်တိုင်း အခွန်ဦးစီးဌာနတွင်လည်း တောင်းခံကြောင်း ယင်းဌာနမှ အရာရှိတဦးက အတည်ပြုပြောကြားသည်။

ထိုသို့ အောက်ခြေကော်မရှင်မှ မဲစာရင်းဖြည့်စွက်ပေးမှု လုပ်ရပ်သည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတဦးက ပြောသည်။

၎င်းက “ဥပဒေအရဆိုရင် ကော်မရှင်က စက်တင်ဘာ (၂ဝ) မှာ မဲစာရင်းကြေညာတယ်။ (၂၆) အထိ မဲစာရင်းမှာ ကိုယ့်နာမည် ပါ မပါ၊ မှတ်ပုံတင်နဲ့ အချက်အလက်တွေ မှန် မမှန် စတာတွေ စောဒက တက်ချင်ရင် လုပ်လို့ရတယ်။ (၂၆) နောက်ပိုင်းဆို ပြီးပြီ။ မဲစာရင်းကို ပြင်လို့ မရတော့ဘူး။ မဲစာရင်းဖြည့်စွက်ပေးတာမျိုး လုပ်တာကတော့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့မှ သတင်းစာဆရာတဦးကလည်း ဝန်ထမ်းဖြစ်စေ၊ သာမန်လူ ဖြစ်စေ၊ လူတဦး မဲပေးခြင်း မပေးခြင်းသည် အခြေခံဥပဒေပါ ရပိုင်ခွင့်ဖြစ်ကြောင်း၊ မဲကို မည်သည့်ပုံစံဖြင့် ပေးမလဲဟုဆိုကာ ဖိအားပေး မဲပေးခိုင်းခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ (၂ဝ) ရက်တွင် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးများတွင် ကပ်ထားခဲ့သည်။

နိုင်ငံရေးပါတီများကလည်း ပြည်သူများကိုယ်စား မဲစာရင်းစစ်ဆေးပေးနိုင်ခြင်း မရှိဘဲ စက်တင်ဘာ (၂၇) တွင် မဲစာရင်းများ အတည်ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ (၂၉) သန်းကျော် ရှိသည်ဟုသာ ယေဘုယျ ကြေညာပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းအလိုက် မဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းတိတိကျကျကိုမူ ကြေညာခြင်း မရှိပေ။

No comments: