Thursday, October 28, 2010

ကချင်ရွာဥက္ကဋ္ဌအိမ်ထဲ KDA ဟောင်းက ဗုံးပစ်သွင်း၊ ၇ ဦးခန့်ဒဏ်ရာရ

သျှမ်းသံတော်ဆင့်

ယခင် ကချင်ကာကွယ်ရေးတပ်မတော် KDA တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကချင် နောင်ရှဲန်ရွာ ဥက္ကဋ္ဌနေအိမ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းမှု ယမန်နေ့ည ၁၀ နာရီကျော်က ဖြစ်ပွားခဲ့သည်။

ရွာဥက္ကဋ္ဌ၏ ဇနီးအပါအ၀င် လူ ရ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူစယ် လုံခြုံရေး အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွာဥက္က္ကဋ္ဌအိမ်ထဲကို KDA အဖွဲ့ဝင်ဟောင်းတစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်တာ ဥက္ကဋ္ဌရဲ့ ဇနီးက ပေါင်နဲ့တင်ပါးမှာ ကျန်လူ ၆ ယောက်လည်း အနည်းငယ်စီဒဏ်ရာရကြတယ်” လို့ လုံခြုံရေးနှင့်နီးစပ်သူက ပြောသည်။

အခင်းမဖြစ်မီ ညပိုင်းက နောင်ရှဲန်ရွာအတွင်းသေနတ့် ပစ်ဖေါက်နေသဖြင့် ၄င်းအား ရွာဥက္ကဋ္ဌက ခေါ်ယူဆုံးမခဲ့ရာ မကျေနပ် ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်လဆန်းပိုင်းက ငွေကြေးကိစ္စနှင့်ပတ်သက်၍ အဆိုပါနောင်ရှဲန်ရွာ အလယ်တန်းပြဆရာမတစ်ဦးအား ၄င်းတပ်ဖွဲ့ ၀င်ဟောင်းက ပြန်ပေးဆွဲခဲ့သေးကြောင်း၊ ထိုအမှုဖြင့် အရေးယူခံထားရစဉ် ၄င်း၏ဇနီးသည် ပျောက်ဆုံးသွားကြောင်း၊ ဇနီး သည် ပျောက်ဆုံးသည့် အပေါ် ပေါက်ကွဲကာ သေနတ်ပစ်ဖေါက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောင်ရှဲန်ရွာတွင် ကချင်အပိုင်းနှင့် သျှမ်းအပိုင်းဟူ၍ ၂ ရွာရှိပြီး ကချင်ရွာတွင်း ယခုအခင်းဖြစ်ပွားခဲ့ကြောင်း သိရ သည်။

No comments: