ဆက်နိုင် Thursday, October 21, 2010
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်သည် ယင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို လှူရန်အတွက် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ ကွန်ပျူတာများ ဖိအားပေး တောင်းခံလျက်ရှိကြောင်း သိရသည်။
“ကျောင်းတွေမှာ ကွန်ပျူတာတွေလှူပြီး စည်းရုံးရေးလုပ်ဖို့ ကုမ္ပဏီတခုကို ကွန်ပျူတာတစုံ ၀ယ်ပေး လိုက်ရတယ်”ဟု ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ဝယ်ပေးရမည့် ကွန်ပျူတာများကို မည်သည့်ဆိုင်တွင်ဝယ်ရမည်၊ မည်သည့်အမျိုးအစားဖြစ်ရမည် စသည်ဖြင့် ညွှန်ကြားထားပြီး ၎င်းတို့ သတ်မှတ်ထားသော ကျောင်းများသို့ သွားပို့ပေးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
“တချို့ဆိုရင် ကွန်ပျူတာရောင်းတဲ့ဆိုင်မှာ ပစ္စည်းဖိုးပဲ သွားပေးရတယ်။ ပစ္စည်းက ကျောင်းကို သွားပို့ ပြီးသား”ဟု အထက်ပါ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူက ဆိုသည်။
ကုန်ကျသည့် တန်ဖိုးအနေဖြင့် ကုမ္ပဏီတခုလျင် ပျမ်းမျှ ကျပ် ရှစ်သိန်း နီးပါးကုန်ကျပြီး ကွန်ပျူတာ၊ မော်နီတာ၊ စီဒီရွမ်၊ Scan စက်၊ Printer များ အားလုံးပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီပေါင်း ၁၃၀ ကျော်ရှိကြောင်း၊ အလုပ် သမား အများဆုံး ပို့ဆောင်ပေးသည့် နာမည်ကြီးအေဂျင်စီများကိုသာ တောင်းခံခြင်း ဖြစ်ကြောင်း ကွန်ပျူတာလှူခဲ့ရသည့် အေဂျင်စီ တာဝန်ရှိသူ တဦးကလည်း ပြောသည်။
“ဘယ်လိုပဲလှူလှူ တကယ်ပြဿနာတက်လာတယ်ဆိုရင် အေဂျင်စီတွေပဲ ခံရတာပဲ။ ဒါပေမယ့် သူတို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ အေဂျင်စီတွေဆိုရင်တော့ သက်သာတာပေါ့”ဟု ၎င်းက ဆိုသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဦးအောင်ကြည်နှင့်အတူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ တသီးပုဂ္ဂလ ဦးလှမျိုးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မှ ဦးခင်မောင်လွင်၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီမှ ဦးဇော်ဝင်း စုစုပေါင်း ၅ ဦး ၀င်ရောက် အရွေးချယ်ခံမည် ဖြစ်ကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက ဦးအောင်ကြည် ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး“သူတို့ ကတော့ နဂိုကတည်းက ဥပဒေကို ချိုးဖောက်နေတာ၊ ကိုယ်လုပ်စရာရှိတာကတော့ လုပ်ရမှာပဲ”ဟု ပြောသည်။
စစ်တပ် အတွင်း ဗိုလ်ချုပ်အဆင့်အထိ တာဝန်ယူခဲ့သူ ဦအောင်ကြည်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အတွက် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေး အပ်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။
စစ်အစိုးရ ၀န်ကြီးချုပ် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် နိုင်ငံ့ဘဏ္ဍာများကို အသုံးချ၍ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ပြုလုပ် နေရုံ သာမက ၎င်းတို့နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များကိုပါ အသုံးချနေကြောင်း လေ့လာသူများက ပြောဆိုသည်။
No comments:
Post a Comment