Tuesday, October 26, 2010

မုံးကိုးပြည်သူ့စစ်စခန်းကို အမည်မသိအဖွဲ့က စီးနင်းတိုက်ခိုက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်းရှိ နအဖစစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့ စစ်စခန်းတစ်ခုအား အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ယမန်နေ့မနက်အစောပိုင်း၌ စီးနင်းတိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိကြောင်း သိရသည်။

မုံးကိုးမြို့တွင်းရှိ နအဖတပ်ရင်းရုံး အပြင်စည်းလုံခြုံရေးယူထားသော ပြည်သူ့စစ်အင်အား ရ ယောက်ခန့်ရှိသည့် တပ်စခန်း တိုက်ခိုက်ခံခဲ့ရာ ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး လက်နက်အချို့ဆုံးရှုံးမှုရှိကြောင်း တရုတ်နယ်စပ်အခြေဆိုက် စစ်ရေး/ နိုင်ငံ ရေး လေ့လာသူဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကဝေလီဝေလင်းအချိန်ပေါ့ ပြည်သူ့စစ် ၆/ရယောက်လောက်ထိုင်ထားတဲ့ စခန်းတစ်ခုအတိုက်ခံရတယ် ပြည်သူ့စစ် ၁ ယောက်သေပြီး လက်နက်ငယ် ၃ လက်နဲ့ ကျည်ဆံတွေ ပါသွားတယ် ပစ်ခတ်ချိန်က ၁၀ မိနစ်လောက်ဆိုတော့ တပ်ကူ ချက်ခြင်းမလာနိုင်ဘူး” ဟု သူက ဆိုသည်။

မုံးကိုးမြို့၌ ခလရ ၁၄၅ တပ်ရင်း တာဝန်ယူထားပြီး တိုက်ပွဲဖြစ်အပြီး ယမန်နေ့ညနေပိုင်းတွင် နောက်ထပ် တပ်ရင်းတစ် ရင်း အင်အားထပ်ဖြည့်လိုက်ကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် မုံးကိုးကာကွယ်ရေးတပ် MDA အတွင်း အာဏာလုမှု ဖြစ်ပွားခဲ့သည့် ၁၀ နှစ်ပြည့်ချိန်နှင့် တိုက်ဆိုင်နေပြီး နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အစည်းအဝေးခေါ်ယူ သည့် နေ့၌ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“အခုဖြစ်တာက မုံးကိုးအရေးအခင်း ၁၀ နှစ်မြောက်ချိန် နောက်ပြီး ရွေးကောက်ပွဲ အတွက် အစည်းအဝေးခေါ်တဲ့အချိန်မှာ ဖြစ်တာဆိုတော့ ဖြစ်နိုင်ခြေတွေတော့ အများကြီးရှိတာပေါ့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ အတိအကျပြောဖို့ခက် တယ်” ဟု သူက ဆိုသည်။

၂၀၀၀ အောက်တိုဘာဆန်းပိုင်းက မုံးကိုးကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ မုံဆာလထံမှ လီနင်မင်ဦးဆောင်သည့် အဖွဲ့ များက အာဏာသိမ်းခဲ့ရာ ဒီဇင်ဘာလဆန်းပိုင်းတွင် နအဖစစ်တပ်က ၂ ဖွဲ့စလုံးအား တိုက်ခိုက်ချေမှုန်းပြီး မုံးကိုးဒေသ တစ်ခုလုံး ထိန်းချုပ်လာခဲ့သည်။

No comments: