Tuesday, October 26, 2010

မုံးဂိုးတွင် ပြည်သူ့စစ် ၃ ဦး၊ ရဲ ၁ ဦး ပစ်သတ်ခံရ

KNG



မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်း၊ မုံးဂိုးဒေသ (ယခင် ဒူဝါမုန်ဆာလအုပ်ချုပ်ရာဒေသ) တွင် ပြည်သူ့စစ်သား ၃ ဦးနှင့် ရဲသား ၁ ဦး သည် နှစ်ရက်အတွင်း ပစ်သတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် စနေနေ့ အောက်တိုဘာ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီနှင့် ၂ နာရီကြား၊ မုံးဂိုးပြည်သူ့စစ်စခန်း (ယခင် မုံးဂိုး အမှတ်(၁) စစ်စခန်း) တွင် ပြည်သူ့စစ်သား ၃ ဦးအား ပစ်သတ်ပြီး ၎င်းတို့၏လက်နက်များ (တရုတ်လုပ် အမ်-၂၂ တစ်လက်၊ အမ်-၂၁ နှစ်လက်နှင့် ကျည်ဆံ အတောင့် ၂၀၀ ကျော်) ကိုပါ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးပြောသည်။

ပစ်သတ်ခံရသည့် ပြည်သူ့စစ် ၃ ဦးမှာ ဒူဝါဇုတ်ဒေါင်နှင့် သား ဆရာနော်ခမ်းတို့ဦးစီးသော အင်အား ၁၀၀ ကျော်ရှိ မုံးဂိုးပြည်သူ့စစ်အဖွဲ့မှဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင်အနေများသူ ဒူဝါဇုတ်ဒေါင်နှင့် လာရှိုးတွင် ခရစ်ယာန်ဓမ္မဆရာလုပ်နေသူ ဆရာနော်ခမ်း တို့ သားအဖသည် နိုဝင်ဘာ ၇ ရွေးကောက်ပွဲ ကိစ္စ မိမိတို့ ဌာနေသို့ ပြန်လာစဉ် မုံးဂိုး မရောက်ခင် ၃ နာရီအလိုတွင် ၎င်းတို့၏ပြည်သူ့စစ် ၃ ဦး အသတ်ခံရခြင်းဖြစ်သည်။

နောက်နေ့ တနင်္ဂနွေနေ့တွင်လည်း မုံးဂိုး-ဖောင်းဆိုင်လမ်း ဒေသခံများမှ အဓ္ဓငွေကောက်ရာတွင် နာမည်ဆိုးနှင့်ကျော်ကြားသော မြန်မာစစ်အစိုးရ ဂိတ်တွင် ညနေ ၅ နာရီကျော်၌ ယင်းဂိတ်ရှိ ရဲအရာရှိတစ်ဦးလည်း ချောင်းမြောင်းပစ်သတ်သွားခြင်း ခံရပါသည်။

၎င်းဂိတ်စောင့်များသည် ဖြတ်သန်းသွားကြသော ဒေသခံလယ်သမားများကိုပါ ဂိတ်ကြေးအတင်း ကောက်ခံ နေကြောင်း ဒေသခံများ ပြောသည်။

ယခုချိန်ထိ ဖြစ်ရပ်နှစ်ခုနှင့်ပတ်သက်ပြီး ကျူးလွန်သတ်ဖြတ်သူများ မည်သူမည်ဝါ မည်သည့်အဖွဲ့မှဖြစ်ကြောင်း ကို မသိရပေ။

ယခုလိုဆက်တိုက် စစ်အစိုးရလူ ၄ ဦးပစ်သတ်ခံခဲ့ရပြီးနောက် မုံးဂိုးရှိမြန်မာစစ်သားနှင့်ရဲများသည် အခြား မုံးဂိုးပြည်သူ့စစ်အဖွဲ့များ နှင့် ဒေသခံပြည်သူများကို အဓိကထား စစ်ဆေးနေကြောင်း သိရသည်။

ယခုချိန်မှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်း အား မုံးဂိုးဒေသသို့ ပို့ထားပြီး ၎င်းတို့သည် မုံးဂိုး နှင့် ဖောင်းဆိုင် ဒေသခံပြည်သူများအား စစ်ဘန်ကာကတုတ်ကျင်းများပြုလုပ်ရာတွင် အဓ္ဓမ စေခိုင်းနေကြောင်း သိရသည်။

ထိုတပ်ရင်းများသည် ကွတ်ခိုင်မှ ခလရ ၄၅၊ နန်ဖတ်ကာမှ ခလရ ၁၂၃ နှင့် ဟိုပန်းမှ ခလရ ၁၄၅ တို့ဖြစ်သည်။

No comments: