Saturday, October 30, 2010

စစ်အစိုးရကြံ့ဖွံ့ပါတီမှ NDF ကိုယ်စားလှယ် ကြော်ငြာဆိုင်းဘုတ်ဖြုတ်

KNG

ကချင်ပြည် မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးမာခါး၏ ကြော်ငြာဆိုင်းဘုတ်ဖြုတ်သူများသည် မြန်မာစစ်အစိုးရ ကြံ့ဖွံ့ပါတီဝင်များဖြစ်ကြောင်း သိရသည်။

ယင်းကြော်ငြာဆိုင်းဘုတ်အား သူ၏ပြိုင်ဘက်ဖြစ်သည့် ကြံ့ဖွံ့ပါတီမှ ဖြုတ်လိုက်သည်ဖြစ်ပြီး ယနေ့တွင် ပြည်နယ်ကော်မရှင်ရုံးသို့ စာတင်လိုက်ကြောင်း “ကျွန်တော် ဒီကချင်ပြည်နယ် ပြည်နယ်ကော်မရှင်အဖွဲ့ကို စာတင်ထားတယ်။ နောက်ပြီးမှ မိတ္တူကျတော့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်စာပို့ထားတယ်၊ ခရိုင်တို့၊ မြို့နယ်အဆင့်ဆင့်ကို စာပို့ထားတယ်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ မြစ်ကြီးနားမြို့နယ်ရုံးကိုလည်း စာပို့ထားတယ်။” ဟု ဦးမာခါးပြောသည်။

မြစ်ကြီးနားမြို့အထက် ၁၀ မိုင်အကွာရှိသည့် နောင်နန်းကျေးရွာအုပ်စု၌ စိုက်ထူထားသည့် ဦးမာခါး ကြော်ငြာဆိုင်းဘုတ် နှစ်ခုအား ကြံ့ဖွံ့ပါတီ၏တွဲဖက်စည်းရုံးရေးမှုး ဦးလှမြင့်နှင့် ဦးဇော်မင်းထွန်းတို့ ဖြုတ်သွားသည်ဟု သိရသည်။

“ကျွန်တော်တို့အဲဒီချိန်မှာ နောင်နန်းတိုက်နယ်မှူးဖြစ်တဲ့ ဦးဒိုင်လွမ်းလည်းရှိတယ် ဒါပေမဲ့သူကလည်း ဘာမှ မပြောမဆို ဘာမှလည်း တားမြစ်မှုမရှိခဲ့ဘူး။” ဟု ဦးမာခါးဆက်ပြောသည်။

National Democratic Force (NDF) ပါတီမှ လူထုမဲဆွယ်စည်းရုံးရေးအတွက် ငွေကြေးအခက်အခဲရှိသောကြောင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအပြင် ကြော်ငြာဆိုင်းဘုတ် အခု ၆၀ ခန့်စိုက်ထူထားရာ ဆိုင်းဘုတ် ၁၀ ခုမှာ အစအန မရှိ ပျောက်ဆုံးနေပြီး အချို့မှာ ဆုတ်ဖြဲထားသည်ဟု ဦးမာခါးပြောသည်။

မြစ်ကြီးနားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် သူ၏ပြိုင်ဘက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) မှ စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော၊် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP) မှ ဦးလနန်ဘောက်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ ဦးစိုင်းကျော်ဦး(ခ)ဂုံးကွေ့တို့ဖြစ်သည်။

အသက် (၂၇) နှစ်ရှိ ဦးမာခါးသည် မူဆယ်မြို့နယ် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မွေးဖွားခဲ့ ပြီး မြစ်ကြီးနားတက္ကသိုလ် ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှာ မဂ္ဂဇင်းတွဲဖက် အတွင်းရေးမှူးလုပ်ခဲ့ပြီး ရှေ့နေ လုပ်ငန်းကိုလုပ်ကိုင်နေသူဖြစ်သည်။

No comments: