Thursday, October 28, 2010

သျှမ်းပြည်အလယ်ပိုင်း၌ ကြံ့ဖွံ့ စည်းရုံးရေးအရာမထင် မဲဆွယ်စာစောင်ကပ်သစ်ပင်ပါ ခုတ်လှဲခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်းမြို့နယ်အချို့ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေး အရာမထင်သည့်အပြင် ခြံဝင်း၊ နံရံ၊ ဓါတ်တိုင်၊ သစ်ပင် များ၌ လိုက်လံကပ်သော စည်းရုံးရေးစာစောင်များပင်လျှင် ဒေသခံများ၏ ဖျက်ဆီးမှုခံရကြောင်း နယ် စပ်သတင်းရပ်ကွက် ကဆိုပါသည်။

“ ခြင်္သေ့တံဆိပ်နဲ့ မဲခြစ်တဲ့အကွက်ပါတဲ့ မဲဆွယ်စာစောင်တွေပေါ့။ ရပ်ကွက်သားတွေ လိုက်ဖျက် လိုက်ဖြဲ ဒုတ်နဲ့ထိုးပစ် တယ်။ သစ်ပင် အမြင့်ပိုင်း တက်ကပ်တာတောင် သစ်ပင်ကိုပါ အရင်းကနေ ခုတ်ပစ်ကြတာ” ဟု တာချီလိတ်ရောက် မိုင်းကိုင် ဒေသခံတဦးကပြောသည်။

ယခုလ ၁၅ ရက် မိုင်းကိုင်မြို့ ရပ်ကွက်တိုင်း၌ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စာစောင်အချို့ လိုက်လံဖျက်ဆီးကြခြင်း ဖြစ် သည်။ နောက်ပိုင်း ကျားဖြူပါတီကပ်သည့် မဲဆွယ်စာစောင်များကိုမူ ဖျက်ဆီးခြင်းမပြုကြဟုလည်း အဆိုပါ ဒေသခံကပြော၏။

အောက်တိုဘာ ၁၈ ရက်မိုင်းရှူးမြို့ကျေးလက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်းရာတွင်လည်း တိုက်နယ်ဥက္ကဌနှင့် ရွာသူကြီးများက တာဝန်မယူနိုင်ကြောင်းပြောသဖြင့် ခရီးမအောင်မြင်ခဲ့ကြောင်း မိုင်းရှူး ဒေသခံတို့ ပြောပြသည်။

“ဟိုင်းပါ အုပ်စုဘက် စည်းရုံးရေးဆင်းဖို့ လုံခြုံမှု ရှိ မရှိ အုပ်စု ဥက္ကဌကိုဆက်သွယ်တော့ ဟိုကလဲ အာမ မခံဘူးလို့ ပြန်ဖြေ တယ်။ ပြည်ခိုင်ဖြိုးလဲ မသွားရဲဘူး။ ၂၀ ရက်နေ့ကျတော့ ဟိုင်းပါဘက်ကိုဘဲ ကျားဖြူပါတီရောက်သွားတယ်။ ဘာမှမဖြစ်ဘဲ စည်းရုံးရေးခရီးအောင်မြင်ခဲ့တယ်။ နောက် ၂၃ ရက် ရောက်တော့ မိုးရှူး မယက ဥက္ကဌ စိုင်းစံဝင်းက ဟိုင်းပါအုပ်စု ဥက္ကဌကို ခေါ်ဆူပါလေရော” - ဟု ရှင်းပြသည်။

တိုက်နယ်သားများကမူ ကြံ့ဖွံ့ပါတီဘက်ရပ်တည်သည့် စိုင်းစံဝင်း၏ ဘက်လိုက်မှုအပေါ် မကျေမနပ်ဖြစ်ကြကြောင်း ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂၃-၂၄ ရက်နေ့ကလည်း လွယ်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်ဘက် ကျားဖြူပါတီစည်းရုံးရေးဆင်းရာ ကျေနပ် အားရမှုရှိကြောင်း အဖွဲ့ဝင်တဦးက ပြော၏။ လွယ်လင်မြို့အရှေ့ဘက် လွယ်မုံ့မိန်းအုပ်စုက ပအိုဝ်းရွာ ၄-၅ ရွာပင် လျှင်ကျားဖြူပါတီအား စောင့်မျှော်လျှက်ရှိသည်ဟု ဆို၏။ ပအိုဝ်းဒေသခံများမှာ ကြံ့ဖွံ့ပါတီအတွက်ပါ မဲဆွယ်စည်းရုံးပေး သော ဦးအောင်ခမ်းထီ၏ PNO ပအိုဝ်းပါတီ ကို မထောက်ခံလိုကြဟု လွယ်လင်မြို့ခံ ပအိုဝ်းလူငယ် တဦးကပြောသည်။

လွယ်လင် မိုင်းပွန်ဘက်တွင်မူ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးပါတီ (တစည) လှုပ်ရှားမှု အားမကောင်းလှဟုလည်း ၄င်းက ပြော၏။ ထူးခြားချက်မှာ ပင်လုံမြို့နယ်အတွင်းစည်းရုံးသူ တဦးတည်းသော တစည EC အဖွဲ့ဝင် ဦးစိုင်းလုံ ( ၅၂ နှစ်) ဆိုသူက “ပင်လုံ လွယ်လင်မှာ ဘယ်ပါတီနိုင်နိုင် အဓိကကတော့ ကြံ့ဖွတ်ပါတီ မနိုင်ဖို့ဘဲ” ဟု အတည့်အလင်း ပြောဆို သည့်အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အထူးတိုက်ခိုက်ပြောဆိုရဲ သူအဖြစ် အဆိုပါ ပအိုဝ်းလူငယ်က ပြောပြသည်။

No comments: