Tuesday, October 26, 2010

တရုတ်-မြန်မာနယ်စပ် မတည်မငြိမ်ဖြစ်

မင်းနိုင်သူ Tuesday, October 26, 2010

ရွေးကောက်ပွဲ ကျင်းပရန် ၁၁ ရက်သာ လိုတော့ချိန်တွင် တရုတ်-မြန်မာ နယ်စပ်၌ အခြေအနေများ မတည်မငြိမ် ဖြစ်နေကြောင်း နယ်စပ်သတင်း ရပ်ကွက်များမှ သိရသည်။

ပြီးခဲ့သည့် သတင်းတပတ်အတွင်း တရုတ်နယ်စပ်တလျှောက်ရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်များ ထိန်းချုပ်ရာ နေရာ ၃ ခုတွင် မီးလောင်မှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ်ထားသော လိုင်ဇာဈေး မီးလောင်ရာတွင် ဆိုင်ခန်း ၁၁၉ ခန်း ပါသွားကြောင်း၊ တရုတ်ယွမ်ငွေ ၃၅ သိန်း (ကျပ်ငွေ သိန်းပေါင်း ၃ သောင်း) ကျော် ဆုံးရှုံးကြောင်း သိရသည်။

KIO ထောက်လှမ်းရေး အရာရှိတဦးကမူ ဈေးမီးလောင်မှုသည် အသက်အရွယ်ကြီးပြီဖြစ်သော တရုတ် လင်မယားက ဘုရားမီးပူဇော်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ လိုင်ဇာဈေးကြီးမဟုတ်ဘဲ နယ်စပ်ဈေးတန်းဖြစ်ကြောင်း ပြောသည်။

စစ်ရေးအခြေအနေနှင့် စပ်လျဉ်း၍ ထိုအရာရှိက “နအဖနဲ့ ဆက်ဆံရေး အခြေအနေကတော့ အခုချိန်ထိ ဘာမှမရှိသေးဘူး။ သူတို့ကတော့ ဆွေးနွေးညှိနှိုင်းရေးကို ဆန္ဒရှိပုံ မပေါ်ပါဘူး။ သူတို့ တာစူနေတာက ရွေးကောက်ပွဲကို ကလိမ်ကကျစ်နဲ့ ဘယ်လိုနည်းနဲ့ အနိုင်ရဖို့လုပ်မလဲဆိုတာပဲ အဓိကကျတာပါ။ အဲဒီအပေါ်မူတည်ပြီးတော့ လုံခြုံရေးကို ဘယ်အကန့်အထိ ချဲ့မလဲ၊ လုံခြုံရေးအကန့်ကို သူတို့ တိုးချဲ့လာတဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တင်းမာမှုတွေက အနည်းနဲ့အများ ဖြစ်လာမှာပဲ” ဟု ပြောသည်။

လိုင်ဇာဈေး မီးလောင်ချိန်တွင် ဒေသခံလူထု တရုတ်နိုင်ငံဘက်သို့ ကူးပြေးမလာစေရန် တရုတ်ဘက်မှ ပင်မဂိတ်ကို ပိတ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လိုင်ဇာဈေး မီးလောင်မှုမဖြစ်မီ အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းကလည်း ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံးကိုးမြို့နယ်အတွင်း ပြည်သူ့စစ်အင်အား ၇ ယောက်ခန့်ရှိသည့် တပ်စခန်းတခုကို အမည်မသိအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး လက်နက်တချို့ ပါရှိသွားခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“မုံးကိုးမှာက ခလရ တပ်ရင်း ၁၄၅ ထိုင်ထားတာပေါ့။ အတိုက်ခံလိုက်ရတဲ့ ပြည်သူ့စစ် စခန်းကတော့ ၆ ယောက် ၇ ယောက်လောက်ပဲ ထိုင်ထားတဲ့စခန်း။ မနက် ဝေလီဝေလင်းကြီးမှာ အတိုက်ခံရတာ။ တိုက်ခိုက်ချိန်က ၁၀ မိနစ်လောက်ပဲဆိုတော့ တပ်ကူတွေလည်း မလာနိုင်ဘူး” ဟု ၄င်းက ဆိုသည်။

လောက်ကိုင်မြို့ရှိ အမှတ် ၁၀၆ တပ်ရင်း လက်နက်တိုက်စောင့်ကို ပစ်သတ်ကာ လက်နက်များ ယူဆောင်သွားမှုတရပ်လည်း အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သေးကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

No comments: