Thursday, October 28, 2010

ကြံ့ဖွံ့အမတ် ဗိုလ်ချုပ်ကြီးဟောင်း သာအေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးတို့ အာဏာအားပြိုင်

ဧရာဝတီ Thursday, October 28, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် အမတ်လောင်းများ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးခင်မောင်မြင့်တို့ အကြား အဆောက်အအုံ ၉ လုံးရရှိရေး အာဏာ အားပြိုင်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ နှစ်ဦး အကြား မကျေမလည် ဖြစ်နေကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင် ကြံ့ဖွံ့ပါတီက ပြိုင်ဘက်မရှိသဖြင့် အနိုင်ရထားပြီးဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ထိုဒေသ၏ ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေးက စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ကြိုတင်ပြင်ဆင်သောအားဖြင့် ၎င်းနှင့် တိုင်းအဆင့် ၀န်ကြီးများ နေထိုင်ရန် မုံရွာမြို့ပေါ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် အဆောက်အအုံ ၉ လုံးကို ယခု လဆန်းပိုင်းတွင် သိမ်းယူခဲ့ကြောင်း သိရှိရသည်။

“မုံရွာမှာရှိတဲ့ အဆောက်အအုံ ၉ လုံးကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေးအမိန့်နဲ့ သိမ်းယူလိုက်တယ်။ အဲဒီ အဆောက်အအုံတွေက စစ်ကိုင်းတိုင်း ဆရာဝန်ကြီး၊ ရဲမင်းကြီးနဲ့ ဌာန ဆိုင်ရာ အကြီးအကဲတွေ နေနေတဲ့ အဆောက်အအုံ တွေပါ။ ဦးသာအေးက ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ခဲ့တာဆိုတော့ သူတို့ကလည်း ဦးသာအေးအမိန့်ကို မလွန်ဆန်ရဲဘဲ အိမ်တွေကနေ ဆင်းပေးလိုက်ကြတယ်” ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်နှင့် နီးစပ်သူတဦးက ရှင်း ပြသည်။

ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က အဆိုပါသတင်းကို ကြားသိသောအခါ ဦးသာအေးသည် ယခုအချိန်တွင် သာမန်လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးသာဖြစ်သောကြောင့် ၀န်ကြီးဌာနပိုင် နေအိမ်များကို သိမ်းယူနိုင်ခွင့်မရှိကြောင်း၊ ဦးသာအေးသည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မဖြစ်သေးသည့်အတွက် နေအိမ်များကို ၀န်ကြီးဌာနလက်ပြန်အပ်ရန် တောင်းဆို ခဲ့ကြောင်း သိရှိရသည်။

ဦးသာအေးက ၎င်းသည် မကြာမီ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် သူဖြစ်သည့်အပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ထိပ်တန်းရာထူး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သောကြောင့် ဆောက်လုပ်ရေးဝန်ကြီး၏ တောင်းဆိုချက်ကို အကြောင်းမပြန်နိုင်ဟု ပြောဆိုခဲ့သည်။

ဝန်ကြီးဦးခင်မောင်မြင့်က ဦးသာအေး၏ ဥပဒေနှင့် မညီညွတ်ဘဲ ၀န်ကြီးဌာနပိုင် အဆောက်အအုံများ သိမ်းယူခဲ့ခြင်းအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င်ထိပ်တန်း စစ်ခေါင်း ဆောင်များထံ စာတင်တိုင်ကြားခဲ့ကြောင်း၊ ထိုသို့ တိုင်ကြားလိုက်သည့် အတွက် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များက ဦးသာအေးကို အဆောက်အအုံများ ဆောက်လုပ်ရေးဝန်ကြီး ဌာနထံ ပြန်လည် ပေးအပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

“ဦးသာအေးက တော်တော်ရှက်သွားပုံရတယ်။ တချိန်က ဒုတိယဗိုလ်ချုပ်ကြီး တဦးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ သူက ဘာမှ မဟုတ်တော့ဘူး။ စစ်ဘက်မှာ သူ့သြဇာမရှိတော့ဘူး” ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ အစိုးရ အရာရှိတဦးက ဆိုသည်။

ဝန်ကြီး ဦးခင်မောင်မြင့်သည် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် စစ်ကိုင်းမြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။

ဦးသာအေးနှင့် ၀န်ကြီးဦးခင်မောင်မြင့်တို့ နှစ်ဦးအကြား မပြေလည်မှုသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အစိုးရသစ် လက်ထက်တွင်ပါ ဆက်လက် အားပြိုင်ကြဖွယ်ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူများက သုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရ စစ်ဘက်ဆိုင်ရာ ရာထူးများ စွန့်လွှတ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ရန် စေခိုင်းခံထားရသော ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး အများစုသည် ဗိုလ်ချုပ်မှူးကြီးအပေါ် မကျေမနပ် ဖြစ်နေကြကြောင်း နေပြည်တော်စစ်ဘက် သတင်းရပ်ကွက်မှ သိရှိရသည်။

“ယူနီဖောင်း ချွတ်လိုက်ရတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ အားလုံးစိတ်ထဲမှာ တူညီတဲ့ ခံစားချက် တခုရှိတယ်။ အဲဒါက လက်ရှိအခြေအနေကို သူတို့ စိတ်မသက်မသာဖြစ် နေကြတာပဲ” ဟု စစ်တပ်အရာရှိတဦးက ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများ ဖြစ်သည့် ဦးမြင့်ဆွေ(ရန်ကုန်)၊ ဦးခင်ဇော် (တနင်္သာရီ)၊ ဦးအုန်းမြင့် (ကချင်ပြည်နယ်) တို့သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။

No comments: