Monday, October 25, 2010

ပခုက္ကူအနီး ရေနံပိုက်လိုင်းပေါက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး

ဇာနည်မာန် Monday, October 25, 2010

မကွေးတိုင်း ပခုက္ကူမြို့အနီးတွင် ရေနံပိုက်လိုင်းပေါက်ပြီး မီးလောင်သောကြောင့် အနည်းဆုံး ဒေသခံ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယခု သေဆုံး ဒဏ်ရာရသူများမှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော်ဒဏ်ရာ ရသည့် ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား စဉ် ရေနံပိုက်လိုင်းမှ ယိုစိမ့်နေသော ရေနံများကို ခံယူနေသည့် ဒေသခံ ရွာသား များဖြစ်ပြီးတနင်္ဂနွေနေ့က မတော်တဆ ပိုက်လိုင်းပေါက် မီးလောင်မှုကြောင့် ဖြစ်ကြောင်း အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ယနေ့ ဖော်ပြထားသည်။

ရေနံပိုက်လိုင်းပေါက်သည့်နေရာမှာ ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ် ညောင်လှရွာနှင့် ၄ မိုင်အကွာရှိ ကျောက်ခွက်-အရာ တော် တွင် ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“မနေ့ညက ဖြစ်တာ။ ပိုက်ကပေါက်ပြီး ရေနံတွေထွက်လာတယ် အဲဒါတွေကို သွားခပ်တာကနေ မီးလောင်ပြီး ဖြစ်တာ။ ၈ ယောက် သေတယ်။ အယောက် ၇၀ ဒဏ်ရာရတယ်။ အခုတော့ သက်ဆိုင်ရာက ပိုက်ကို ပိတ်ထားပြီးပြီ။ အဲ့ဒီနား ဘယ်သူ မှ မသွားရဘူး”ဟု ဒေသခံတဦးက ပြောဆိုသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများစုမှာ ကျွန်းချောင်းနှင့် မြစ်ခြေကြားရှိ ရွာများမှ ဒေသခံများဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသများရှိ ဒေသခံများသည် ပိုက်လိုင်းများကို ဖောက်ယူ၍ ရေနံထုတ်ယူခြင်းများပြုလုပ် လေ့ရှိရာ ယခုဖြစ်ရပ်သည်လည်း ရေနံ ဖောက်ယူခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သေဆုံးသူ၏ မိသားစုများနှင့် ဒဏ်ရာရသူအများစုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် သက်ဆိုင်ရာသို့လည်း အကြောင်းမကြားရဲကြသကဲ့သို့ ဆေးရုံသို့ သွားရောက်ကုသရန်လည်း မ၀ံ့ရဲဖြစ်နေကြကြောင်း ဒေသခံ တဦးက ဆိုသည်။

၎င်းက“ရေနံသွားခပ်တာကနေ ဖြစ်တာဆိုတော့ သွားကုရင်၊ သွားပြောရင် တမှုက နှစ်မှုဖြစ်မှာ စိုးရိမ်နေကြတော့ မသွားရဲ ကြဘူး။ ဒီအတိုင်း ကြိတ်ပြီး နေကြတယ်”ဟု ပြောသည်။

မြစ်ခြေဆေးရုံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မီးလောင်ဒဏ်ရာရသူ ၂၁ ဦးနှင့် သေဆုံးသူ ၂ ဦး ဆေးရုံသို့ ရောက်ရှိလာပြီး တချို့မှာ ပခုက္ကူဆေးရုံသို့ သွားကြကြောင်း တာဝန်ကျ ဆရာဝန်တဦးက ပြောဆိုသည်။

ပခုက္ကူမြို့နယ်ရဲစခန်းမှ အရာရှိတဦးကလည်း မီးလောင်မှုဖြစ်သည်မှာ ဟုတ်မှန်ကြောင်းနှင့် အသေးစိတ် အချက်အလက် များကို စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ပိုက်လိုင်းဖောက်ယူရာတွင် အိမ်သုံးရန်အတွက် တနိုင်တပိုင် ဖောက်ယူခြင်းများ ရှိသကဲ့သို့ တခါတရံ ရေနံ ပေပါ တ၀က်မှ တပေပါ အထိ ဖောက်ယူတတ်ကြပြီး စီးပွားဖြစ် ဒီဇယ်ဆီ ချက်ယူခြင်း၊ ရေနံစိမ်းလိုက် ပြန်လည်ရောင်းချခြင်းများ ပြုတတ် ကြသည်ဟု ဒေသခံများက ဆိုသည်။

“တထမ်းစာလောက်ကနေ ပေပါလိုက်ယူတာတွေရှိတယ်။ တချို့ဆို ကမ်းနားကပိုက်တွေကို လှေတွေနဲ့လာပြီးဖောက်သယ် ကြတာ။ ရေနံစိမ်းချည်းတိုင်းဆိုရင် ပေပါလိုက်ကို ကျပ် သိန်းနဲ့ချီ ရတတ်ကြတယ်”ဟု မြစ်ခြေဒေသခံ တဦးက ပြောသည်။

၎င်းကဆက်၍ “အရင်တခါ ကမ္မ နားမှာ ဒီလို ပေါက်သေးတယ်။ ဒါပေမယ့် မီးလောင်တာ ဘာညာမဖြစ်ဖူးဘူး။ ဒီလိုပဲ သွား ခပ်ကြတာ။ အခုက ဂက်စ်ပါလို့ မီးလောင်သွားတာထင်တယ်”ဟု ဆိုသည်။

သတင်းပေးပို့ချိန်အထိ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ဒဏ်ရာပြင်းထန်သူများလည်း ရှိနေသည်ဟု သိရသည်။

နောက်ဆုံး အခြေအနေအရ ပခုက္ကူ ဆေးရုံသို့ ရေနံပိုက်လိုင်းပေါက်၍ မီးလောင်သည့် လူနာ ၇၀ ခန့် ရောက်ရှိလာပြီး သေဆုံးသူများလည်း ရှိကြောင်း သတင်းရရှိသည်။

ယခင်က ရေနံခိုးထုတ်သူ၊ ခပ်ယူသူများ၏ ဆေးလိပ်မီးကဲ့သို့ ပေါ့ဆမီးများကြောင့် မီးလောင်မှုများ ဖြစ်ပွားဖူးသော်လည်း ယခုကဲ့သို့ ထိခိုက်မှု အများဆုံးဖြစ်ပွားမှုမျိုး မကြုံဖူးသေးကြောင်း ဒေသခံများကဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အရာတော်ရေနံမြေ၊ မန်းရေနံမြေ၊ ချောက်ရေနံမြေ စသည့်ဒေသများမှ ရေနံပိုက်လိုင်းများကို ဒေသခံများက ဖောက်၍ ရေနံခိုးယူခြင်း၊ ပိုက်လိုင်းပေါက်သည့်နေရာများမှ ရေနံများကို ခပ်ယူခြင်းများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ရေနံခိုးယူခြင်း၊ ရေနံခပ်ယူခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရမည်ဖြစ်ကြောင်း အာဏာပိုင် များက ထုတ်ပြန်ထားသည်။

No comments: