Friday, October 29, 2010

အဲပုဂံကို မစီးရန် သပိတ်မှောက်

သန်းထိုက်ဦး Friday, 29 October 2010

စစ်အစိုး ရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ အဲပုဂံ (Air Bagan) လေကြောင်းလိုင်းကို ခရီးသွားများအနေဖြင့် မစီးကြရန် မြန်မာ့အရေး လှုပ်ရှားနေသော နိုင်ငံခြားသားတချို့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဲပုဂံ ရုံးခွဲရှေ့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။

ချင်းမိုင်မြို့တွင် အဲပုဂံရုံးခွဲ မရှိသင့်ကြောင်း တောင်းဆိုခဲ့ကြပြီး အဲပုဂံ လေကြောင်းလိုင်းအား ကန့်ကွက်သည့် စာရွက်စာတမ်းများကိုလည်း လူစည်ကားရာ ကားဂိတ်နှင့် ဈေးများတွင်လည်း လိုက်လံ ပေးကမ်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားများ၏ ဆန္ဒပြ ကန့်ကွက်မှုစတင်သည်နှင့် အဲပုဂံရုံး တံခါးများကို ချက်ချင်း ပိတ်လိုက်သည်ဟု သွားရောက်ကြည့်ရှုသူတဦးက ပြောသည်။

အဲပုဂံရုံးခွဲသို့ ဧရာဝတီက ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ဆန္ဒပြတာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နေမှာပေါ့။ ကျနော်က ထိုင်းနိုင်ငံသားဆိုတော့ သိပ်တော့ မသိဘူး” ဟု ဖြေကြားသည်။

ယနေ့တွင် အဲပုဂံရုံးခွဲကို ပြန်လည် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

အဲပုဂံ လေကြောင်းလိုင်းသည် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို တပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲနေကြောင်း၊ မြန်မာနိုင်ငံမှ ချင်းမိုင်သို့ လာရောက်သူများထဲတွင် အလည်အပတ် ခရီးထွက်သူများ၊ စီးပွားရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ ရဟန်းသံဃာများ ပါဝင်ကြောင်း သိရသည်။

သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံ လေကြောင်းလိုင်းသည် ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။

အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။

ယခင်ကလည်း ချင်းမိုင်မြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ အဲမန္တလေး (Air Mandalay) စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများ ပြေးဆွဲခဲ့ဖူးသည်။ အဲမန္တလေးက ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့သည်။

No comments: