Friday, October 29, 2010

မန္တလေးမီး လူဦးရေ ၁၂ဝ ကျော် အိုးအိမ်မဲ့

ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးတိုင်း အောင်မြေသာစံမြို့၌ လူဦးရေ ၁၂ဝ ကျော် အိုးအိမ်မဲ့ဖြစ်စေသည့် မီးလောင်မှုတရပ် ယမန်နေ့ ညနေတွင် ဖြစ်ပွားခဲ့သည်။

ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အမဲရိုးတန်းရပ်ကွက်ရှိ နေအိမ်တလုံးမှ စတင်ခဲ့ရာ အိမ်ခြေ ၂၂ လုံး လောင်ကျွမ်းခဲ့ပြီး၊ နယ်မြေခံ မီးသတ်ကားများ ငြှိမ်းသတ်သဖြင့် မိနစ် ၃ဝ ခန့်အကြာ၌ မီးညွန့်ကျိုးခဲ့သည်။

“အိပ်ခန်းထဲမှာ ခြင်ဆေးခွေထွန်းပြီး ကလေးတွေနဲ့ ထားခဲ့တာ။ အဲဒီခြင်ဆေးခွေက စလောင်တာ။ အိမ် ၂၂ လုံး ပါသွားတယ်။ ဆုံးရှုံးမှုတန်ဖိုးတော့ တွက်နေတုန်းပါပဲ” ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ တာဝန်ကျ အရာရှိတဦးက ပြောသည်။

အောင်မြေသာစံမှ ဒေသခံတဦးက “မီးလောင်တဲ့ နေရာက ကျမတို့နဲ့ နီးတယ်။ ဟိုဘက်ရပ်ကွက်ပေါ့။ အိမ် ၂၂ လုံး ပါသွားတယ်။ ရပ်ကွက်ကတော့ လက်လုပ်လက်စားတွေ အများစုနေကြတဲ့ ရပ်ကွက်ပါ” ဟု ပြောသည်။

မီးဘေးသင့် အိမ်ထောင်စု ၃၄ စုကို ၂၂ လမ်းနှင့် ၈၆-၈၇ လမ်းကြားရှိ ရွှေအံတော်ဘုရား ဓမ္မာရုံတွင် ယာယီနေထိုင်ရန် ဒေသအာဏာပိုင်များက ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရန် အောင်မြေသာစံ ရဲစခန်းသို့ မေးမြန်းကြည့်သော်လည်း ဖြေကြားခြင်း မရှိပါ။

၂ဝဝ၈ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့ ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ ရတနာပုံဈေးကြီးတွင် ၁၂ နာရီကြာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၅ဝ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

No comments: