Wednesday, October 27, 2010

ကေအဲန်အက်စ်အို တပ်ဖွဲ့ဝင်တဦး ကရင်နီတပ်မတော်နှင့် လာရောက်ပူးပေါင်း

- အောလို

အပစ်ခတ်ရပ်စဲရေးအဖွဲ့ ဖြစ်သော ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို)မှ တပ်ဖွဲ့ဝင် စောဖေးနဲ ဆိုသူသည် အောက်တိုဘာလ ၃ ရက်နေ့က ကရင်နီတပ်မတော်ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။

ဗိုလ်မှူး ထူးကာရီ ဦးဆောင်သော ကေအဲန်အက်စ်အို အဖွဲ့မှ အသက် ၂၇ နှစ်ရှိ အဆိုပါ တပ်ဖွဲ့ဝင်သည် ဆယ့်ခြောက်တလက်၊ ကျည်ဆံအလုံး ၂၀ ခန့်နှင့်အတူ ယူဆောင်ပြီး မော်ချီးဒေသ၌ လှုပ်ရှားနေသော ကရင်နီတပ်မ တော်တို့နှင့် လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် ဗိုလ်မှူးကြီး တဦးက ပြောသည်။

“ဗိုလ်မှူး ထူးကာရီရဲ့ လက်အောက်ခံတပည့် စောဖေးနဲက မော်ချီး အနီးမှာ လှုပ်ရှားနေတဲ့ ကျနော်တို့ ကရင်နီတပ်မတော်တွေနဲ့ လာရောက်ပူးပေါင်း ခဲ့တာပါ။ သူက ဆယ့်ခြောက်တလက်၊ ကျည်ဆံအလုံး ၂၀ လောက်နဲ့ ယူလာခဲ့တယ်” ဟု ၎င်းက ပြောသည်။

ကရင်နီတပ်မတော်နှင့် လာရောက်ပူးပေါင်းခဲ့သော ကေအဲန်အက်စ်အို တပ်ဖွဲ့ဝင်တဦးသည် ကရင်နီတပ်မတော်တို့နှင့်အတူ အမျိုးသားခုခံ တော်လှန်ရေး အလုပ်ကို ဆက်လုပ်မည်လော၊ အရပ်သားပြည်သူကဲ့သို့ ပြန်လည်နေထိုင်မည်လော ဆိုသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ကေအဲန်အက်စ်အို တပ်ဖွဲ့အတွင်း၌ နေထိုင်ရာတွင် ခက်ခဲမှု အမျိုးမျိုးနှင့် တွေ့ကြုံနေရကြောင်း၊ စိတ်ဓါတ် ကျည်းကျပ်ပြီး ပျော်မွေ့မှု မရှိကြောင်း ကရင်နီတပ်မတော်နှင့် လာရောက်ပူးပေါင်းခဲ့ပြီး အရပ်သားပြည်သူလို ပြန်လည်နေထိုင်သော ကေအဲန်အက်စ်အို တပ်ဖွဲ့ဝင်ဟောင်းတဦးကလည်း ပြောပြခဲ့ဖူးသည်။

ကေအဲန်အက်စ်အိုသည် လူအင်အား သေးငယ်လှသည့် အဖွဲ့ဖြစ်ရာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၏ ထောက်ခံအားပေးမှု မရှိလျှင် ၎င်းတို့ အဖွဲ့ ရပ်တည်နိုင်မှု မရှိကြောင်း ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောက်ရှောက်ရေး ညွန်းပေါင်း အသင်း (တီဘီဘီစီ)မှ ထုတ်ပြန်ထားသော ၂၀၀၉ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအဖွဲ့သည် ကလလတနှင့် စီးပွာရေးအရ ချိနဲမှုကြောင့် မကြာသေးမီက ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေဒေသများ၌ ဘိန်းခင်းများ တိုးချဲ့ စိုက်ပျိုးပြီး အိမ်းနီးနာချင်း ရှမ်းပြည်ရှိ ဘိန်းကုန်ကူးသူများနှင့် အချိတ်အဆက် လုပ်ထားကြောင်း အစီရင်ခံစာက ဆိုသည်။

ဗိုလ်မှူး ထူးကာရီ ဦးစီးသော လူအင်အား ၂၀၀ ကျော် ရှိသော ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို) သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် အပစ်အခတ် ရပ်စဲမှု ပြုလုပ်ခဲ့သည်။

No comments: